လေးလောင်းပြိုင်လူသတ်မှုက စုန်းကဝေစာအုပ်များ

မင်္ဂလာဒုံလေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ပါ အချက်များ မည်မျှမှားယွင်း တိမ်းစောင်းနေသည်ကို သေဆုံးသူမိသားစု၏မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့က အခိုင်အမာရှင်းပြထားသည်

Published on Aug 30, 2020
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စုန်းကဝေစာအုပ်များသည် သေဆုံးသူကိုစိုးနောင်ဖတ်ခြင်း မဟုတ်ဘဲ သူပဲဖတ်သည်ဟု ယောက္ခမဖြစ်သူကဆိုသည်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စုန်းကဝေစာအုပ်များသည် သေဆုံးသူကိုစိုးနောင်ဖတ်ခြင်း မဟုတ်ဘဲ သူပဲဖတ်သည်ဟု ယောက္ခမဖြစ်သူကဆိုသည်။

၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် ဒုရဲအုပ်ဟောင်းဖြစ်သူ ကိုစိုးနောင်သည် မိသားစုဝင်များနှင့် သူ့ကိုယ်သူသတ်သေခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်သည် အမှန်တကယ်ပေါ်ပေါက်ခဲ့သော အကြောင်းရင်းများနှင့် မည်သို့မည်ပုံ သွေဖွယ်နေကြောင်းကို မကြာသေးမီတွင် Myanmar Now က ဆောင်းပါးရှည်ရေးသားခဲ့သည်။  

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားရာအိမ်၌ စုန်းကဝေစာအုပ်များ တွေ့ရှိခဲ့ခြင်းနှင့် ကိုစိုးနောင်သည် ဒဿနိက ဘာသာရပ်ဖြင့် ဘွဲ့ရသူတစ်ဦးဖြစ်သည်ဆိုသော အချက်လည်း ပါဝင်ခဲ့သည်။ ထိုအချက်အပါအဝင် အခြားသော အခြေအနေများကြောင့် ကိုစိုးနောင်သည် စိတ်ကစဉ့်ကလျားဖြစ်ကာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖော်ညွှန်းခဲ့သည်။ 

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် စုန်းကဝေစာအုပ် ၁၈ အုပ်အနက် ၁၅ အုပ်သည် 'တာတေ' ကလောင်အမည်ဖြင့် ရေးသားသော စာအုပ်များဖြစ်သည်။ ‘သင်္ချိုင်းသုဿာန်တို့ရဲ့ အရှင်သခင်မ' ဟု စာရေးဆရာက တင်စားထားသည့် စာအုပ်များဖြစ်ပြီး ကျေးလက်ဒေသများအကြောင်း နောက်ခံတ္ထုတိုများဖြစ်သည်။

အဆိုပါစာအုပ်အများစုသည် အစိမ်းသေ (သို့) နာမကျန်းမဖြစ်ဘဲ သေဆုံးသွားသူများက သရဲဖြစ်သွားပြီး ကျေးရွာလူထုကို ဒုက္ခပေးပုံ၊ မဖဲဝါကို ပင့်ဖိတ်၍ နှိမ်နင်းရပုံ၊ သင်္ချိုင်းကုန်းထဲ ငှက်ပစ်သွားသည့် ကလေးငယ်များကို သရဲတစ္ဆေများဘေးရန်မှ မဖဲဝါက ကာကွယ်ပေးလိုက်ပုံ၊ ယောက္ခမဖြစ်သူကို မလေးမစားဆက်ဆံကာ အခေါင်းတလားတစ်လုံး လက်ဆောင်ပို့လိုက်သည့် သားမက်ဖြစ်သူမှာ သေခြင်းဆိုးဖြင့် သေသွားပုံ၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူများထံမှ ရွှေငွေများ ဖြုတ်ယူသွားခဲ့သူကို သေဆုံးသူများက သရဲဘဝဖြင့် လိုက်လံကလဲ့စားချေပုံများအကြောင်း ဝတ္ထုတိုများအဖြစ် ရေးသားထားသည့် စာအုပ်များဖြစ်သည်။ 

ကိုစိုးနောင်သည် ထိုသို့သော စာအုပ်များကို သူကိုယ်တိုင်လည်း မဖတ်သလို မိသားစုဝင်တစ်ဦးဦးဖတ်လျှင်လည်း မကြိုက်ကြောင်း ကိုစိုးနောင်၏ယောက္ခမဖြစ်သူ ဒေါ်ရီရီနွဲ့က ပြောသည်။ 

“မှော်စာအုပ်တွေကို ဖတ်ကိုမဖတ်တာ။ ဘောလုံးစာစောင်တွေဖတ်တယ်။ သူတို့သားအဖတွေ ဘောလုံးပွဲကြည့်တယ်။ အန်တီပဲ တိတ်တိတ်လေးဖတ်တာ။ ဖတ်ပြီးရင် ဖွက်ထားတာ။ သူတို့ ဘယ်လိုရှာတာလဲတော့ မသိဘူး” ဟု ဒေါ်ရီရီနွှဲ့က ပြောသည်။ 

သားမက်ဖြစ်သူ ကိုစိုးနောင်မှာ မှော်နှင့် စုန်းကဝေစာအုပ်များ မဖတ်သည့်အပြင် အဆိုပါစာအုပ်များကြောင့် စိတ် မတည်မငြိမ်ဖြစ်နေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်းလည်း ဒေါ်ရီရီနွှဲ့က ဆိုသည်။

“အန်တီဖတ်တာ။ အန်တီက ဝယ်တယ်။ လမ်းကြုံလည်း ဝယ်တယ်။ တစ်လတစ်အုပ်ဝယ်တယ်။ အိမ်မှာ အများကြီးပဲ။ ဒါပေမယ့် ဝှက်ဝှက်ထားတာ။ စိုးနောင်က လုံးဝ မဖတ်ဘူး။ မင်္ဂလာဒုံဈေးသွားရင် 7 Day တို့၊ ဘောလုံးဂျာနယ်တို့ သူ့အတွက် ဝယ်ပေးရတယ်။”

“မှော်၊ ကဝေစာအုပ်တွေကို အန်တီဖတ်လို့ရှိရင်တောင် မကြိုက်ဘူး။ ဝှက်ဝှက်ထားရတာ။ အိမ်မှာဆိုရင် ကလေးတွေ ဖတ်မှာကြောက်လို့ ဝှက်ထားရတာ။ စိုးနောင် ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ဒေါ်ရီရီနွှဲ့က ငြင်းချက်ထုတ်သည်။ 

ဒေါ်ရီရီနွှဲ့ဈေးမသွားနိုင်သည့်အခါ သမီးဖြစ်သူ မချယ်ရီပွင့်ကို မဖဲဝါစာအုပ်များ ဝယ်ခဲ့ပေးရန် မှာလိုက်ရသည်။ စာအုပ်များဝယ်လာပေးသော်လည်း ‘ဘယ်လိုစာအုပ်တွေဖတ်နေတာလဲ’ဟု မချယ်ရီပွင့်က မေးခွန်းထုတ်လေ့ရှိသည်ဟု ဆိုသည်။ 

ထိုသို့ဆိုတိုင်း ဒေါ်ရီရီနွဲ့က “ဟဲ့ ငါက ကြိုက်တာကို” ဟု ပြန်ဖြေလေ့ရှိသည်။ 

သားမက်၊ သမီးနှင့် မြေးနှစ်ယောက်သေဆုံးခဲ့သည့်တိုင် ဒေါ်ရီရီနွဲ့တစ်ယောက် အခင်းဖြစ်ပွားရာအိမ်သို့ တစ်လလျှင် အနည်းဆုံးတစ်ခေါက်မှ နှစ်ခေါက်အထိ သွားရောက်နေထိုင်လေ့ရှိသည်။ အိမ်သို့ရောက်တိုင်းလည်း မြေးနှစ်ယောက်က သူတို့ကိုသတ်သွားသူကို အသိပေးလာမည်လား အောက်မေ့ကာ ည ၁ နာရီ၊ ၂ နာရီအထိ စောင့်ဆိုင်းနေတတ်သည်။ အိမ်ထဲရှိ တောက်တဲ့မြည်သံ၊ အိမ်မြှောင်စုတ်ထိုးသံကြားတိုင်းလည်း မြေးဖြစ်သူများ ကိုယ်ထင်ပြသလားဟု တွေးတောကာ ဒေါ်ရီရီနွဲ့တစ်ယောက် ဂရုတစိုက်နားထောင်တတ်သည်။ 

သေဆုံးသူမိသားစု၏ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့ကို Myanmar Now တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ချက်

မေး။ ။ ရဲအရာရှိဟောင်း ကိုစိုးနိုင်ဟာ သူ့ကိုယ်သူလည်း သတ်သေတယ်။ အန်တီ့သမီးနဲ့ မြေးနှစ်ယောက်ကိုလည်း သတ်ခဲ့တယ်။ ဒါတွေအကုန်လုံးဟာ အိမ်ထောင်ရေးပြဿနာကြောင့်လို့ ထုတ်ပြန်ခဲ့တယ်။ အဲဒီထုတ်ပြန်ချက်အပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောရလဲ။

ဖြေ။ ။ သူတို့က ဒီအချိန်မှာ ရန်မဖြစ်ပါဘူး။ (အင်းစိန်)အောင်ဆန်းမှာတော့ဖြစ်တယ်။ ခြံတွေ ဘာတွေရောင်းပြီးတော့ စီးပွားရေးတွေလုပ်ကြတယ်။ အဆင်ပြေတယ်။ အိမ်တွေခြံတွေ အရောင်းဝယ်လုပ်တယ်။ ကျောက်လုပ်တယ်။ မိသားစုလေးက ပျော်ရွှင်နေတာပဲလေ။ ရန်ကို မဖြစ်တာ။

မေး။ ။ မိသားစုက ငွေရေးကြေးရေးပြဿနာတွေရှိတယ်။ အဲဒါကြောင့် စိတ်ဆင်းရဲပြီးတော့ မှားလုပ်မိတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ထားတယ်။

ဖြေ။ ။ သားရယ်… ဒီလောက်ပိုက်ဆံနဲ့တော့ ဘယ်သူက လုပ်မှာလဲ။ သူတို့ကိုယ်သူတို့ ဘယ်အဆုံးရှုံးခံမှာလဲ။ ကလေးတွေဆိုလည်း သူချစ်နေတဲ့ဟာကို။ သူကိုယ်တိုင် ကျောင်းပို့တယ်။ ကြိုတယ်။ ကျုရှင်ပို့တယ်။ ဆရာမတွေ မေးကြည့်။ မဖြစ်နိုင်ပါဘူး။

မေး။ ။ ကိုစိုးနောင်ဟာ ကိုယ့်ကိုကိုယ် သတ်သေတာမဟုတ်ဘူးလို့ အန်တီက ဘာလို့ထင်တာလဲ။

ဖြေ။ ။ ထင်တယ်ဆိုတာ သူ့မိသားစုက မနက်ဆိုရင် ကလေးကို ကျောင်းသွားပို့တယ်။ ရေချိုးပေးတယ်။ အန်တီက အဝတ်တွေသုတ်ပေး။ အန်တီက သနပ်ခါးသွေးပေး။ သူက လိမ်းပေးတာ။ သူ့သားလေးကို အဲဒီလောက်ချစ်တာ။ ဓာတ်ပုံဆိုရင်လည်း ကလေးကိုလည်း ဖင်ပြောင်ပုံလေးတွေရိုက်တယ်။

daw_yi_yi_nwe.jpg

အခင်းဖြစ်ပွားရာအိမ်ရှေ့တွင် တွေ့ရသည့် ဒေါ်ရီရီနွဲ့။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now) 

မေး။ ။ ကိုစိုးနောင်က ဘယ်သန်လား။ ညာသန်လား။

ဖြေ။ ။ သူက ညာသန်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့သားကို ချီတာလည်း ညာနဲ့။ ဘာပဲလုပ်လုပ် ညာသန်ပဲ။ ဒါဆိုရင် သူကျောင်းသားဘဝကပုံ။ လွယ်အိတ်လည်း အမြဲတမ်းညာဘက်ပဲ။ ဘယ်သန်မှမဟုတ်တာ။ သူ ကျောင်းသားဘဝကတည်းက ရဲတပ်သားဘဝအထိ သူ့မိန်းမကို အိမ်မှာပဲ မင်္ဂလာဆောင်တယ်။ အိမ်မှာပဲနေတယ်။ ဘာပဲလုပ်လုပ် ညာဘက်နဲ့ပဲလုပ်တာ။ ဘယ်နဲ့ကိုင်တာ တစ်ခါမှာ မတွေ့ဖူးဘူး။ ရဲတပ်ဖွဲ့က ထုတ်ပြန်တာ မဖြစ်နိုင်ဘူး။

မေး။ ။ ရဲတပ်ဖွဲ့က ကိုစိုးနောင်လက်ဝဲဘက်မှာ ဓားတွေ့တယ်။ ဘယ်သန်လည်းဖြစ်တယ်။ ဘယ်ဘက်လက်မှာ သွေးကြည်ဥတွေ တွေ့တယ်။ အဲဒါကြောင့် ကျိန်းသေပေါက် ဒီဓားကို အသုံးပြုပြီးတော့ သတ်ခဲ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်ထားတယ်။

ဖြေ။ ။ မဖြစ်နိုင်ဘူး။ အန်တီက ဘုရားနဲ့ကျမ်းကျိန်ရဲတယ်။ ဘာလို့လည်းဆိုတော့ ပထမနေ့က မြက်ပင်တွေ ရှင်းတယ်။ ပေါက်တူးတွေနဲ့ပေါက်တယ်။ ပေါက်တူးတွေနဲ့ ပေါက်တော့ ဟဲ့ နေပူတယ် ပြန်လာခဲ့တော့လို့ သွားခေါ်ရတာ။ သွားခေါ်တော့ အန်တီရယ် ဒီမှာ ကြည့်ပါဦး။ လက်တွေလည်း ရဲနေတာပဲ။ နင်က လက်ကနုတာကိုး ဆိုပြီး ပြောင်အောင်ဆေးပြီး ဆေးတွေလည်း လူးပေးလိုက်တယ်။ အန်တီကိုယ်တိုင် ပတ်တီးစီးပေးလိုက်တာ။ ဘယ်သန်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပေါက်တူးပေါက်တော့ ရှမှာပေါ့။ ဓားကိုင်တာ ညာဘက်ကပဲလေ။ အိမ်ရှေ့က မြက်တွေက အရမ်းရှည်တာ။

မေး။ ။ ရဲတပ်ဖွဲ့က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်သန်ဆိုပြီး ထုတ်လိုက်တာလို့ထင်လဲ။

ဖြေ။ ။ လူသတ်မှုဆိုတာက သူ့ကိုသတ်ပြီး ဓားကို ဘေးမှာ ထားချင်လည်း ထားမှာပဲ။ ကလေးလေးသေနေတာတောင်မှ ညာဘက်အခြမ်းမှာ ညာနဲ့ပဲ ထိုးထားတာ။ နှစ်ယောက်လုံးက အောင်ဆန်းမှာတုန်းကတော့ ရန်ဖြစ်တယ် ။ ဒါကတော့ လင်မယားဆိုတော့ ဖြစ်မှာပဲ။ ကိုယ်တွေတောင် ဖြစ်လို့ ကွဲကြသေးတာပဲ။ ဒီကောင်လေးက လိမ္မာတယ်။ ပြန်လာလို့ရှိရင် သူ့မိန်းမ၊ ကလေးတွေ အကုန်လုံးပဲ နမ်းပြီးမှ အိပ်တာ။

မေး။ ။ အခုချိန်အထိ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်က အန်တီအတွက် အဖြေမဟုတ်သေးဘူးပေါ့။

ဖြေ။ ။ မဟုတ်ဘူး။ အဖြေမဟုတ်ဘူး။ စိုးနောင်က လုပ်မှမလုပ်တာ။ လူတစ်ယောက်ကို တစ်ချက်ပဲထိုးကြည့်လိုက်။ သူ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ လေးချက်တောင်လေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ သူများလုပ်လို့ပေါ့။ တစ်ချက်တောင်မှ သူမနည်းထိုးရမှာ။ ဘယ်လိုလုပ် ထပ်ထိုးနိုင်မှာလဲ။

မေး။ ။ ကိုစိုးနောင်ရဲ့အကို ဆရာတော်ဦးဝိစာရကို မေးကြည့်တဲ့အခါကျတော့ အခင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ ကိုစိုးနောင်က ဖုန်းဆက်ပြီး ပြောတယ်။ ဒီမှာ နေလို့ သိပ်မကောင်းတော့ဘူး။ အန္တရာယ်ကျရောက်တော့မယ့် ပုံစံမျိုးဖြစ်နေပြီ။ မဒေါက်ကို ပြန်ချင်တယ်။ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးကိုလည်း သူစိုးရိမ်တယ်။ ဆိုတဲ့အခါကျတော့ ကိုစိုးနောင်မှာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ။ ။ အကြွေးတစ်ခုကို ပေးစရာရှိတယ်။ ကိုယ်က ရစရာရှိတာလည်း တောင်းမရဘူး။ ပေးစရာရှိတာက ၂၀ ကျော် (ကျပ်သိန်း) အဲဒီလောက်ပိုက်ဆံက ဘာမှ မဟုတ်ဘူး။ မအေကို ပြောရင်တောင်မှ နင်ဟယ်.. ဘာလို့ ပြောင်းမှာတုန်း။ အဲဒီပိုက်ဆံကို ငါပေးမှာပေါ့လို့ အဲဒီနေ့ကတောင်မှ ပြောလိုက်သေးတယ်။ စိုးနောင်ရဲ့အကို လာတယ်။ ဆွမ်းကပ်တယ်။ ကျွန်တော်က မဒေါက်ကို ပြန်မှာတဲ့။ ဟယ်.. အမေလည်း လိုက်မှာပေါ့လို့။ အမေက ဒီမှာ ပစ္စည်းတွေရောင်းပြီး ပြန်လာမယ်လေလို့ဆိုတော့ ကောင်းတယ်၊ ကောင်းတယ်တဲ့။ ဘုန်းဘုန်းကလည်း ပြန်မယ်ဆိုလို့ ပြန်သွားတယ်။ အဲဒီနေ့ပဲ ဖြစ်တာ။

မေး။ ။ ဒီကနေ ပြန်ရလောက်အောင် စိုးရိမ်သောကတွေဖြစ်နေတာဆိုတော့ ဘယ်လိုပြဿနာ ရင်ဆိုင်နေရလို့လဲ။

ဖြေ။ ။ အန္တရာယ်တွေများနေတယ်လေ။ အလုပ်လျှောက်ရင်လည်း ဥက္ကဌက လျှောက်လွှာမပေးဘူး။ အဲဒါလည်း အိမ်မှာပြောတယ်။

မေး။ ။ ရဲထဲကနေ ထွက်လိုက်ရတာ ပြဿနာတွေရှိလို့လား။

ဖြေ။ ။ ရှိလို့နေမယ်။ ဘာလို့လည်းဆိုတော့ လက်မှတ်အတင်းထိုးခိုင်းတာတို့ ရှိတယ်။ အိမ်က သမီးက မထိုးဘူးဟယ် ... လုပ်တယ်။ ဘယ်လိုလုပ်လဲတော့ မသိဘူး။ ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ့်ကိုလည်း မပြောဘူး။ ပြောရင်လည်း တားတယ်လေ။ ဘာလို့လုပ်လဲဆိုတော့ သူ တော်တော်ကို စိတ်ညစ်နေတာ။ ထွက်မယ်ဆိုတာချည်းပဲ။ ဒါ အန္တရာယ်တစ်ခုခုကျရောက်နေလို့ပေါ့။ နောက် ဒီလိုအချိန်ဆိုရင် သူပင်စင်ရမှာလေ။ ပင်စင်လည်း မရဘူး။ သေတဲ့ ဘဝကို ရောက်သွားတာ။

မေး။ ။ ဘယ်လောက်လောက်အထိ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ဘယ်လိုထွက်သွားရလဲ။

ဖြေ။ ။ မူးယစ်တွေ ဘာတွေဖမ်းဆိုတော့ သူက လူမှန်ကြီးလေ။ သူက ဖမ်းမှာ။ ဟိုက လွှတ်လိုက်တော့ သူလည်း စိတ်တိုပြီးတော့ ထွက်မှာပေါ့။ ဒါကြောင့်မို့လည်း ထွက်ခွင့်ပေးတာ။ အပြင်ရောက်တော့ သတ်တာပေါ့။

မေး။ ။ သူက ဘယ်ဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာလဲ။

ဖြေ။ ။ ထန်းတပင်လားတစ်ခါ သင်တန်းဆင်းတယ်။ အဲဒါပြီးတော့ ရဲတပ်ရင်း ၈ ကို ပြောင်းလာတယ်။ အန်တီက ခြံတွေ၊ အိမ်တွေရောင်းတယ်။ နောက် ခြံတွေဝယ်၊ အိမ်တွေဆောက် သူတို့ကိုပဲပေး။ ကဲ ငါနားမယ်။ နင်တို့ အလုပ်လုပ်တော့လို့ ပြောတယ်။ အဲဒီမှာ အုတ်သဲကျောက်လုပ်တယ်။ ဖွားဖွား သားကားဝယ်မယ်။ အေး…ဝယ်ဝယ်။ တော်တော်ကြာခြံဝယ်မယ်။ ဝယ်, ဝယ်ပေါ့။ ပိုက်ဆံကို ကိုင်ကိုမကြည့်တာ။ သူတို့ပဲ လုပ်နေတာ။ ပိုက်ဆံတွေက ဘယ်လိုဖြစ်လဲတော့ မသိဘူး။ အလိမ်ခံရတာတွေလည်းပါတယ်။ ပိုက်ဆံလေး ၂၀ ကျော်ကို ပြဿနာရှာတာတွေလည်း ပါတာပေါ့။ အမေရေ့ အဲဒီမိန်းမကြီးလေ စုန်းမကြီးကျနေတာပဲ။ ဘာညာနဲ့။ နင်တို့ ဘယ်လောက်ပေးရမလဲဆိုတော့ ပြောပြတယ်။ အေး အမေပေးမယ်။ ဒါမှမဟုတ် တစ်ခုခုပဲ ပြန်ရောင်း။ ဆိုင်ခန်းတွေပဲ ရောင်း။ ခြံတွေလည်း ဝယ်ထားတာပဲ။ ဒါမှမဟုတ် ဆိုင်ခန်းကို ပေးလိုက်။ ပြဿနာတော့ အဖြစ်မခံနဲ့လို့ ပြောလိုက်တယ်။ အဲဒီရက်ပဲ ပြောတာ။ အဲဒီရက်ထဲမှာပဲ ဖြစ်တာ။

မေး။ ။ ကလေးတွေနဲ့ ဖအေနဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ သူ့သားတွေကို အရမ်းချစ်တာ။ သူ့သားလေးရေချိုးခန်းကထွက်ရင် ဖင်ပြောင်ကြီး။ ဓာတ်ပုံတောင် ရိုက်ထားတယ်။ ရိုက်ပြီးရင် ချက်ချင်း ဓာတ်ပုံဆိုင်မှာ သွားကူးတာ။ ပြီးရင် သားလေး…ဒီမှာ ကြည့်စမ်း ဖင်ပြောင်ကြီးဆိုပြီး စတာ။ သူ့သားလေးကို အရမ်းချစ်တာ။ ဒီကိုရောက်လာကတည်းက ရန်ဖြစ်တာ လုံးဝမကြားဖူးဘူး။ အငယ်လေးက သူ့အဖေနဲ့ ခွဲလို့ကို မရဘူး။

မေး။ ။ အခု ကိုစိုးနောင်တို့သေဆုံးသွားတာ လေးနှစ်ပြည့်ပြီပေါ့။ အခုအနေအထားမှာရော ဘာများပြောချင်လဲ။

ဖြေ။ ။ အမှုမှန်ပေါ်ပေါက်ရေးကို တွေးမိလိုက်ရင်၊ အန်တီရင်ထဲမှာ ပြည့်ကျပ်ရင် ဒီကိုလာတယ်။ ကျိန်းသေအောင်လို့ CID ကို သုံးခါလောက်သွားတယ်။ သူတို့ရှောင်နေတာ။ တော်ကြာ..ဟိုအစည်းအဝေးသွားတယ်။ တော်ကြာ ဟိုဟာသွားတယ်။ ရဲမှူးနဲ့ ပေးမတွေ့ဘူး။

တကယ်လို့ အမှုမှန်ဖော်မယ်ဆိုရင် ဟိုသုံးယောက် (အခင်းမဖြစ်ပွားမီတွင် အိမ်အနီးအနားလာရောက်ချောင်းမြောင်းခဲ့သည့် သူစိမ်းသုံးဦး) ကို ပြလို့ အန်တီပြောသေးတယ်။ မပြဘဲနဲ့ အဲဒီလိုထုတ်ပြန်လိုက်တော့ အန်တီက ဘယ်ရင်ထဲ ကောင်းမလဲ။ ကိုယ်မွေးထုတ်ထားတာလေ။

သူတို့တွေက အခုဆိုရင် ပညာတတ်တွေဖြစ်နေမှာလေ။ စာလည်းတော်တယ်။ လိမ်လည်းလိမ္မာတယ်။ စိုးနောင်ကလည်း အရမ်းဂရုစိုက်တယ်။ မအေကလည်း ဂရုစိုက်တယ်။ သူတို့ကလေးတွေလေ။ အန်တီက သူတို့ ပျော်ရွှင်နေရင် ပျော်နေတာ။ အန်တီအနေနဲ့ကတော့ ဖအေကနေ သားကိုသတ်တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့သားဖချင်း အရမ်းချစ်တာကို။ အမှုမှန်ပေါ်ပေါက်ရေးကို နေ့တိုင်း ဘုရားမှာ ဆုတောင်းတယ်။ သူတော်ကောင်းနဲ့တွေ့ပါစေလို့လည်း အမြဲတမ်းဆုတောင်းတယ်။

အမြဲတမ်း ဒီကိစ္စပဲ ရင်ဘတ်ထဲမှာတွေးနေရတာ။

ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်- မေးခွန်းများစွာကျန်နေဆဲ မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှု

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading