မြန်မာ အပါအဝင် ၁၂ နိုင်ငံတွင် စစ်ရေးအဆောက်အအုံများဆောက်ရန် တရုတ်စဉ်းစားနေဟုဆို 

လက်ရှိတွင် တရုတ်သည် အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၅၉၀ အကုန်အကျခံ တည်ဆောက်ထားသည့် စစ်တပ်ထောက်ပံ့စခန်းတစ်ခုရှိသည်

Published on Sep 4, 2020
၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် တရုတ်ရေတပ်ထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် Long March 11 အမည်ရှိ နျူကလီးယားစွမ်းအင်သုံး တရုတ်ရေတပ်ရေငုပ်သင်္ဘောတစ်စင်း ချင်းတောင်မြို့ဆိပ်ကမ်းရေပိုင်နက်တစ်နေရာ၌ စစ်ရေးပြနေစဉ် (ဓာတ်ပုံ- Jason Lee/ Reuters)
၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သည့် တရုတ်ရေတပ်ထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် Long March 11 အမည်ရှိ နျူကလီးယားစွမ်းအင်သုံး တရုတ်ရေတပ်ရေငုပ်သင်္ဘောတစ်စင်း ချင်းတောင်မြို့ဆိပ်ကမ်းရေပိုင်နက်တစ်နေရာ၌ စစ်ရေးပြနေစဉ် (ဓာတ်ပုံ- Jason Lee/ Reuters)

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံအချို့တွင် တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအဆောက်အအုံများ ဆောက်လုပ်ရန် စဉ်းစားနေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အမေရိကန်လွှတ်တော်ကို စက်တင်ဘာ ၁ တွင် တင်သွင်းခဲ့သည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ တရုတ်နိုင်ငံ၏ စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာ တိုးတက်မှုအခြေအနေအကြောင်း စာမျက်နှာ ၂၀၀ ပါ အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။ 

တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး စစ်အခြေစိုက်စခန်းများ တည်ဆောက်ရန် စဉ်းစားနေသည်ဆိုသော နိုင်ငံ ၁၂ နိုင်ငံမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ယူအေအီး၊ ကင်ညာ၊ ဆေရှဲလ်စ်၊ တန်ဇန်းနီးယား၊ အန်ဂိုလာနှင့် တာဂျီကစ္စတန်တို့ဖြစ်သည်ဟု အစီရင်ခံစာအရ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အရှေ့အာဖရိကရှိ ဂျီဘူတီနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၅၉၀ အကုန်အကျခံ တည်ဆောက်ထားသည့် ပြည်ပအခြေစိုက် စစ်တပ်ထောက်ပံ့စခန်းတစ်ခုသာရှိပြီး တရုတ်၏ ဩဇာနှင့် စစ်အင်အား တိုးချဲ့ရန် အခြားနိုင်ငံများတွင်ပါ အလားတူ စစ်အခြေခံစခန်းများ ထပ်မံတည်ဆောက်ရန် စဉ်းစားနေခြင်းဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ 

ကမ္ဘောဒီးယားနိုင်ငံ ရေတပ်စခန်းနေရာကို အသုံးပြုခွင့်အတွက် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား သဘောတူထားသည်ဆိုသောအချက်ကိုမူ နှစ်နိုင်ငံလုံးက အတိအလင်း ငြင်းဆိုထားသည်။ 

တရုတ်၏ ရပ်ဝန်းနှင့်လမ်းကြောင်း (BRI) စီမံကိန်းများသည် တရုတ်အတွက် စစ်ရေးအားသာမှုအလားအလာများ ဖန်တီးပေးနိုင်ကြောင်း၊ စီမံကိန်းများမှတစ်ဆင့် တရုတ်သည် နိုင်ငံရပ်ခြားဆိပ်ကမ်းများသို့ ချိတ်ဆက်ဝင်ရောက်နိုင်ပြီး အိန္ဒိယသမုဒ္ဒရာ၊ မြေထဲပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့တွင် ယင်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် ချထားသည့် ရေတပ်စခန်းများအတွက် လိုအပ်သည့်ထောက်ပံ့ပို့ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးစားနေပြီး အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်နေရာယူရန် ယင်းဆိပ်ကမ်းစီမံကိန်းမှာ တရုတ်အတွက် အချက်အချာကျသည်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် တရုတ်နှင့် မြန်မာကြား အခြေခံကျသော ခြေလှမ်းအချို့ကိုလည်း စထားပြီးဖြစ်သည်။ 

ထိုကဲ့သို့ တရုတ်၏ ကမ္ဘာတစ်ဝန်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအချိတ်အဆက်များသည် အမေရိကန်၏ စစ်ရေးစစ်ရာများကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပြီး အမေရိကန်ကို ထိုးစစ်ဆင်နွှဲမှုများ ရှိလာလျှင်လည်း ထောက်ကူပေးနိုင်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်ဖွယ်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ Mr. Yang Jiechi သည် မြန်မာနိုင်ငံသို့ ယခုရက်ပိုင်းအတွင်း လာရောက်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ရန်၊ လုပ်ငန်းပြန်လည်လုပ်ကိုင်လည်ပတ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြန်ဆန်စွာဆောင်ရွက်ရန် Mr. Yang Jiechi က ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားနှင့် စပ်လျဉ်းသည့် အရေးကိစ္စများတွင် မြန်မာက တရုတ်နိုင်ငံအပေါ် တောက်လျှောက် ထောက်ခံအားပေးခဲ့မှုများကို ချီးကျူးကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာ ကာကွယ်စောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံအားပေးမည်ဟု Mr. Yang Jiechi က ပြောခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် တရုတ်တို့၏ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှု

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာက တရုတ်နိုင်ငံ၏ ၂၀၁၉ ကာကွယ်ရေးဘတ်ဂျက်ပမာဏမှာ ကန်ဒေါ်လာ ၁၇၄ ဘီလျံဟု တရားဝင်ဆိုသော်လည်း သုတေသန၊ ဖွံ့ဖြိုးရေးနှင့် နိုင်ငံရပ်ခြားမှ လက်နက်ဝယ်ယူစုဆောင်းမှုတို့ အပါအဝင် 'အမျိုးမျိုးသော ကြီးကြီးမားမား အသုံးစရိတ်' များကိုမူ ထည့်သွင်းမထားကြောင်းလည်း အစီရင်ခံစာက စွပ်စွဲထားသည်။ 

တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာအသုံးစရိတ်မှာ ကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားပြီး အမေရိကန်၏ ၂၀၁၉ ကာကွယ်ရေးဘတ်ဂျက်မှာ ကန်ဒေါ်လာ ၆၈၅ ဘီလျံ ဖြစ်သည်။ 

တရုတ်နိုင်ငံသည် စစ်သင်္ဘောနှင့် ရေငုပ်သင်္ဘော ၃၅၀ ခန့် ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ရေတပ်ဖြစ်ကြောင်း၊ အမေရိကန်ရေတပ်မှာမူ ၂၀၂၀ အစောပိုင်းအထိ ရေတပ်စစ်ရေယာဉ် ၂၉၃ စင်းသာ ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။ 

ထို့အပြင် တရုတ်နိုင်ငံသည် ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးနှင့် ဒုံးခွင်းဒုံး (GLBMs) ၁၂၅၀ အထိရှိနေပြီး အမေရိကန်သည် ကီလိုမီတာ ၇၀ မှ ၃၀၀ အကွာအဝေးပစ်နိုင်သည့် သမာရိုးကျ ဒုံးခွင်းဒုံးစနစ်သာရှိ ပြီး GLBMs မရှိကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော မြေပြင်မှ ဝေဟင်ပစ် ခေတ်မီတာဝေးပစ် ဒုံးပျံတပ်ဖွဲ့ရှိနေပြီး ထိုဒုံးခွင်းဒုံးစနစ်များတွင် ရုရှားနိုင်ငံထုတ် S-400s၊ S-300s နှင့် ပြည်တွင်းထုတ် ဒုံးပျံစနစ်များလည်း ပါဝင်သည်ဟုဆိုသည်။ 

အစီရင်ခံစာသည် တရုတ်နိုင်ငံတပ်မတော် (PLA) ၏ လက်ရှိနှင့် အနာဂတ် စစ်ဘက်ရေးရာ နည်းပညာပိုင်းဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနှင့် စစ်ရေးဗျူဟာ တိုးတက်မှုအလားအလာ၊ နောင်အနှစ် ၂၀ အတွင်း ယင်းတိုးတက်မှုကို ထောက်ပံ့ပေးမည့် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အယူအဆများအကြောင်း သုံးသပ်ထားသည်ဟု ဆိုသည်။ 

တရုတ်နိုင်ငံက လက်ရှိပိုင်ဆိုင်ထားသည့် နျူကလီးယားဒုံးကျည်ထိပ်ဖူး အရေအတွက်မှာ ၂၀၀ စွန်းစွန်းခန့်ရှိပြီး နောင် ၁၀ နှစ်အတွင်း နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။ အမေရိကန်ကမူ နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၃,၈၀၀ ခန့်ရှိသည်ဟု VOA သတင်းဌာနက ရေးသားထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအပေါ် တရုတ်အစိုးရပိုင်သတင်းစာတစ်စောင်ဖြစ်သည့် Global Times က အယ်ဒီတာ့အာဘော်တစ်ပုဒ် ရေးသားတုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် နျူကလီးယားဒုံးကျည်အရေအတွက် ၂၀၀ စွန်းစွန်းခန့် ပိုင်ဆိုင်ထားသည်ဆိုသည့် အမေရိကန်၏ အဆိုမှာ တရုတ်နိုင်ငံကို ရည်ရွယ်ချက်ရှိရှိ လျှော့တွက်ခြင်းဖြစ်ကြောင်း၊ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျု့နှင့် အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်တို့က မကြာသေးမီနှစ်များအတွင်း ခန့်မှန်းထားမှုအရ တရုတ်သည် နျူကလီးယားဒုံးကျည် ၃၂၀ ခန့် ရှိသည်ဟု ဆိုထားသော်လည်း မှန်မမှန် မှတ်ချက်ပြုမထားကြောင်း ယင်းအာဘော်တွင် ရေးသားထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading