သတင်း

ကယားပြည်နယ်ဝန်ကြီးချုပ်ကို ရာထူးရပ်စဲသင့်ကြောင်း ပြည်နယ်လွှတ်တော်ဆုံးဖြတ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအပေါ် ငွေကြေးသုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များမှာ မှန်ကန်ကြောင်း ယနေ့ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီးနောက် ၎င်းကို ရာထူးမှရပ်စဲသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယနေ့ (၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁) တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပျက်ကွက်သူမရှိ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်အားလုံးက လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးအနက် ထောက်ခံမဲ ၁၆ မဲနှင့် ကန့်ကွက်မဲ ၄ မဲ တို့ဖြင့် စွပ်စွဲပြစ်တင်သူများဘက်က အနိုင်ရပြီး ဝန်ကြီးချုပ်က ရှုံးနိမ့်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (င) အပိုဒ်ခွဲ (၁) အရ ဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်မှုများသည် မှန်ကန်ကြောင်းနှင့် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့်တော်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ထောက်ခံမဲပေးလျှင် အဆိုအောင်မြင်မည်ဖြစ်သည်။ 

လက်ရှိတွင် ထောက်ခံမဲ လေးပုံသုံးပုံ ရရှိထားသဖြင့် အခြေခံဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌသည် ယင်းဆုံးဖြတ်ချက်ကို သမ္မတထံ တင်ပြရမည်ဖြစ်သည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်ပြီး အစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကဆိုသည်။

“ဘယ်လိုအရေးယူဆောင်ရွက်ပေးရမလဲဆိုတာတော့ နိုင်ငံတော်သမ္မတနဲ့ဆိုင်တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးကို ရာထူးမှရပ်စဲရမည်ဟု အခြေခံဥပဒေပုဒ်မ ၂၆၃ (င) အပိုဒ်ခွဲ (၂) တွင် ပြဋ္ဌာန်းထားသည်။

“အမှန်တရားဟာ ဒီမှာပဲ ပြီးမသွားဘူးလို့ပဲ ပြောချင်ပါတယ်။ အမှန်တရားဟာ ခရီးဆုံးပန်းတိုင်တစ်ခုရောက်ရင် ပေါ်လာမှာပါ” ဟု ဦးအယ်လ်ဖောင်းရှိုက အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ယခုကိစ္စအပေါ် ဥပဒေလမ်းကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှန်တရားကို ပြည်သူများအပေါ် ချပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ 

ငွေကြေးသုံးစွဲမှုကို ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဘဏ္ဍာရေးမူဘောင်နှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ငါးဦးတွင် စွပ်စွဲပြစ်တင်သူများ ပါဝင်နေခြင်းသည် ဘောင်မဝင်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ 

“စွပ်စွဲပြစ်တင်သူများကိုယ်တိုင် စစ်ဆေးသူအဖြစ် ပါဝင်နေခြင်းဟာ တရားလိုက တရားသူကြီးသဖွယ် ဆောင်ရွက်နေတယ်လို့ အများပြည်သူအနေနဲ့ ထင်မြင်ယူဆဖွယ်ရာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရား ငှားရမ်းခများကို ဝန်ကြီးချုပ်၏ ကိုယ်ကျိုးစီးပွားနှင့် ပါတီကိစ္စအတွက် သုံးစွဲမှုနှင့် နှစ်စဉ်ကယားပြည်နယ်နေ့ကျင်းပရာ မြေနေရာကို ပြည်သူပိုင်အဖြစ်သတ်မှတ်ပေးရေးအဆိုကို အကောင်အထည်မဖော်ဘဲ စီးပွားရေးလုပ်ငန်းများကို စာချုပ်ဖြင့် ငှားရမ်းထားသည့်အပေါ် အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးမည့်အဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ကာ စုံစမ်းစစ်ဆေးသည့် လုပ်ငန်းများစတင်ခဲ့သည်။

၁၄ ရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချေပနိုင်ရေးအတွက် ၄ ကြိမ်တိုင်တိုင် ခေါ်ယူခဲ့သော်လည်း ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ ကိုယ်စားလှယ်စေလွှတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ကန့်ကွက်ခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။

ဦးအယ်လ်ဖောင်းရှိုသည် ၂၀၁၆ မှ ၂၀၁၈ အထိ ၂ နှစ်ကျော်ကာလအတွင်း စက်ယန္တရားငှားရမ်းခနှင့် အခြားရငွေ ကျပ် သိန်း ၅,၆၀၀ ကျော်တွင် ၄,၉၅၁ သိန်းကို သုံးစွဲခဲ့ကြောင်း၊ အဆိုပါသုံးစွဲငွေ၏ ၃၇၇ သိန်းကျော်မှာ ကိုယ်ကျိုးစီးပွားနှင့် ၁၃ သိန်းကျော်မှာ ပါတီအရေးကိစ္စများဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု အစီရင်ခံစာတွင် တွေ့ရသည်။

အဆိုပါ ပါတီအရေးကိစ္စအတွက်သုံးငွေဆိုသည့် ၁၃ သိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကမူ မသိရှိကြောင်း ဆိုသည်။ ထို့အပြင် ဝန်ကြီးချုပ်များကို ပါတီအတွက် ငွေလှူရန် ညွှန်ကြားမှုမျိုးလည်း မရှိကြောင်း ပြောသည်။  

ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ်နေ့ ကျင်းပရာမြေနေရာပေါ်တွင် နန်းအေးရိပ်၊ တော်ဝင်သဇင်မြင့်နှင့် လျှံထူးအောင်ကုမ္ပဏီတို့ကို တစ်လလျှင် ခြောက်သိန်းကျပ်နှုန်းဖြင့် တစ်နှစ်စာ ၇၂ သိန်း အသီးသီး စာချုပ်ချုပ်ဆိုငှားရမ်းခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်က ထုတ်ပြန်ထားသော ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများမှ ရငွေဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဌာနဆိုင်ရာစာရင်းသို့ ပေးသွင်းရမည် ဖြစ်သော်လည်း ၂၄ % ကျော်ကိုသာ ဌာနဆိုင်ရာ ငွေစာရင်းသို့ ပေးသွင်းထားကြောင်း ဖော်ပြထားသည်။

စက်ယန္တရားငှားရမ်းခကိစ္စနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ တင်ပြခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကော်မရှင်က စစ်ဆေးခဲ့ခြင်းမရှိကြောင်း ဦးသဲရယ်က ပြောသည်။

Show More

Related Articles

Back to top button