ချင်းပြည်နယ်တစ်ခုလုံးတွင် နိုင်ငံရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၉၃ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၇ ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်
ချင်းပါတီကြီးနှစ်ခုလုံးမှ ပယ်ချခံခဲ့ရသည့်အတွက် ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းတိုင်းရင်းသား ဦးရိုဘင်က ပြောသည်။
ဦးရိုဘင်သည် မိခင်ပါတီဖြစ်သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီ ကိုယ်စားလောင်းအဖြစ် လျှောက်ထားရာတွင် ရွေးချယ်မခံရသဖြင့် ပါတီမှနုတ်ထွက်ပြီး ချင်းတိုင်းရင်းသားများပါတီ (CNP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းရာတွင်လည်း ကန့်ကွက်မှုရှိနေသဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

“CNP ပါတီလည်း ချင်းပါတီပဲဆိုတော့ အဲ့ဒီမှာ ဝင်ပြိုင်မလို့ ဖောင်တွေဘာတွေ ဖြည့်ပြီးသွားပြီ။ ဒါပေမယ့် CNLD က ထွက်ခွင့်ပြုကြောင်း စာမရေးပေးဘူး။ ခွင့်မပြုဘူးပေါ့” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဟားခါးမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မည့် ဦးရိုဘင်က ပြောသည်။
ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသော်လည်း CNLD ပါတီကို ပေးသွင်းထားသည့် ကိုယ်စားလှယ်လောင်းစရိတ် အာမခံကြေး ငွေကျပ်သုံးသိန်း ပြန်မရကြောင်းဆိုသည်။
“အရွေးမခံရလို့ရှိရင် ဒီပိုက်ဆံပြန်ရမလားလို့ ကျွန်တော်မေးပြီးသွားပြီ။ မပေးဘူးတဲ့။ အဲ့ဒီဝင်ပြိုင်မယ့်သူတိုင်းက သုံးသိန်းစီသွင်းရမယ်” ဟု ဦးရိုဘင်က ပြောသည်။
CNP ပါတီကိုယ်စားလှယ်လောင်းအဖြစ် မလျှောက်ထားမီ CNLD မှ နုတ်ထွက်ကြောင်း ရက် ၂၀ ခန့်ကြိုပြီး စာတင်ခဲ့သော်လည်း နုတ်ထွက်ခွင့်ပြုဘဲ ပါတီဝင်အဖြစ် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း CNLD က အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။


ဦးရိုဘင်အပါအဝင် ကိုယ်စားလှယ်လောင်းလေးဦးတင်သွင်းခဲ့ရာတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က အတည်ပြုသော်လည်း CNLD ပါတီ၏ ကန့်ကွက်စာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးရိုဘင်ကို ပယ်ချခဲ့ပြီး ကျန်သုံးဦးကိုသာ ခွင့်ပြုခဲ့သည်ဟု CNP ပါတီဥက္ကဋ္ဌဆလှိုင်းအေးမင်းထွန်းက ပြောသည်။
“CNLD ကနေ ပါတီနုတ်ထွက်ခွင့် မပေးဘူးပေါ့။ နုတ်ထွက်ခွင့်ကို ဦးရိုဘင်က သွားတောင်းတယ်။ သူတို့က ထွက်ခွင့်မပေးဘူး” ဟု CNP ပါတီဒုဥက္ကဋ္ဌဖြစ်သူ လာလ်မောင်ကျုံးက ပြောသည်။
ဦးရိုဘင်ကို ကန့်ကွက်စာရခြင်းမှာ ၎င်းတို့ပါတီမှမထွက်သေးဘဲ အခြားနိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သောကြောင့်ဟု CNLD ပါတီဥက္ကဋ္ဌ ငိုင်ဆာ့ခ်က ပြောသည်။
“လူပုဂ္ဂိုလ်တစ်ဦးက နိုင်ငံရေးပါတီနှစ်ခုကနေ ဝင်ပြိုင်လို့မရဘူးလေ။ အဲ့ဒါက ဥပဒေရှိပြီးသားလေ။ သူက အမှန်မှာဆိုရင် ကျွန်တော်တို့ပါတီကနေ မထွက်ဘူးလေ။ မထွက်တဲ့အခါကျတော့ ဟိုဘက်ပါတီက သွားပြိုင်တဲ့အခါကျတော့ ပြည်သူလူထုက ထင်ယောင်ထင်မှားဖြစ်မှာကိုး။ ဆိုတော့ ဒါကို ကျွန်တော်တို့အနေနဲ့ မသက်သာလို့ လုပ်ရတဲ့သဘောပဲ”ဟု ၎င်းက ပြောသည်။
CNLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ရခိုင်၊ စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် အဓိကယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအပါအဝင် ကိုယ်စားလှယ်လောင်း ၅၇ ဦး ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် CNLD မဟာမိတ်ဖွဲ့ထားသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း CNLD ပါတီက ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားပါတီသုံးခုပေါင်းထားသည့် CNLD ပါတီနှင့် CNP ပါတီကဲ့သို့ ချင်းပါတီကြီးများရှိနေသည့်တိုင် မဲရလာဒ်အတွက် စိုးရိမ်းမှုမရှိကြောင်း တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ဦးရိုဘင်က ပြောသည်။
“ကျွန်တော်က CNLD မှာလည်း ဝင်ပြိုင်ပြီးပြီ၊ ပိုက်ဆံလည်း တော်တော်ကုန်သွားပြီ။ နောက်တစ်ခါ CNP ကနေဝင်ပြိုင်ဖို့ ဘဏ်မှာတစ်ခါ ပိုက်ဆံပြန်သွင်းတယ်။ ပြန်ကုန်တယ်။ မရတဲ့အခါကျတော့ ဒီအတိုင်းကြီး အရှုံးမပေးချင်တော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ပဲလုပ်တော့မယ် ဆိုပြီးတော့မှ ဝင်ပြိုင်တာ” ဟု ၎င်းက ပြောသည်။
ဦးရိုဘင်ဝင်ရောက်ယှဉ်ပြိုင်မည့် ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)နှင့် CNLD ပါတီအပြင် တသီးပုဂ္ဂလနှစ်ဦးလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ချင်းပြည်နယ်တစ်ခုလုံးတွင် နိုင်ငံရေးပါတီ ၁၀ ခုက ကိုယ်စားလှယ်လောင်း ၁၉၃ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁၇ ဦး စုစုပေါင်း ၂၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ပေါင်း ၆၉၆၉ ဦး ပါဝင်အရွေးချယ်ခံမည်ဖြစ်ပြီး ထိုအထဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂၈၀ ဦးပါဝင်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










