လူထုဆန္ဒဖြင့် ရွေးကောက်သည့် တစ်ခုတည်းသော ဝန်ကြီးနေရာဖြစ်သော်လည်း ဥပဒေကပေးသည့် လုပ်ပိုင်ခွင့်များကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခွင့်မရသည့် “ဟန်ပြ” နေရာဖြစ်နေသည်ဟု ဝေဖန်ကြသည်

Published on Sep 2, 2020
နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဩဂုတ် ၁၂ မနက်ပိုင်းတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့စဉ် တက်ရောက်လာသူများ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 
နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဩဂုတ် ၁၂ မနက်ပိုင်းတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့စဉ် တက်ရောက်လာသူများ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင်  ပြည်သူလူထုတိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်သည့် တစ်ခုတည်းသော ဝန်ကြီးနေရာမှာ တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးသည် နိုင်ငံလူဦးရေ စုစုပေါင်း၏ သုည ဒသမ ၁ ရာခိုင်နှုန်းအထက်ရှိပါက ထိုတိုင်းရင်းသားများကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်တင်မြှောက်နိုင်သည်။ ထိုရွေးကောက်ခံကိုယ်စားလှယ်များ တိုင်းရင်းသားရေးရာဝန်ကြီးများပင် ဖြစ်သည်။ 

ရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှအပ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံးတွင် တိုင်းရင်းသားရေးရာဝန်ကြီးများရှိပြီး စုစုပေါင်း ၂၉ နေရာရှိသည်။

ဗမာနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ငါးနေရာစီ၊ ချင်းနှင့်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး သုံးနေရာစီ၊ ပအိုဝ်း၊ ရခိုင်၊ လီဆူ တိုင်းရင်သားရေးရာဝန်ကြီး နှစ်နေရာစီနှင့် မွန်၊ ရဝမ်၊ ကချင်၊ လားဟူ၊ အာခါ၊ အင်း နှင့် ကယန်း (ပဒေါင် တိုင်းရင်းသား ရေးရာဝန်ကြီး) တစ်နေရာစီ သတ်မှတ်ထားသည်။ 

တိုင်းရင်းသားရေးရာဝန်ကြီးများသည် ကိုယ်စားပြုရာ တိုင်းရင်းသားလူမျိုးများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု ဥပဒေက ဆိုသည်။

ဟန်ပြလောက်သာ ဖြစ်နေသည် 

တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် လူထုဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသော်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်အရ အကန့်အသတ်များရှိနေသည်ဟု တိုင်းရင်းသားရေးရာဝန်ကြီးအချို့နှင့် နိုင်ငံရေးပါတီအချို့က ဆိုသည်။ 

တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသားစာပေသင်ကြားရေး၊ ရိုးရာယဉ်ကျေးမှုပွဲတော်များကျင်းပရေးကဲ့သို့ ကိစ္စရပ်များကိုသာ လုပ်ဆောင်ခွင့်ရရှိကြောင်း၊ မြေယာအရေးနှင့် တိုင်းရင်းသားလူမျိုးများစာရင်းကောက်ယူရေးကဲ့သို့ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဌာနများက တိုက်ရိုက်ကိုင်တွယ်သည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် တိုင်းရင်းသားရေးရာဝန်ကြီးငါးဦးအနက် သုံးဦးက ဆိုသည်။ 

ပြီးခဲ့သည့် အစိုးရလက်ထက်၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးနိုထန်ကပ်က တိုင်းရင်းသားရေးရာဝန်ကြီးများသည် အစိုးရအဖွဲ့တွင် မပါဝင်ခဲ့သလို ရုံးခန်းပင်မရှိခဲ့ဟု ဆိုသည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်ကလည်း “သူတို့ (တိုင်းရင်းသားရေးရာဝန်ကြီးတွေ) ရဲ့ လုပ်ပိုင်ခွင့်က တော်တော်နည်းနေတယ်။ ထိရောက်သင့်သလောက် မထိရောက်ဘူး။ ဟန်ပြလောက်ထားပေးသလို ဖြစ်နေတယ်။ အားရစရာ မကောင်းဘူး” ဟု ပြောသည်။ 

ရှမ်းပြည်နယ်တွင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရှိသော်လည်း အဆိုပါ တိုင်းရင်းသားရေးရာဝန်ကြီး၏ လုပ်ဆောင်ချက်ကို သိသာထင်ရှားစွာ မတွေ့ရဟု ကယန်းအမျိုးသားပါတီ (KNP) ၏ ဖယ်ခုံမြို့နယ်ဥက္ကဋ္ဌ ခွန်ဒီးဒီက ဝေဖန်သည်။ 

“လက်ရှိအနေအထားမှာ ပြန်ကြည့်လိုက်ရင် (တိုင်းရင်းသား) ရေးရာဝန်ကြီးတွေက လမ်းလိုက်ဖောက်ပေးတယ်။ တံတားလိုက်ဆောက်ပေးတယ်ဆိုတာမျိုးက ဌာနဆိုင်ရာအလုပ်တွေဖြစ်နေတယ်” ဟု ခွန်ဒီးဒီက ဆိုသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများသည် တိုင်းရင်းသားများအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့နှင့်ပတ်သက်ပြီး အဓိက ဦးစားပေးလုပ်ဆောင်သင့်သော်လည်း လက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ ဆောင်ရွက်မှုများမှာ အားရဖွယ်အခြေအနေ မရှိသေးဟု ခွန်ဒီးဒီက သုံးသပ်သည်။ 

“ရေးရာဝန်ကြီးတွေ တကယ်တမ်းလုပ်ရမှာက တိုင်းရင်းသားရေးရာအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတွေ၊ သူတို့ရဲ့ မြေယာကာကွယ်ရေးတွေ၊ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအပိုင်းတို့ ၊ သူတို့ရဲ့ ဝိသေသလက္ခဏာ ဖော်ထုတ်တဲ့အပိုင်းတွေကို ပိုပြီးတော့ လုပ်သင့်တယ်လို့ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ရယူခဲ့ရာ အခြားဝန်ကြီးများနှင့် တန်းတူဖြစ်ကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ 

ထို့နောက်၂၀၁၅ ဖေဖော်ဝါရီတွင် 'တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ' ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအရ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအဆင့် ထိုတိုင်းရင်းသားရေးရာဝန်ကြီးကိုမူ အခြားဝန်ကြီးဌာနများကဲ့သို့ လွှတ်တော်၏ သဘောတူညီမှုဖြင့် သမ္မတက ခန့်အပ်ရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာသူမှာ မွန်တိုင်းရင်းသား နိုင်သက်လွင်ဖြစ်သည်။

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဟူ၍ ဦးစီးဌာနနှစ်ခု ပါဝင်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးများသည် ၎င်းတို့ရွေးကောက်ခံရသည့်ဒေသများတွင် အဆိုပါဌာနနှစ်ခုကို ကြီးကြပ်ခွင့်ရသည်ဟု ဥပဒေတွင် ဖော်ပြထားသည်။  

ထိုဦးစီးဌာနနှစ်ခုမှာ ယခုအချိန်အထိ ဝန်ထမ်းမပြည့်စုံသေးကြောင်းနှင့် လုပ်ဆောင်ချက်များသည်လည်း အားနည်းနေဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် စစ်ကိုင်းတိုင်း၏ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်တို့က ပြောသည်။ 

ဦးစီးဌာနနှစ်ခုအပြင် ဝန်ကြီးချုပ်က တာဝန်ပေးအပ်သည့် ဌာနများကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးများက ပူးတွဲတာဝန်ယူရသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးသည် ဦးစီးဌာန နှစ်ခုသာမက ဟိုတယ်နှင့်ခရီးသွားလာရေးဌာနကိုလည်း တာဝန်ယူရသည်။ 

တိုင်းရင်းသားရေးရာဝန်ကြီးဌာနများသည် ကိုယ်စားပြုတိုင်းရင်းသားများသာမက သက်ဆိုင်ရာဒေသရှိ လူနည်းစုတိုင်းရင်းသားများအတွက်ပါ ဥပဒေကပေးသည့် အခွင့်အရေးများ ခံစားခွင့်ရရန် ဆောင်ရွက်ပေးနိုင်သူများဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပြောသည်။

“တခြားပြည်နယ်၊ တိုင်းဝန်ကြီးတွေလို selected (ရွေးချယ်ခံ) မဟုတ်ပါဘူး။ elected (ရွေးကောက်ခံ) ကိုယ်စားလှယ်အဖြစ် အရွေးခံရမှ ဝန်ကြီးဖြစ်တဲ့ ဝန်ကြီးတွေ ဖြစ်ပါတယ်။ သူတို့က လွှတ်တော်မှာလည်း တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးနိုင်သလို cabinet (အစိုးရအဖွဲ့) မှာလည်း သူတို့တိုင်းရင်းသားကိစ္စများကို တင်ပြဆွေးနွေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

နေ့ထူးနေ့မြတ်အခမ်းအနားပင် လွတ်လပ်စွာ ကျင်းပခွင့်မရ

ဥပဒေတွင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ထည့်သွင်းပြဋ္ဌာန်းထားသော်လည်း တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အကန့်အသတ်များ ရှိနေဆဲဖြစ်သည်ဟု ကချင်ပြည်နယ်လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောသည်။

“တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာ တိုင်းရင်းသားများရဲ့ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ဒါမျိုးတွေကို ဆောင်ရွက်ဖို့ ဥပဒေမှာပါပေမယ့် တိုင်းရင်းသားဒေသတွေ လမ်းပန်းဆက်သွယ်ရေးအတွက် ရွာချင်းဆက်တွေ စသဖြင့် ဒီကိစ္စတွေကတော့ ကျွန်တော်တို့ဆီမှာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက်ကြောင့် အဓိကအရေးကြီးတဲ့ကဏ္ဍတွေက ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ 

ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုကမူ စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးရေးသည်လည်း တိုင်းရင်းသားအခွင့်အရေးများပင် ဖြစ်သည့်အတွက် စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် တိုင်းရင်းသားအခွင့်အရေးအတွက် လုပ်ဆောင်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်။ 

ထိုသို့ဆိုသော်လည်း တိုင်းရင်းသားခေါင်းဆောင်များအတွက် ရည်စူးကျင်းပသည့် ကရင့်အာဇာနည်နေ့ကဲ့သို့ အထိမ်းအမှတ်ပွဲများနှင့် ပတ်သက်၍ပင် ကန့်သတ်ချက်နှင့် ပိတ်ပင်ချက်တို့ ရှိနေဆဲဖြစ်သည်။ 

ဧရာဝတီတိုင်း၌ ၂၀၁၉ တွင် ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ‘အာဇာနည်’ ဟူသော အသုံးအနှုန်း အသုံးမပြုရန် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ 

ယင်းဖြစ်ရပ်သည် ကရင့်တိုင်းရင်းသားအခွင့်အရေးအတွက် အကာအကွယ်ပေးရန် ရွေးကောက်တင်မြှောက်လိုက်သည့် တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်တိုင်က ၎င်းကိုယ်စားပြုသည့် တိုင်းရင်းသားများကို ဖိနှိပ်မှုဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။ 

“တန်းတူညီမျှရေးမရှိရင် ဘာမှလုပ်လို့မရဘူး။ အမွေအနှစ်တွေ၊ နေ့ထူးနေ့မြတ်တွေအတွက်က ဥပဒေမှာပါပြီးသား။ ဒါကို မလုပ်ရဘူး။ လူတွေအပေါ်မှာပဲ ဆိုင်တယ်လို့မြင်တယ်” ဟု လယ်သမားနှင့်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ပြောသည်။ 

နော်အုန်းလှသည် လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ 

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ဩဂုတ် ၁၂ ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ၂၀၁၄ မှစတင်ကာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိမြို့နယ်များတွင် ကျင်းပလာခဲ့သည်။ 

ကရင့်အာဇာနည်နေ့အခမ်းအနားကို ပိတ်ပင်ခြင်းမဟုတ်ဘဲ အစိုးရကတရားဝင်အသိအမှတ်ပြုထားခြင်း မရှိသေးသည့်အတွက် အာဇာနည်ဟူသော စကားလုံးကို အသုံးမပြုရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ဆိုသည်။ 

“ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုး ထုတ်ပေးရတာ။ ဝန်ကြီးချုပ်ခိုင်းတာ၊ လုံနယ်ဝန်ကြီးကခိုင်းတာ။ တကယ်တော့ လုံနယ်ဝန်ကြီးက အဓိကပေါ့နော်။ လုံနယ်ဝန်ကြီးကိုယ်တိုင်က မလုပ်ရဘူး။ ထုတ်ဆိုတော့ ကျွန်မကလည်း ဖိအားပေးမှုတွေကြောင့် ကိုယ့်လူတွေ မထိအောင်ဆိုပြီး ကျွန်မက ထုတ်ပေးလိုက်ခြင်းဖြစ်တယ်” ဟု ဂါ့မိုးမြတ်မြတ်သူက တုံ့ပြန်သည်။ 

အလားတူ ရန်ကုန်တိုင်းတွင်လည်း 'ကရင့်အာဇာနည်နေ့' ဟု ခေါင်းစဉ်တပ် အခမ်းအနားကျင်းပသည့်အတွက် ဦးဆောင်ကျင်းပသူ နော်အုန်းလှအပါအဝင် တက်ကြွလှုပ်ရှားသူ သုံးဦးမှာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံခဲ့ရသည်။ 

ဘတ်ဂျက်ပြဿနာ

တိုင်းရင်းသားရေးရာကိစ္စများ အကောင်အထည်ဖော်ရန် တိုင်းရင်သားရေးရာဝန်ကြီးများသည် အသုံးစရိတ်အတွက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့၏ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲနိုင်သည်ဟု ဥပဒေက ပြဋ္ဌာန်းသည်။ 

ရုံးအဆောက်အအုံဆောက်လုပ်ခြင်းနှင့် ဝန်ထမ်းလစာပေးခြင်းအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ပြီး တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားစာပေသင်ရိုးကိစ္စ၊ ပွဲတော်နှင့် အခမ်းအနားကျင်းပခြင်းများအတွက် တိုင်းဒေသဘတ်ဂျက်ဖြင့် ဆောင်ရွက်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။ 

“ဘယ်တိုင်းရင်းသားက ဘယ်လောက်ဆိုတဲ့ ခေါင်းစဉ်တစ်ခုချင်းစီရဲ့ အသုံးဘတ်ဂျက်ဖြစ်ရင် ကျွန်မတို့ဘက်ကလည်း ဘယ်တိုင်းရင်းသားဆိုရင် လူဦးရေဘယ်လောက်ရှိတယ်၊ နယ်မြေဘယ်လောက်ကျယ်တယ်ဆိုတာကြည့်ပြီး စီမံခန့်ခွဲလို့ ရတယ်” ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။  

ကချင်ပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီး ငါးဦးရှိသည့်အနက် တစ်ဦးစီအတွက် ဘတ်ဂျက်ခွဲတမ်းမှာ ကျပ်သိန်း ၈၀၀ သာ ရရှိသည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိသည်ဟု လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ဆိုသည်။ 

သို့သော် တပ်မတော်အုပ်ချုပ်မှုအောက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဘတ်ဂျက်ပိုမိုရရှိသည့်အတွက် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ပေးနိုင်သည်ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။

“သူတို့က ဖွံ့ဖြိုးရေးဘက်ကို ပိုလုပ်နိုင်သလို တိုင်းရင်းသားရေးရာဝန်ကြီးတွေက စာပေယဉ်ကျေးမှုဘက်ကို ပိုလုပ်နိုင်တာပေါ့” ဟု ဒေါ်မွှေးမွှေးခင်က ပြောသည်။

တိုင်းရင်သားရေးရာဝန်ကြီးများသည် ဥပဒေကပေးထားသည့် လုပ်ပိုင်ခွင့်များကို အပြည့်အဝမရရှိသည့်အပြင် လုပ်ငန်းတာဝန် သတ်မှတ်ချက်မရှိဟု ဂါ့မိုးမြတ်မြတ်သူက ပြောသည်။ 

“ကျွန်မတို့မှာ သတ်သတ်မှတ်မှတ် ဘာမှမရှိဘူး။ ပညာရေးဆိုလည်း လူမှုရေးနဲ့သွားချိတ်ရတယ်။ ကျန်းမာရေးဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ရတယ်။ စီးပွားရေးဆိုလည်း စီးပွားကူးသန်းနဲ့ချိတ်ရတယ်။ စိုက်ပျိုးရေးဆိုလည်း စိုက်ပျိုးရေးဝန်ကြီးနဲ့ချိတ်ရတယ်။ ငွေကြေးဆိုရင်လည်း စီမံဘဏ္ဍာနဲ့ချိတ်ရတယ်။ ကျွန်မတို့မှာ ချိတ်ရတာကြီးပဲ”ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ နေရာရှာ

တိုင်းရင်သားလူမျိုးရေးရာဝန်ကြီးဌာနက ဆောင်ရွက်ရမည့်ကိစ္စများအနက် တိုင်းရင်းသားများ၏စာပေယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်သည်။ 

သို့သော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနများ ပါဝင်နိုင်မှု အားနည်းသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော်လည်း ထိုဒေသများရှိ ချင်းတိုင်းရင်းသားအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း ဦးငိုင်ဆာ့ခ်က ဆိုသည်။ 

နိုင်ငံတော်သမ္မတက တိုင်းရင်သားရေးရာဝန်ကြီးအားလုံးနှင့် ယခုနှစ်ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခဲ့ရာတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ ပါဝင်ကူညီဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ကျန်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးရေးနှင့် တိုက်ပွဲများရပ်တန့်ရေးတွင် တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန်လည်း သမ္မတက တိုက်တွန်းခဲ့ သည်။ 

သို့သော် တိုင်းရင်းသားရေးရာဝန်ကြီးတိုင်းမှာ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသမှ မဟုတ်သည့်အတွက် တစ်ပြေးညီ စဉ်းစားမရနိုင်ဟု ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရှိ ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။ 

“ငြိမ်းချမ်းရေးကိစ္စမှာဆိုရင် တိုက်ရိုက်ဝင်ပြောဖို့ရာ ခက်လိမ့်မယ်လို့ ယူဆတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတိုင်း တိုက်ပွဲဖြစ်ပွားရာဒေသက မဟုတ်လို့ တပြိုင်နက်တည်းတွေးလို့ မရဘူး။ ဒါသည် ဖက်ဒရယ်ကိုသွားဖို့ပုံစံ မဟုတ်ဘူး။ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်မယ်ဆိုရင် ပြဿနာရှိတဲ့ အရင်းအမြစ်ရှိတဲ့နေရာမှာပဲ ဒါတွေလုပ်ဖို့ သမ္မတက တွန်းအားပေးရမှာ” ဟု ၎င်းက သုံးသပ်သည်။  

ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားမည်ဆိုပါက လက်ရှိတိုင်းရင်းသားရေးရာဝန်ကြီးနေရာများမှာ လိုအပ်မည်မဟုတ်သော်လည်း လက်ရှိကြားကာလတွင် အစိုးရအဖွဲ့တွင် တိုင်းရင်းသားများ၏ အသံကို ကိုယ်စားပြုလုပ်ဆောင်နိုင်သည်ဟု ဒေါ်ထုမေက သုံးသပ်သည်။ 

“တကယ်တမ်း ဖက်ဒရယ်စစ်စစ်ကိုတွန်းဖို့အတွက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ ဘတ်ဂျက်ကို ပိုတိုးပေးရမှာ။ အဲ့ဒီကနေတဆင့်မှ ပြည်နယ်တွေကို ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တကယ်တမ်း ပြည်နယ်တွေမှာ လိုအပ်နေတဲ့ ဖွဲ့စည်းပုံရေးဆွဲရေးကို အကောင်အထည်ဖော်ရမှာ” ဟု ဒေါ်ထုမေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading