" လေဆိပ်လုပ်ကြံမှု ထိပ်တန်း သံသယတရားခံတို့၏ သက်သေ လေဆိပ်ရဲမှူးသည် လုပ်ငန်းတာဝန်ကြီးများကြောင့် ခရိုင်တရားရုံးသို့ သွားရန် ပျက်ကွက်လျက်ရှိသည်"
(ရန်ကုန်) - ဦးကိုနီ လုပ်ကြံခံရသည့်နေ့က ရန်ကုန်လေဆိပ်တွင် လူသတ်မှုသံသယတရားခံတို့နှင့် တွေ့ခဲ့ခြင်း ရှိမရှိ သက်သေထွက်ရမည့် လေဆိပ်ရဲမှူးကြီးသည် ယမန်နေ့ တရားခွင်သို့ မလာရောက်နိုင်သဖြင့် ဒီဇင်ဘာလနှောင်းပိုင်းရုံးချိန်းများတွင် လာရောက်သက်သေခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ဆင့်ခေါ်ထားသည်။
လုပ်ကြံမှု ဖြစ်ပွားသည့် ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၎င်းတို့ ညီအစ်ကို နှစ်ဦး လေဆိပ်သို့ ရောက်ရှိနေခြင်းမှာ သားဖြစ်သူ လေယာဉ်မှူး အလုပ် ရရှိရန် ၎င်းအစ်ကို အောင်ဝင်းခိုင်နှင့် သိကျွမ်းသည့် လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းကို လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ယခုနှစ်ဇူလိုင်လတွင် အောင်ဝင်းဇော်ကို စစ်မေးစဉ်က ထွက်ဆိုထားသည်။

ယင်းအတွက် ရဲအရာရှိအား တရားရုံးသို့ လာရောက်သက်သေ ထွက်ဆိုရန် ဆင့်ခေါ်ခံထားရခြင်းဖြစ်သည်။
ရဲမှူးကြီး ဝင်းမင်းသိန်းသည် ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရုံးချိန်းများတွင် အရေးကြီးပုဂ္ဂိုလ်လုံခြုံရေးကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေ၍ ရုံးချိန်းသို့မလာရောက်နိုင်ဟု စာတင်ထားကြောင်း ခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်ကပြောသည်။


လာမည့် ဒီဇင်ဘာ ၂၀၊ ၂၁ ၊ ၂၇ နှင့် ၂၈ ရုံးချိန်းများတွင် ရဲမှူးဝင်းမင်းသိန်းကို ရုံးတော်သို့ လာရောက် သက်သေခံထွက်ဆိုရန် ဆင့်ခေါ်ထားကြောင်း ၄င်းကဆိုသည်။
“ အဲ့ဒီရုံးချိန်းလေးချိန်းမှာ အဆင်ပြေတဲ့ရက်မှာ လာရောက်သက်သေခံပေးဖို့ သမ္ဗာန်စာ ဆက်လက်ထုတ်ဆင့် သွားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ အထူးခုံရုံးကနေပြီးတော့ အမှုမြန်ဆန် ပြီးမြောက်ရေးအတွက် တိုးတက်ဆောင်ရွက်မှုအခြေအနေကို သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။


နိုဝင်ဘာ ၂၉ ရုံးချိန်းတွင်လည်း ရဲအရာရှိသည် ရဲတပ်ဖွဲ့ အားကစား ပြိုင်ပွဲတွင် တာဝန်ယူနေရသည့် အတွက် ရုံးချိန်းသို့ သက်သေထွက်ဆိုရန် မလာနိုင်သေးဟု ရုံးတော်ကို အကြောင်းကြားခဲ့သည်။
ထိုစဉ်က တရားလိုရှေ့နေ ဦးမင်းမင်းဇော်က လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းကို ခရိုင်တရားရုံးသို့ လာရောက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ထားပြီး ပျက်ကွက်သည်မှာ ရုံးချိန်း သုံးချိန်း ရှိနေပြီဖြစ်ကြောင်း နောက်တစ်ပတ်ရုံးချိန်းတွင် လာရောက်ထွက်ဆိုမည်ဟု ယူဆကြောင်း ပြောကြားခဲ့ဖူးသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












