ကျောထောက်နောက်ခံနိုင်ငံရေးပါတီမရှိသည့်အတွက် နိုင်ငံပိုင်မီဒီယာ အသုံးပြုမဲဆွယ်ခွင့်လည်း မရရှိနိုင်သည့်အပြင် ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် အကျပ်တွေ့နေကြရသည် 

တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အလုပ်သမား လယ်သမား ကိုယ်စားလှယ် ၁၁ ဦးကို ဇူလိုင် ၆ သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်/ Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ကြတော့မည်ဖြစ်သည်။ ထိုအခြေအနေတွင် တကျော့ပြန် ကိုဗစ်နိုင်တင်း (Covid-19) ရောဂါကူးစက်မှုလည်း အရှိန်မြင့်တက်လျက်ရှိသည်။ ထပ်မံတင်းကျပ်လိုက်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ပိုမိုရုန်းကန်ရမည်ဖြစ်သည်။ 

နိုင်ငံရေးပါတီများသည် ပါတီစည်းရုံးရေးအသွင်ဖြင့် ဇူလိုင်လကတည်းက စတင်လှုပ်ရှားခွင့်ရှိခဲ့သော်လည်း တစ်သီးပုဂ္ဂလများမှာ တရားဝင်မဲဆွယ်စည်းရုံးရေးကာလ စတင်သည့် စက်တင်ဘာလ ၈ မှသာ စတင်လှုပ်ရှားနိုင်ကြမည်ဖြစ်သည်။ 

မဲဆွယ်စည်းရုံးရေး စတင်ချိန်တွင် ကိုဗစ်နိုင်တင်း ဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရသဖြင့် အကျပ်ရိုက်နေသည်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးက ဆိုသည်။ အလုပ်သမားနှင့်လယ်သမားများကို အကျိုးစီးပွားမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် လှိုင်သာယာ (အရှေ့) မြို့နယ်မှ ဝင်ပြိုင်မည့်သူမှာ တရားလွှတ်တော်ရှေ့နေဦးဌေးဖြစ်သည်။ 

“နိုင်ငံရေးပါတီဆိုတာက မဲဆွယ်စည်းရုံးခွင့် မစသေးပေမယ့် ရုံးခန်းတွေရှိတယ်။ အလံတွေရှိတယ်။ တံဆိပ်တွေရှိတယ်။ မူဝါဒတွေရှိတယ်။ ပါတီဝင်တွေရှိတယ်။ သူတို့က ကိုယ်စားလှယ်လောင်းသာ မိတ်မဆက်ရသေးပေမယ့် ပြည်သူတွေက ယဉ်ပါးနေပြီ။ တစ်သီးပုဂ္ဂလကတော့ ပြီးခဲ့တဲ့ ၃၀ ရက်ကမှ စပြီးအတည်ပြုတာ။ ခုမှ စမလို့ရှိတဲ့အချိန်မှာပဲ ကိုဗစ်နိုင်တင်းနဲ့ ရင်ဆိုင်တော့ ဘယ်လိုမှ လှုပ်လို့မရဘူး” ဟု ဦးဌေးက ပြောသည်။ 

တရားလွှတ်တော်ရှေ့နေ ဦးဌေးနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဒေါ်စုစုနွေးအပါအဝင် အလုပ်သမားနှင့် လယ်သမားကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးရှိနေသည်။ 

ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်း၊ အလုပ်သမားအဖွဲ့ဝင်များကို အင်တာနက်မှတဆင့် ကွန်ရက်ချိတ်ဆက်ပြီး မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်သွားမည်ဟု ဦးဌေးက ဆိုသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောခြင်းကို စက်တင်ဘာ ၈ ရက်တွင် စတင်လုပ်ဆောင်ခွင့်ရမည်ဖြစ်ပြီး ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးများဆောင်ရွက်ရာတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးစံလုပ်ငန်းလမ်းညွှန်နှင့်အညီ နေရာအကျယ်အဝန်း၊ အနေအထားပေါ်မူတည်ပြီး လူ ၅၀ ဦးထက် ပိုမစုဝေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်မှု စတင်ဖြစ်ပွားချိန် မတ် ၂၃ မှ စက်တင်ဘာ ၇ နံနက်ပိုင်းအထိ ပိုးတွေ့ အတည်ပြုလူနာ ၁,၃၆၄ ဦးရှိပြီး သေဆုံးသူ ရှစ်ဦးရှိသည်။ 

ရွေးကောက်ပွဲ မဲဆွယ်စုဝေးဟောပြောခြင်းအတွက် စုရုံးရာတွင် လူတစ်ဦးနှင့်တစ်ဦး ရှေ့၊နောက်၊ဝဲ၊ ယာ အနည်းဆုံး ၆ ပေစီ ကွာလျက် နေရာချထားစီမံနိုင်ရန်၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် ပြုလုပ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာရမည်ဟု ဝန်ကြီးဌာနက ဆိုသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်သို့ စက်တင်ဘာ ၈ ရက်တွင် တရားဝင်မဲဆွယ်စည်းရုံးရေး စတင်သွားရောက်ရန် မူလက စီစဉ်ထားခဲ့သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်မပြုသဖြင့် ခရီးစဉ်ပယ်ဖျက်ခဲ့ရသည်။ 

ကိုဗစ်ကာလစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရမည်ဖြစ်သည့်အတွက် လူအများရင်းနှီးပြီးသား နိုင်ငံရေးပါတီကိုယ်စားပြုထားသူများ မဟုတ်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအတွက် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရန် အကျပ်ရိုက်နေသည်။ 

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆,၉၆၉ ဦးအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ပါဝင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် ဒေသခံများသိရှိကျွမ်းဝင်အောင် ကွင်းဆင်းစည်းရုံးနိုင်မှုတွင် အားနည်းနေလိမ့်မည်ဟု လွှတ်တော်ရေးရာ၊ ဥပဒေရေးရာတို့နှင့် ပတ်သက်ပြီး သုတေသနပြုနေသော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် အာနန္ဒာအဖွဲ့ တည်ထောင်သူ ကိုထင်ကျော်အေးက ဆိုသည်။ 

“တစ်သီးပုဂ္ဂလတွေရဲ့ အဓိကအားက အဲ့ဒီနေရာမှာရှိတဲ့ ဒေသခံတွေရဲ့အား။ ဒါကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ လုပ်လို့ရတယ်ဆိုပေမဲ့ ကိုယ်စားလှယ်လောင်းကို သိအောင်လုပ်လို့ရမယ့်နည်းလမ်းတွေက လုပ်လို့မရတာကြောင့် အဲ့ဒီမှာအားနည်းချက်ရှိနေနိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့စဉ်က မဲဆွယ်စည်းရုံးရေးအတွက် လူထုစုဝေးဟောပြောခြင်း၊ နိုင်ငံရေးစကားဝိုင်းများပြုလုပ်ခြင်း စသည့် နည်းလမ်းများ အသုံးပြုခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း နည်းလမ်းကိုသာ အသုံးပြုနိုင်ဖွယ်ရှိသည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းသည် လာမည့်ရွေးကောက်ပွဲတွင်  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၉) မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

“တစ်အိမ်တက်ဆင်း စည်းရုံးတာက ကန့်သတ်ထားတဲ့လူဦးရေနဲ့ အကောင်းဆုံးဖြစ်လိမ့်မယ်။ သို့သော်လည်း မဲဆန္ဒနယ်မြေ ကျယ်တဲ့နေရာတွေမှာဆိုရင် ရွာတွေက ၂၀၀ လောက်ရှိတယ်။ တစ်အိမ်တက်ဆင်း မဲဆွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။ 

ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်တက်နေချိန်တွင် အိမ်တိုင်ရာရောက်မဲဆွယ်စည်းရုံးသည့် နည်းလမ်းသည်လည်း အချို့ကျေးရွားများ၌ အကန့်အသတ်များ ကြုံရဖွယ်ရှိနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်လွင်က ဆိုသည်။ 

“အစိုးရက လော့ဒေါင်း( Lockdown) ချတာထက် ပိုပြီးတင်းကျပ်တဲ့ ကျေးရွာတွေမှာက ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်ရွာနဲ့ကိုယ်ဆိုတာမျိုး ရွာကို ပိတ်ထားကြတယ်။ အဲ့ဒီလိုကျတော့ တစ်အိမ်တက်ဆင်း သွားဖို့ကျတော့ တော်တော်လေး အခက်အခဲရှိတယ်။ ဒါကြောင့် မဲဆွယ်စည်းရုံးရေး လုပ်လို့ရဖို့တောင် မသေချာဘူး” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာအတွက် မဲဆွယ်စည်းရုံးစဉ်က မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ကာ ဟောပြောသည့်နည်းလမ်း၊ လူထုစုဝေး ဟောပြောသည့်နည်းလမ်းတို့ကို အသုံးပြုခဲ့သော်လည်း လက်ရှိကာလတွင် စာရွက်စာတမ်းဝေငှသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ခြေ ရှိသည်ဟု ဦးကျော်လွင်က ပြောသည်။ 

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) တွင် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ ပါဝင်သော်လည်း ရခိုင်ပြည်နယ်တွင် ချမှတ်ထားသည့် သွားလာမှုကန့်သတ်ချက်စည်းမျဉ်းများအရ မာန်အောင်မြို့သို့ စည်းရုံးရေးသွားနိုင်ရေးမှာ မသေချာသည့်အခြေအနေဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဖက်အဖွဲ့အစည်း PACE အဖွဲ့က ထုတ်ဝေသည့် “၂၀၁၅ ရွေးကောက်ပွဲအပြီးသတ်အစီရင်ခံစာ” အရ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရွက်စာတမ်းများ ဝေငှခြင်း၊ လူထုဟောပြောခြင်းတို့ကို အများဆုံးလုပ်ဆောင်ခဲ့ကြပြီး အိမ်တိုင်ရာရောက်မဲဆွယ်ခြင်းနှင့် စီတန်းလှည့်လည်သည့်နည်းကို ဒုတိယအများဆုံး အသုံးပြုခဲ့ကြသည်။ 

အင်တာနက်မှတဆင့် မဲဆွယ်စည်းရုံးမှုပြုလုပ်ခြင်းမှာ အနည်းဆုံးဖြစ်သည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။ သို့သော် ယခု ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလတွင်မူ ကိုဗစ်နိုင်တင်းကြောင့် အင်တာနက်မှတစ်ဆင့် မဲဆွယ်စည်းရုံးမှု မလွဲမသွေ မြင့်တက်လာမည် ဖြစ်သည်။ 

ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်းမြင့်မားနေသည့် တိုင်းနှင့်ပြည်နယ်များတွင် အိမ်တိုင်ရာရောက်မဲဆွယ်ရေး နည်းလမ်းအစား အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်နိုင်မည့်နည်းလမ်းကို အသုံးပြုနိုင်သော်လည်း ယင်းနည်းလမ်းမှာ ရခိုင်ပြည်နယ်အတွက် အလုပ်ဖြစ်မည် မဟုတ်ပေ။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝတွင် အစိုးရက အင်တာနက်အသုံးပြုမှုကို တစ်နှစ်နီးပါး ဖြတ်တောက်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း အင်တာနက်မြန်နှုန်းနှေးသည် 2G ကွန်ရက်ကိုသာ ရရှိနိုင်သည်။ 

2G မိုဘိုင်းဆက်သွယ်ရေးစနစ်အရ Facebook နှင့် အခြားလူမှုကွန်ရက် ပလက်ဖောင်းများပေါ်၌ ဓာတ်ပုံပေးပို့ခြင်း၊ ရုပ်သံကြည့်ရှုခြင်းများ ပြုလုပ်မရပေ။ 

အဆိုပါ 2G ကွန်ရက်သည် အများပြည်သူဝန်ဆောင်မှုများ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကဲ့သို့ ဝန်ဆောင်မှုများအား လူထုထံရောက်ရှိရန် နည်းပညာစွမ်းဆောင်မှု အားနည်းသည့်အတွက် မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ပေါ်ထွက်လာရေးထိခိုက်နိုင်သည်ဟု မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်အဖွဲ့က စက်တင်ဘာ ၁ တွင် ထုတ်ပြန်ထားသည်။ 

“အင်တာနက်ကတော့ ရခိုင်အတွက် လုံးဝအဆင်မပြေဘူး။ ရခိုင်မှာ အင်တာနက် ပိတ်ထားတာလေ။ ရွေးကောက်ပွဲ လုပ်ချင်တယ်ဆိုရင် ရခိုင်မှာ အင်တာနက်ကို လူတိုင်းစေ့သုံးနိုင်အောင် လုပ်ပေးသင့်တယ်” ဟု စစ်တွေမဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးနိုင်စိုးက ပြောသည်။ 

ရွေးကောက်ပွဲဥပဒေများအရ နိုင်ငံရေးပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအတွက် အခွင့်အရေးနှင့် တာဝန်များမှာ တူညီသော်လည်း နိုင်ငံရေးပါတီများမှာ အားသာချက် နောက်တစ်ခုရှိနေပြန်သည်။ 

ယင်းမှာ နိုင်ငံရေးပါတီများသည် နိုင်ငံပိုင်မီဒီယာများ အသုံးပြု၍ စည်းရုံးဟောပြောခွင့်ရရှိသော်လည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်များမှာ ယင်းအခွင့်အရေး မရရှိပေ။

"နိုင်ငံပိုင်မီဒီယာတွေကနေ ဟောပြောချက်ကတော့ သူတို့(တစ်သီးပုဂ္ဂလ) မရဘူး။ ပါတီတွေပဲ ရတယ်။ ဒါတွေလည်း နောက်တော့ ထည့်စဉ်းစားရမှာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နေပြည်တော်တွင် စက်တင်ဘာ ၂ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လှည့်လည်မဲဆွယ်စည်းရုံးခွင့် အကန့်အသတ်များရှိနေချိန်တွင် နိုင်ငံပိုင်မီဒီယာ အသုံးပြုပြီး မဲဆွယ်ခွင့်ရရှိရန် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များက လိုလားနေကြသည်။ 

“ဒီလိုကာလမျိုးမှာ နိုင်ငံပိုင်မီဒီယာကနေ မဲဆွယ်ခွင့်ရရင်တော့ ပိုအားရှိတာပေါ့။ အဲ့ဒီလို နိုင်ငံတော်ကနေ ပြောခွင့်ရမယ်ဆိုရင် အတိုင်းထက်အလွန် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်စိုးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသော်လည်း ရွေးကောက်ပွဲတွင် တန်းတူယှဉ်ပြိုင်နိုင်သည့်အခွင့်အရေး အကာအကွယ်ပေးရန်လိုအပ်သည့်အတွက် ရွေးကောက်ပွဲဥပဒေများတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး သီးခြားပြဋ္ဌာန်းပေးရန် လိုသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက အကြံပြုသည်။ 

“နိုင်ငံရေးပါတီတွေမှာက ပါတီဝင်တွေနဲ့တွေ့ဆုံခွင့်၊ ဒေသခံတွေနဲ့ ထိတွေ့ခွင့်ပေးသလို တစ်သီးပုဂ္ဂလတွေကလည်း လျှောက်လွှာတင်တဲ့အချိန်ကစပြီး မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံခွင့်၊ ဒေသတွေဆင်းခွင့်တွေကို တရားဝင်ပေးမယ်ဆိုရင် လှုပ်ရှားတဲ့အခါ ကြိုတင်ပြီးတော့ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ဖို့ရတာပေါ့။ မဲဆွယ်တဲ့ကာလမှတွေ့ရင် အခက်အခဲတွေ တွေ့တာပေါ့” ဟု ဦးဌေးက ပြောသည်။

ထိုသို့သော အခက်အခဲများရှိနေသော်လည်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် နောက်မဆုတ်ဘဲ ဆက်လက်ယှဉ်ပြိုင်သွားရန် စိတ်အားထက်သန်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ခြောက်ဦး အနိုင်ရရှိခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်၍ ငါးဦးအနိုင်ရရှိခဲ့သည်။  

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading