သတင်း

မုဒိမ်းမှုတရားခံပြေးတစ်ဖြစ်လဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း လာရောက်အဖမ်းခံ

မုဒိမ်းမှုတရားခံပြေးဘဝမှသည် တခြားမြို့နယ်တစ်ခု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သူတစ်ဦးသည် ၎င်း၏ တရားခံပြေးဘဝအကြောင်း သတင်းပေါက်ကြားသွားပြီးနောက် ပြန်လည်တိမ်းရှောင်နေခဲ့ရာမှ မကြာသေးမီက ရဲစခန်းတွင် လာရောက်အဖမ်းခဲ့သဖြင့် ၎င်းကို ယနေ့တွင် တရားရုံး၌ရုံးထုတ်ခဲ့သည်ဟု ၎င်းကိုဖမ်းဝရမ်းထုတ် ထားသည့် ရဲစခန်းက အတည်ပြုသည်။

လွန်ခဲ့သည့် ခုနစ်နှစ်က ညဘက်အိမ်မှတစ်ယောက်တည်းထွက်လာသည့် အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးကို ကားတင်ပြေးကာ တည်းခိုခန်းတစ်ခုသို့ ခေါ်ကာ မုဒိမ်းပြုကျင့်ခဲ့သည့် မှုခင်းတစ်ခု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်တွင် အဓိကပါဝင်ခဲ့သည့် ရန်နိုင်စိုး (ခေါ်) ကရင်ဆိုသူကို သင်္ဃန်းကျွန်းရဲစခန်းက အလိုရှိနေခဲ့ရာမှ ၎င်းသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၄၀ ရပ်ကွက်၌ ပြီးခဲ့သည့်နှစ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

အုပ်ချုပ်ရေးမှူးဖြစ်လာပြီး မကြာမီ ၎င်း၏နောက်ကြောင်းရာဇဝင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာရာ ၎င်းသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ပြီးခဲ့သည့်လကုန်ပိုင်းက သင်္ဃန်းကျွန်းရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ ၎င်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၌ ယနေ့ရုံးထုတ်ခဲ့သည်။

“သတင်းတွေ ထွက်လာပြီးနောက်ပိုင်း သူလည်း တိမ်းရှောင်သွားတယ်။ ပြီးခဲ့တဲ့ (နိုဝင်ဘာ) လ အကုန်ပိုင်းမှာ သူ စခန်းမှာ လာအဖမ်းခံတယ်။ သူလာအဖမ်းခံတာကို ဘယ်သူမှ မသိလိုက်လို့ဖြစ်မှာပါ။ သူ့ကို ဒီနေ့ရုံးထုတ်တာ ဟုတ်ပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးက Myanmar Now ကိုပြောသည်။

မုဒိမ်းမှုတရားခံပြေး ကြေညာခံထားရသည့်ကြားမှ ရန်နိုင်စိုး (ခေါ်) ကရင်သည် တောင်ဒဂုံ၊ ၁၄၀ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာပုံ အကြောင်းကို Myanmar Now က ပြီးခဲ့သည့် ဇွန်လပိုင်းက ဆောင်းပါး ရေးသားခဲ့ပြီး ထိုဆောင်းပါး ရေးသားနိုင်အောင် လိုက်ပါကူညီပေးခဲ့သည့် ထိုရပ်ကွက်နေ ကိုဇော်ဇော်အောင်၏ ညီသည် ကရင်၏ နောက်လိုက် တပည့်များ၏လက်ချက်ဖြင့် သေဆုံးခဲ့သည်။

ကိုဇော်ဇော်အောင်သည် ယနေ့အထိ လူမှုကွန်ရက်မှရော ဖုန်းဖြင့်ပါ ခြိမ်းခြောက်ရန်ရှာခံနေရဆဲ ဖြစ်သည်။

ကိုဇော်ဇော်အောင်၏ ညီအသတ်ခံရမှုတွင် ပါဝင်ခဲ့သူ ခုနစ်ယောက်နှင့်အတူ ရန်နိုင်စိုး (ခေါ်) ကရင်ကိုပါ တစ်ပါတည်း ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ရုံးထုတ် တရားခွင်တွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးက Myanmar Now ကိုပြောသည်။

ရန်နိုင်စိုး (ခေါ်) ကရင်ကို သင်္ဃန်းကျွန်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု)/၃၇၆ (မုဒိမ်းမှု)/၁၁၄ (အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါပုဒ်မများအရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် တစ်သက် သို့မဟုတ် ၁၀ နှစ်အထိ ချ၍ရသည်ဟု ရာဇသတ်ကြီးတွင် ဆိုထားသည်။

ဆက်စပ်ဖတ်ရှုရန်

မုဒိမ်းမှုဖြင့် ရဲအလိုရှိနေသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာခြင်း

Show More

Related Articles

Back to top button