မန္တလေးတိုင်းဒေသကြီးလွှတ်တော်အတွက် ပီသုံးလုံးပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည့် အသက် ၃၉ နှစ်အရွယ် ဦးမျိုးမင်းထွန်းသည် လိင်စိတ်ခံယူမှုကွဲပြားသူအဖြစ် တရားဝင်ထုတ်ဖော်ပြောကြားထားသည် 

လိင်စိတ်ခံယူမှုကွဲပြားသူအဖြစ် တရားဝင်ထုတ်ဖော်ပြောကြားထားသည့် ဦးမျိုးမင်းထွန်းကို မန္တလေးမြို့ရှိ ၎င်း၏ နေအိမ်တွင် ယနေ့တွေ့ရစဉ် (ဓာတ်ပုံ - ရန်မိုးနိုင်/Myanmar Now) 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၇,၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထောင်နှင့် ချီသော ထိုကိုယ်စားလှယ်လောင်းများတွင် လိင်စိတ်ခံယူမှုကွဲပြားသူဟု တရားဝင်ထုတ်ဖော်ပြောကြားထားသူ တစ်ဦးရှိသည်။ မန္တလေးမြို့မှ ဦးမျိုးမင်းထွန်းဆိုသူသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ လက်ရှိနှင့် ပြီးခဲ့သည့် လွှတ်တော်အသီးသီးတွင် လိင်စိတ်ခံယူမှုကွဲပြားသူဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမျှ မရှိခဲ့ဖူးပေ။ အလားတူပင် ယခုနှစ်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင်လည်း ဦးမျိုးမင်းထွန်းတစ်ဦးသာ ရှိသည်။ 

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်အတွင်း လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTQI) လူနည်းစုတို့၏ အသံကို ကိုယ်စားပြုမှု မရှိသလောက် နည်းပါးခဲ့သည်။ 

လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင်  ၃၉ နှစ် အရွယ် ဦးမျိုးမင်းထွန်းသည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တွင် တိုင်းလွှတ်တော်အတွက် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။  

“လူဆိုတာက ရေငတ်ဖူးမှ ရေရဲ့တန်ဖိုးကိုသိတာလေ။ LGBT တွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာတွေ၊ ရဲတွေနဲ့ပြဿနာတွေ၊ ဥပဒေကို ကျော်လွန်ပြီးတော့ ဖမ်းဆီးတာတွေ၊ ချုပ်နှောင်တာတွေ လုပ်တာတွေဆိုတာ အဲ့လိုအရေးမျိုးကျတော့ LGBT တွေပဲ သိတယ်။ LGBT တစ်ယောက်ဖြစ်တဲ့အတွက် LGBT တွေကို ကိုယ်ချင်းစာပြီး နားလည်တယ်” ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။ 

ကိုလိုနီခေတ်ကာလကတည်းက ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ (ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု) ကို အသုံးချကာ ရဲဝန်ထမ်းများက လိင်တူစုံမက်သူများကို ဖမ်းဆီးချုပ်နှောင်နှိပ်စက်သည့် ဖြစ်စဉ်များကို ဦးမျိုးမင်းထွန်းက ရည်ရွယ်ခြင်း ဖြစ်သည်။ 

ရွေးကောက်ခံရပါက မဲဆန္ဒရှင်များ၏ လိုအပ်ချက်များကိုသာမက LGBTQI များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအတွက် လွှတ်တော်ထဲတွင် တင်ပြဆွေးနွေးနိုင်ရန် ၎င်းက မျှော်လင့်ထားသည်။ 

မန္တလေးဇာတိ ဦးမျိုးမင်းထွန်းသည် ပန်းအလှဆင်ခြင်းနှင့် မင်္ဂလာအခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။  

ထို့ပြင် လိင်တူစုံမက်သူများအတွက် ကျန်းမာရေးအသိပညာပေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုတွင်လည်း ပညာပေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ခဲ့ဖူးသည်။ 

ထို့နောက် မန္တလေးတောင်ခြေတွင် မုန့်တီဆိုင်ဖွင့်ခဲ့သော်လည်း ဆိုင်ခန်းငှားရမ်းခ ကြီးမြင့်မှုကြောင့် ပိတ်ပစ်လိုက်ကာ ပန်းအလှဆင်ခြင်းနှင့် မင်္ဂလာအခမ်းအနားပြင်ဆင်ခြင်းလုပ်ငန်းကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သည်။

ယခင်ရွေးကောက်ပွဲများတွင် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ်စားလှယ်များ ရွေးချယ်မဲပေးခဲ့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်ကို အားမရသဖြင့် ယခုရွေးကောက်ပွဲတွင် ကိုယ်တိုင်ဝင်ရောက်ရွေးကောက်ခံရန် ဆုံးဖြတ်ခဲ့သည်ဟု ဦးမျိုးမင်းထွန်းက ဆိုသည်။ 

“အရင်တုန်းက လွှတ်တော်တွေမှာ ကိုယ်စားလှယ်တွေကို မဲပေးပြီး လွှတ်တော်ထဲ ထည့်ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုအပ်လို့ အကူအညီတောင်းတဲ့အချိန်မှာ ရှာဖွေလို့ မရဘူးဖြစ်တယ်။ အဲ့ဒီတော့ သူတို့ကို ခိုင်းနေမယ့်အစား သူတို့ကို မခိုင်းတော့ဘူး။ ငါကိုယ်တိုင်ပဲ လွှတ်တော်ထဲ ဝင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဝင်ခဲ့လိုက်တာ” ဟု ရွေးကောက်ပွဲ ဝင်ပြိုင်ရသည့် အကြောင်းအရင်းကို ပြောသည်။ 

သို့သော်လည်း နိုင်ငံရေးအတွေ့အကြုံ မရှိသေးသည့်အတွက် ပြည်ထောင်စုအဆင့်လွှတ်တော်အစား တိုင်းအဆင့်လွှတ်တော်တွင်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည်ဟု ၎င်းက ပြောသည်။

ကျား၊မ မခွဲခြားဘဲ လူငယ်ဦးစားပေးသည့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ မူဝါဒကို သဘောကျသည့်အတွက် ထိုပါတီကိုယ်စားပြု ယှဉ်ပြိုင်ရန် ဦးမျိုးမင်းထွန်းက ဆုံးဖြတ်ခဲ့သည်။

ဒေသခံများ၏ အသံနားထောင်ပြီး လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်သလို LGBT အခွင့်အရေးအတွက်လည်း ဆောင်ရွက်ပေးမည်ဟု ပါတီကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်စဉ်ကတည်းက ဖြည့်သွင်းခဲ့သည်။ ပါတီတာဝန်ရှိသူများက ၎င်းကို ရန်ကုန်တွင် လူတွေ့စစ်ဆေးပြီးနောက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့သည်။

“နိုင်ငံသားမှန်ရမယ်။ ၂၀၀၈ အခြေခံဥပဒေထဲကနေ ကိုယ်စားလှယ်လောင်းဖြစ်သင့်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီဖို့လိုတယ်။ ဘောင်ကန့်သတ်မထားဘူး” ဟု ကိုယ်စားလှယ်လောင်း စီစစ်ရွေးချယ်သည့် မူဝါဒနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။ 

ဦးမျိုးမင်းထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ အမည်စာရင်းတင်သွင်းခြင်း၊ လူတွေ့မေးမြန်းခြင်းများကိုလည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့သည်။

ထိုအဆင့်နှစ်ခုတွင် အဆင်ပြေချောမွေ့ခဲ့သော်လည်း လိင်စိတ်ခံယူမှု ကွဲပြားသူတို့အပေါ် ရာနှုန်းပြည့်လက်ခံမပေးနိုင်သေးသည့် ရှေးရိုးစွဲအယူအဆများလည်း ရှိနေသေးရာ မဲဆွယ်စည်းရုံးရေးကာလတွင် LGBT ကိုယ်စားလှယ်လောင်းတစ်ဦး ကြုံလာရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိသေးသည်။ 

“LGBT တစ်ယောက် လွှတ်တော်ရွေးကောက်ပွဲဝင်ပြီဆိုကတည်းက လူတွေကတော့ ပုတ်ခတ်တာတွေ၊ မကောင်းတဲ့မှတ်ချက်တွေ၊ ရိုင်းစိုင်းတဲ့စကားတွေနဲ့ တိုက်ခိုက်ကြမှာပဲလေ။ ကျွန်တော်တို့ ဝင်ရတယ်ဆိုတာက သာမန်ယောက်ျား၊ မိန်းမ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဝင်ရတာမဟုတ်ဘူး။ LGBT တစ်ယောက်အနေနဲ့ ဝင်ပြိုင်တာမလို့ သူတို့ ဝေဖန်ခံရတာထက် ပိုပြီးဝေဖန်ခံရမှာပဲ” ဟု ဦးမျိုးမင်းထွန်းက ပြောသည်။ 

ခေတ်ကာလပြောင်းလဲလာသည့်အလျောက် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် လူထုလက်ခံမှုမှာ ယခင်ကထက် တိုးတက်လာသော်လည်း ဝေဖန်တိုက်ခိုက်မှုများ ရှိနေသေးသည့်အပြင် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် လက်ခံရန်လည်း စိန်ခေါ်မှုရှိနေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသည့် Equality Myanmar အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်သည်။

“သာမန်မိတ်ဆွေသူငယ်ချင်းတစ်ယောက်အနေနဲ့ လက်ခံကောင်း လက်ခံနိုင်ပေမယ့် ကိုယ့်ရဲ့မြို့နယ်၊ ကိုယ့်ရဲ့အရေးအရာကို ကိုယ်စားပြုပြီး လွှတ်တော်မှာ တာဝန်သုံးရပ်ထမ်းဆောင်မယ့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ဒါမှမဟုတ် အစိုးရထဲမှာ ဦးဆောင်တဲ့သူအဖြစ် လက်ခံဖို့အတွက်ကတော့ နှစ်ဆင့်လောက်ထပ်ပြီး ရှေ့ဆက်တိုးရမယ့် အခြေအနေမျိုး ရှိဦးမှာပဲ” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူများမှာ အခွင့်အရေးအပြည့်အဝ မရရှိသေးသော်လည်း လက်ရှိအစိုးရလက်ထက်တွင် ပိုမိုနေရာပေးလာခြင်းက အကောင်းဘက်ကို ဦးတည်သည်ဟု ဦးမျိုးမင်းထွန်းက သုံးသပ်သည်။

“နေရာတစ်နေရာပေးပြီး တန်းညှိပြီး စကားလက်ခံပြောလာတဲ့အဆင့်ဆိုရင်ကိုပဲ မနည်းဘူးလေ။ LGBT တွေအတွက် နေရာလေးတွေ ရလာပြီပေါ့။ ဒီအစိုးရလက်ထက်မှာ အကုန်လုံးမဟုတ်ရင်တောင် မဆိုးဘူးလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်း လူငယ်အခန်းကဏ္ဍတွင် လိင်စိတ်ခံယူမှုကွဲပြားသူများကို ခွဲခြားဆက်ဆံမှုများကင်းရှင်းရန်ဆိုသည့်အချက်ကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း မူဝါဒများကို နိုင်ငံရေးပါတီများက ထုတ်ဖော်ကြေညာလာပါက ဦးမျိုးမင်းထွန်းကဲ့သို့ လိင်စိတ်ခံယူမှုကွဲပြားကြောင်း ထုတ်ဖော်ပြောကြားပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ပိုမိုထွက်ပေါ်လာနိုင်သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူတစ်ဦးအဖြစ် ဦးမျိုးမင်းထွန်းကဲ့သို့ ထုတ်ဖော်ပြောကြားပြီး ရွေးကောက်ပွဲဝင်လိုက်ခြင်းသည် ယင်းအသိုင်းအဝိုင်းအတွင်းရှိ အခြားသူများအတွက်ပါ တွန်းအားတစ်ရပ်ဖြစ်စေသည်ဟု LGBT အရေးတက်ကြွလှုပ်ရှားသူ ရှင်းသန့်က ဆိုသည်။

“နိုင်ငံရေးပြေးလမ်းပေါ်မှာ ပြေးနေတဲ့အထဲမှာလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောကြားတဲ့ LGBT တွေလည်း ရှိနေတယ်။ သူတို့အတွက် ဒါဟာ စိတ်ဓါတ်ခွန်အားတစ်ရပ်ဖြစ်လာပြီး … သူတို့ကိုယ်သူတို့ LGBT ဖြစ်တယ်ဆိုရင် LGBT အဖြစ် ပွင့်ပွင့်လင်းလင်း ပိုပြီးထုတ်ဖော်ပြောကြားလာနိုင်ပါတယ်” ဟု ကိုယ်တိုင်လည်း အမျိုးသမီးအဖြစ် ပြောင်းလဲပြုမူနေထိုင်သူ (Transwoman) တစ်ဦးဖြစ်သည့် ရှင်းသန့်က ပြောသည်။

ဦးမျိုးမင်းထွန်း ရွေးကောက်ခံရပါက ၎င်းနေထိုင်ရာ မန္တလေးတိုင်းအတွင်း လိင်စိတ်ခံယူမှုကွဲပြားသည့်သူများကို ပစ်မှတ်ထားပြီး လုပ်ပိုင်ခွင့်ဘောင်ကျော်လုပ်ဆောင်နေသည့် ရဲများ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လွှတ်တော်မှတဆင့် ဖြေရှင်းပေးရန် ရှင်းသန့်က မျှော်လင့်ထားသည်။ 

လိင်တူစုံမက်သူများကို အရေးယူနိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ပြင်ဆင်ပယ်ဖျက်ရေးကို တိုင်းလွှတ်တော်အဆင့်တွင် ဆောင်ရွက်နိုင်မည်မဟုတ်သော်လည်း လိင်စိတ်ခံယူမှုကွဲပြားသူလူနည်းစုများ၏ ဆုံးရှုံးမှု၊ နစ်နာမှု၊ ရပိုင်ခွင့်များကို ဆွေးနွေးတင်ပြသွားနိုင်ရန် ရည်ရွယ်ထားကြောင်း ဦးမျိုးမင်းထွန်းက ပြောသည်။ 

LGBT တစ်ဦးအနေဖြင့် လွှတ်တော်တွင်း ရောက်ရှိပါက LGBT အရေးသာမကဘဲ မဲဆန္ဒရှင်များ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊ ဥပဒေပြုခြင်းစသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်များကို ဆောင်ရွက်ရန် လိုသည်ဟု ဦးအောင်မျိုးမင်းက အကြံပြုသည်။ 

“LGBT ဆိုတာ လူမှုအသိုင်းအဝိုင်းထဲက လူတစ်စုသာ ဖြစ်တယ်။ ဒါပေမယ့် သူက LGBT ဖြစ်ပေမယ့် သူကိုယ်စားပြုတာက ရပ်ရွာလူထုနဲ့ မဲဆန္ဒရှင်အားလုံးကို ကိုယ်စားပြုနိုင်တဲ့ကိစ္စမျိုးလည်း ကျွမ်းကျင်နှံ့စပ်ဖို့ အရေးကြီးပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။ 

လိင်စိတ်ခံယူမှုကွဲပြားသူဟု ထုတ်ဖော်ကြေညာထားသည့် ကိုယ်စားလှယ်လောင်းတစ်ယောက်အတွက် နှစ်ထပ်ကွမ်းစိန်ခေါ်မှုများနှင့် တာဝန်များ ရှိနေသော်လည်း ဦးမျိုးမင်းထွန်းက စိတ်ပျက်အားလျော့ခြင်းမရှိ။ 

“ရွေးကောက်ပွဲ စဝင်ပြီဆိုကတည်းက နိုင်ရမယ်ဆိုတဲ့စိတ်ပဲ ရှိတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော်က ဝင်ပြိုင်တာ” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ဖြစ်ပေါ်လာနိုင်သည့် ဝေဖန်ပြစ်တင်မှုများကို စိတ်ဓါတ်ကြံ့ခိုင်မှုဖြင့် တုံ့ပြန်နိုင်မည်ဟု ယုံကြည်ကြောင်း ဦးမျိုးမင်းထွန်းက ဆိုသည်။

“LGBT တစ်ယောက်ဟာ ဦးနှောက်နှစ်မျိုး ပိုင်ဆိုင်ထားတဲ့ လူသားတစ်ယောက်ဖြစ်တယ်။ မိန်းကလေးလိုလည်း စဉ်းစားတတ်တယ်။ ယောက်ျားလေးလိုလည်း ရဲရင့်တိကျပြတ်သားတယ်။ LGBT လွှတ်တော်အမတ် တစ်ယောက်ဟာ ယောက်ျားလေး၊ မိန်းကလေးထက်ပိုပြီးတော့ စွမ်းဆောင်ရည် လုပ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်က ဝင်တာပေါ့” ဟု ၎င်းက ပြောသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading