ကယားဝန်ကြီးချုပ်က နိုင်ငံတော်ငွေဖြင့် ဦးဝင်းထိန်သမီး မင်္ဂလာဆောင်လက်ဖွဲ့ခဲ့

ကိုယ်ရေးကိုယ်တာအတွက် ငွေကျပ် ၃၇၇ သိန်းကျော်နှင့် ပါတီအရေးကိစ္စအတွက် ငွေကျပ် ၁၃ သိန်းကျော် သုံးစွဲခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်

Published on Sep 4, 2020
Published on Sep 4, 2020
ဝန်ကြီးချုပ်အဖြစ်မှ ရပ်ဆိုင်းမခံရခင် နာရီပိုင်းအလိုတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ရသော ဦးအယ်ဖောင်းရှို။  (ဓာတ်ပုံ-ကေဇွန်နွေး/Myanmar Now) 
ဝန်ကြီးချုပ်အဖြစ်မှ ရပ်ဆိုင်းမခံရခင် နာရီပိုင်းအလိုတွင် ကယားပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းတွင် တွေ့ရသော ဦးအယ်ဖောင်းရှို။  (ဓာတ်ပုံ-ကေဇွန်နွေး/Myanmar Now) 

ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပြစ်တင်ရှုတ်ချခံရပြီးနောက် စက်တင်ဘာ ၃ ရက်တွင် ရာထူးမှ ရပ်စဲခံလိုက်ရသည့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် နိုင်ငံတော်ဘဏ္ဍာသုံးပြီး ဦးဝင်းထိန်၏သမီး မင်္ဂလာဆောင်လက်ဖွဲ့ငွေအပါအဝင် အခြားကိုယ်ရေးကိုယ်တာနှင့် ပါတီကိစ္စရပ်များအတွက် သိန်း ၄၀၀ နီးပါး သုံးစွဲခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာက ဆိုသည်။

အဆိုပါသုံးစွဲငွေများတွင် ၂၀၁၆ အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏သမီး မင်္ဂလာဆောင်အတွက် ငွေကျပ်နှစ်သိန်း၊ NLD ပါတီပုံမှန်အစည်းအဝေးတစ်ခုအတွက် သုံးစွဲငွေ ကျပ် ၁၀ သိန်း၊ ဦးထွန်းကျော်ဆိုသူ၏သား မင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေ ငါးသောင်းအပါအဝင် အခြားကိုယ်ရေးကိုယ်တာနှင့် ပါတီလုပ်ငန်းများအတွက် ပြည်နယ်ရန်ပုံငွေမှ သုံးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့အပြင် ကယားပြည်နယ်ဝန်ကြီးချုပ်က သုံးစွဲမှုများတွင် ၂၀၁၆ အတွင်းက ဦးဝင်းထိန်နှင့်အဖွဲ့အား ဧည့်ခံခြင်းနှင့် လက်ဆောင်ပေးခြင်းတို့အတွက် ၃၃၅,၀၀၀၊ နာရေးကူညီငွေနှင့် ထောက်ပံ့စရိတ် ၃၂ သိန်းခန့်၊ သီတင်းကျွတ်လ ဝန်ထမ်းများအတွက် မုန့်ဖိုးနှင့် အထွေထွေဧည့်ခံကျွေးမွေးစရိတ် ၂၇ သိန်းကျော်လည်း ပါဝင်နေသည်။ 

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားငှားရမ်းခများကို ဝန်ကြီးချုပ်၏ ကိုယ်ကျိုးစီးပွားနှင့် ပါတီကိစ္စအတွက် သုံးစွဲမှု၊ နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပေးရေးအဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို စာချုပ်ဖြင့် ငှားရမ်းထားသည့်အပေါ် အရေးယူပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ငါးဦးက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်းဖြစ်သည်။ 

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ကာ စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများစတင်ခဲ့သည်။ ၁၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့သည်။

ကယားပြည်နယ်လွှတ်တော်သို့ ၂၀၁၈ ဇွန် ၄ ရက်စွဲဖြင့် ပြည်နယ်စာရင်းစစ်ချုပ်က တင်ပြခဲ့သည့် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၏ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းခများရရှိမှု၊ ပြင်ဆင်စရိတ်များသုံးစွဲမှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာပါ အချက်အလက်များကိုလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုးကားပြီး လွှတ်တော်ထံ တင်သွင်းခဲ့သည်။ 

၂၀၁၆ ဧပြီမှ ၂၀၁၈ မေလဆန်းပိုင်းအထိ နှစ်နှစ်ကျော်ကာလအတွင်း စက်ငှားရမ်းခနှင့် အခြားရငွေ ၅,၆၇၃ သိန်းကျော် ရရှိရာ သုံးစွဲငွေ ၄,၈၅၁ သိန်းကျော် ရှိသည့်အနက် ၃၇၇ သိန်းကျော်ကို ကိုယ်ရေးကိုယ်တာအတွက်လည်းကောင်း၊ ၁၃ သိန်းကျော်ကို ပါတီအရေးကိစ္စအတွက်လည်းကောင်း သုံးစွဲခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားပြီး ဆိုသည်။

ပြည်နယ်ရန်ပုံငွေမှ ပါတီကိစ္စနှင့် ကိုယ်ရေးကိုယ်တာ အသုံးစရိတ်များအတွက် သုံးစွဲထားသည်ဟူသည်မှာ မမှန်ကန်ကြောင်း ဦးအယ်လ်ဖောင်းရှိုက Myanmar Now ကို ပြောသည်။ 

“လုံးဝ သုံးစွဲထားခြင်းမရှိပါဘူး။ သုံးစွဲပိုင်ခွင့်လည်း မရှိပါဘူး။ မှတ်တမ်းအထောက်အထားတွေလည်း ရှိပြီးသားပါ။ ဘာအတွက် ဘာအတွက် သုံးတယ်ဆိုတာ။ အဲ့ဒါကြောင့် လိပ်ပြာသန့်တယ်။ ဖြူဖြူစင်စင်နဲ့ မှန်မှန်ကန်ကန် ရပ်တည်ပြီးမှ ဘယ်ကိစ္စမဆို ဖြေရှင်းနိုင်တယ်” ဟု ၎င်းက ပြောသည်။ 

ဦးဝင်းထိန်သမီးတစ်ဦး မင်္ဂလာဆောင်အတွက် လက်ဖွဲ့ငွေနှင့် ပတ်သက်၍ မင်္ဂလာဆောင်သည့်အချိန်တွင် ၎င်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်နေပြီး ပြည်နယ်ဘက်ဂျက်ဖြင့် မင်္ဂလာလက်ဖွဲ့ထားကြောင်း ပေါ်ပေါက်နေသော်လည်း ဦးအယ်ဖောင်းရှိုက မဆိုင်သည့်ကိစ္စ မမေးရန် တုံ့ပြန်သည်။ 

“ဒီအချိန်မှာ ကိုယ်နဲ့မဆိုင်တာကိုတော့ မမေးပါနဲ့။ ကျွန်တော် ဘယ်သိမှာတုန်း၊ ကျွန်တော် ကယားပြည်နယ်မှာ တာဝန်ယူနေတာလေ ... ကိစ္စလာမေးနေတာ ကျွန်တော်ဘယ်သိမှာလဲ။ အဲဒါကို ကျွန်တော်ဘယ်လို ပြောလို့ရမှာတုန်း။ အဲ့အပေါ်မှာကော ကိုယ်ကိုယ်တိုင်မြင်လို့လား။ ညီမကိုယ်တိုင်မြင်လား။ ကိုယ်မမြင်မသိဘဲနဲ့ အပြင်အကြားလေးနဲ့ ရမ်းသမ်းပြောနေရင်တော့ ဘယ်လိုလုပ် အမှန်တရားက ထွက်လာမှာလဲ” ဟု ၎င်းက ဆိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်၏ မင်္ဂလာဆောင်လက်ဖွဲ့ငွေ အသုံးစရိတ်နှင့် ပတ်သက်၍ NLD ၏ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က “သုံးလို့မရဘူး” ဟုသာ ဆိုသည်။ 

“ဘတ်ဂျက်က အဲ့လိုရေးချင်သလို ရေးလို့မရဘူး။ ထုတ်ချင်သလို ထုတ်လို့မရဘူး။ ကျွန်တော်ပြောတယ်၊ နိုင်ငံတော်ဘတ်ဂျတ်က သုံးလို့မရဘူး။ ဘယ်လိုလုပ်သုံးမှာတုန်း။ ကျွန်တော်တို့ပြောတယ် ကျွန်တော် သုံးထားတယ် ဘာတယ် မပြောဘူး။ နိုင်ငံတော်ဘတ်ဂျက်ဆိုတာ အဲ့လိုသုံးချင်တာ သုံးလို့မရဘူးလေ။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ သုံးလို့မရဘူး” ဟု ဦးဇော်မြင့်မောင်က ပြောသည်။ 

NLD ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ ဝန်ကြီးချုပ်အနေဖြင့် ယင်းအသုံးစရိတ်ကို ပြည်နယ်ရန်ပုံငွေမှ သုံးစွဲခွင့်ရှိမရှိ မှတ်ချက်မပေးလိုဘဲ ဝန်ကြီးချုပ်တစ်ဦး၏ သုံးပိုင်ခွင့်ထဲမှ ယူသုံးသည်ဟု မြင်ကြောင်း ဆိုသည်။ 

“၁၀ သိန်း သုံးတယ်ဆိုတဲ့နေရာမှာ (NLD ပါတီအစည်းအဝေးအတွက်) ရိုးရိုးသားသားနဲ့ စာရင်းတင်ထားတာပေါ့။ ကျွန်တော်ကတော့ အဲ့လိုပဲ မြင်ပါတယ်။ ပါတီအတွက်ပဲဖြစ်ဖြစ် အခြားလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် အကောင်အထည်ပြပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ ပြပြီးတော့ စာရင်းပြတာတော့ သူထိမ်ချန်မထားဘူး။ သူ မဟုတ်တာမလုပ်ဘူးလို့ ကျွန်တော်က ရိုးရိုးသားသား မြင်ပါတယ်။ သုံးခွင့်ရှိတယ် မရှိဘူးဆိုတာထက်ပေါ့လေ” ဟု မုံရွာအောင်ရှင်က ပြောသည်။

စွပ်စွဲပြစ်တင်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ 

စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ရခြင်းမှာ စွပ်စွဲပြစ်တင်သည့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးကိုယ်တိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြန်လည်ပါဝင်နေခြင်းကြောင့်ဟု ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။ 

“ကျွန်တော့်ဘက်ကတော့ အစစ်ခံဖို့အသင့် နည်းမှန်လမ်းမှန်စစ်မယ် စုံစမ်းစစ်ဆေးရေး တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်မယ်ဆိုရင်တော့ အစစ်ခံဖို့အသင့်ပါ” ၎င်းက ပြောသည်။ 

သို့သော် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တိုင်းရင်းသားပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် မျှမျှတတဖွဲ့စည်းပေးခဲ့ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။ 

“တိုင်တဲ့လူ ထည့်တဲ့အခါကျတော့ တိုင်တဲ့လူက ပိုသိတာပဲလေ။ ရှင်းရှင်းလင်းလင်းပြောမယ်ဆိုရင် သူမလုပ်ခဲ့ဘူးလား။ သူမလုပ်ခဲ့ဘူးဆိုရင် သူငြင်းလေ။ အခု ကျွန်တော်တို့က ဖွဲ့လိုက်တဲ့အဖွဲ့က လေးကြိမ်တိတိ ခေါ်တာတောင်မှ သူမလာဘူးလေ။ အဲဒါကတော့ ထူးခြားချက်ပေါ့။ အခုဟာက လုပ်လဲလုပ်ခဲ့သေးတယ် သူများကို အပြစ်ရှာတဲ့ပုံစံကျတော့ ဒါမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်သည် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မခံရသည့်အတွက် အလားတူ ရွေးချယ်မခံရသော ပါတီဝင်များ၊ ပါတီဝင်မဟုတ်သော အခြားအစုအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပါတီ၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်အောင် အချိန်ကိုက်လုပ်ဆောင်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စွပ်စွဲသည်။ 

“လွှတ်တော်ဥက္ကဋ္ဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ NLD က ထုတ်ပြန်ကြေညာခဲ့သည်။ 

ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုကိစ္စရပ်များသည် လတ်တလောဖြစ်စဉ်မဟုတ်ဘဲ ပြီးပြတ်ခဲ့ပြီးသားဖြစ်ကာ လွှတ်တော်၌ စွပ်စွဲပြစ်တင်ခြင်း နောက်ကွယ်တွင် နိုင်ငံရေးအကြောင်းအရာများ ရှိနိုင်သည်ဟု စက်တင်ဘာ ၄ ညနေပိုင်းတွင် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

“ဒါတွေက ပြောရရင်တော့ ကြာခဲ့ပြီ။ အဲဒီပြဿနာတွေ ဖြစ်ခဲ့လို့လည်း သူ့သက်ဆိုင်တဲ့ လွှတ်တော်မှာလည်း ရှင်းလင်းထားပြီးပြီလို့...ဥပမာ လုပ်ထုံးလုပ်နည်းနဲ့ မညီပေါ့ သူ့ဘာသာသူမှားယွင်းပြီး ဆောင်ရွက်တဲ့ကိစ္စတွေကို ပြန်ပြီး တည့်မတ်ပြီးတော့ လွှတ်တော်ကိုပြန်ပြီးတော့ အစီရင်ခံစာတင်ပြထားတယ်လို့ သိရတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

သမ္မတရုံးသို့ တင်ပြခဲ့သည့်အတွက်လည်း လုပ်ထုံးလုပ်နည်းအရ မှန်မှန်ကန်ကန်ဖြစ်စေရန် ပြောဆိုကြပ်မတ်ထားကြောင်း၊ ကာယကံရှင်ကိုယ်တိုင်သည်လည်း ပြန်လည် “တည့်မတ်” ထားသည့်ကိစ္စ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒါတွေက ရှင်းရှင်းလင်းပြောရရင် နိုင်ငံရေးအရ ဒီလို ပါဝင်ပတ်သက်မှုတွေတော့ ရှိကောင်းရှိနိုင်တယ်။ သို့သော် ဒါတွေကလည်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ နောက်တစ်ချက်က သက်ဆိုင်တဲ့ ပြည်နယ်ရဲ့ အစိုးရနဲ့လွှတ်တော် ဒီကြားမှာ ဆက်ဆံရေးအခြေအနေပေါ်မှာလည်း မူတည်တယ်လို့ ကျွန်တော်တို့ထင်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ရာထူးမှရပ်စဲမခံရခင် ဖြစ်စဉ်များကို သမ္မတရုံးထံ တင်ပြခဲ့ပြီး လွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။

သမ္မတဦးဝင်းမြင့်အနေဖြင့် ခုံရုံးသို့ တင်ပြထားခြင်း​ ရှိမရှိ ဦးဇော်ဌေးက အတည်မပြုဘဲ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုသာ  ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၅ အရ သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် “တိုက်ရိုက်” တင်သွင်းခွင့် ရှိသည်။

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်သူ့ သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၁၀ ရာခိုင်နှုန်းရှိသော ကိုယ်စားလှယ်များမှာမူ “သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ” သာ တင်သွင်းခွင့်ရှိသည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၂၆ တွင် ပြဋ္ဌာန်းထားသည်။

ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်အဆိုပြုသူတစ်ဦးဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြုလွှတ်တော်အမတ် ဦးသဲရယ်ကမူ ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးသုံးစွဲမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ၂၀၁၈ အတွင်းက နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့ဖူးသော်လည်း လာရောက်စစ်ဆေးမည်မဟုတ်ဟု ကော်မရှင်က အကြောင်းပြန်ခဲ့ကြောင်း ပြောသည်။ 

“ဒီငွေက အခုလက်ရှိအခြေအနေမှာ ဘာမှ ပြန်ဖြေရှင်းထားတာ မရှိဘူးဆိုတော့ ကိုယ်ပိုင်စာရင်းဖွင့်ပြီး သုံးခွင့်ရှိတယ်ဆိုရင် နောက်တက်လာမယ့်အစိုးရက ဒီအတိုင်းပဲ လုပ်ခွင့်ရှိသွားမှာပေါ့” ဟု ဦးသဲရယ်က ဆိုသည်။

မန္တလေးအခြေစိုက်သတင်းထောက် ရန်မိုးနိုင်၊ နေပြည်တော်အခြေစိုက်သတင်းထောက် ဉာဏ်လှိုင်လင်းတို့ ပူးပေါင်းရေးသားထားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading