လက်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွမ်းဆောင်ချက်များကို အားမရသဖြင့် အရပ်ဘက်အဖွဲ့အစည်းများတွင် ကျင်လည်ခဲ့သူ လူငယ်အချို့ ရွေးကောက်ပွဲဝင်ပြိုင်ကြမည်ဖြစ်သည်

Published on Aug 28, 2020
ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် စစ်ပွဲများရပ်တန့်ပေးရန် တောင်းဆိုလှုပ်ရှားမှုတစ်ခုတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now) 
ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် စစ်ပွဲများရပ်တန့်ပေးရန် တောင်းဆိုလှုပ်ရှားမှုတစ်ခုတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလူငယ်များကို တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now) 

တပ်မတော်အစိုးရခေတ်အစောပိုင်း ၁၉၉၅ တွင် ကျောက်မျက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကြောင့် ကချင်ပြည်နယ် ဖားကန့်ရှိ မိရိုးဖလာကျောက်စိမ်းလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။ ဒေသခံတိုင်းရင်းသား ကျောက်တူးသမားများ လုပ်ကိုင်ခွင့်မရတော့ဘဲ စီးပွားရေးပျက်ခဲ့ရသည်။ 

ဖားကန့်ဒေသခံ ကျောက်တူးသမားတစ်ဦး၏ သားဖြစ်သူ ကိုမော်ထွန်းအောင်တစ်ယောက် ထိုကာလကို ကောင်းစွာအမှတ်ရမိနေသေးသည်။ ထိုအချိန်က ၎င်းမှာ အလယ်တန်းကျောင်းသားအရွယ်သာရှိသေးသည်။ 

ဖခင်ဖြစ်သူက ကျောက်တူးလုပ်ငန်းဖြင့် ဖားကန့်နှင့် မြစ်ကြီးနားကို ကူးချည်သန်းချည် လုပ်ကိုင်နေချိန်တွင် ကိုမော်ထွန်းအောင်နှင့် မိခင်ဖြစ်သူ အလယ်တန်းပြဆရာမတို့မှာ ၁၉၈၆ ခုနှစ် ကတည်းက ရန်ကုန်သို့ ပြောင်းရွှေ့အခြေချခဲ့သည်။ 

ဥပဒေအပြောင်းအလဲတစ်ခု၏ ကောင်းခြင်းဆိုးခြင်းကို မဝေဖန်တတ်သေးသည့်အရွယ်ဖြစ်သော်လည်း ရိုက်ခတ်မှုကြီးခဲ့သည်ကိုတော့ ကိုမော်ထွန်းအောင် နားလည်သိရှိခဲ့သည်။ မိဘများ စီးပွားရေးမပြေလည်တော့သဖြင့် ကိုယ့်ဘဝကိုယ်ကျောင်းရင်း ပညာသင်ခဲ့ရသည်။

ထို့နောက် ၂၀၀၄ မှ စကာ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော နာဂစ်မုန်တိုင်းဖြစ်ပြီးချိန်တွင် မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက်ကာ အရေးပေါ်တုံ့ပြန်ကူညီရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အုပ်ချုပ်ရေးစနစ် အပျက်အယွင်းများနှင့် တာဝန်ယူမှုအားနည်းပုံကို မျက်ဝါးထင်ထင် သိမြင်ခဲ့ရသည်။ 

ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုတွင် လူမှုဖွံ့ဖြိုးရေးနှင့် မူဝါဒဆိုင်ရာ ဘာသာရပ်များ သင်ယူခွင့်ရသည့်အခါ ဌာနေတိုင်းရင်းသားများအပေါ် အကြီးစားစီမံကိန်းများ၏ ဆိုးကျိုးသက်ရောက်မှုကို ထဲထဲဝင်ဝင် သိရှိလာခဲ့သည်။ 

ပြည်ပပညာသင်ဘဝမှစ၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများနယ်ပယ်တွင် ၁၅ နှစ်ခန့် ကျင်လည်လုပ်ကိုင်ခဲ့သည်။ မကြာသေးခင်အချိန်ထိ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု စောင့်ကြည့်လေ့လာခြင်းများ လုပ်ဆောင်သည့် နယူးယောက်အခြေစိုက်နိုင်ငံတကာအဖွဲ့အစည်း NRGI တွင် မြန်မာနိုင်ငံဌာနေ မန်နေဂျာအဖြစ် ငါးနှစ်ခန့် လုပ်ကိုင်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာပူးတွဲကော်မတီ (UPDJC) ၌ နိုင်ငံရေးပါတီများအစုအဖွဲ့အတွက် နည်းပညာအထောက်အကူပြုပေးသူအဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ဖူးသည်။

အစိုးရ၏ မူဝါဒနှင့် ဥပဒေရေးရာအားနည်းချက်များကို ထောက်ပြပြောဆိုရင်း ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကို‌မော်ထွန်းအောင်ကဆိုသည်။ 

၎င်းသည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားပြုကာ ရှမ်းပြည်နယ် မူဆယ်ခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဥပဒေပြုရေးနှင့် အစိုးရမူဝါဒများ ထိန်းကျောင်းရေးအပိုင်းတွင် ထိထိရောက်ရောက် လုပ်ဆောင်ပေးလိုသောကြောင့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို ဝင်ရောက်ရခြင်းဖြစ်သည်ဟု အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ကိုမော်ထွန်းအောင်က ဆိုသည်။

“ကျွန်တော် မြင်လာတာက နိုင်ငံရေးမပါသည့် မူဝါဒနဲ့ မူဝါဒမပါသည့် နိုင်ငံရေးကလည်း အတူတူပဲ ဘယ်မှ မရောက်ဘူး။ နိုင်ငံရေးစိတ်ဆန္ဒမပါဘဲနဲ့ မူဝါဒတွေကို လုပ်ရင်လည်း မရဘူး။ နိုင်ငံရေးသမားကလည်း ဒီမူဝါဒတွေကို မသိဘဲနဲ့ လျှောက်လုပ်နေရင် ပြည်ပျက်တယ်လေ” ဟု ကိုမော်ထွန်းအောင်က ပြောသည်။

၎င်းဝင်ရောက်အရွေးခံမည့် မူဆယ်ခရိုင်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် မူဆယ်၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်များပါဝင်ကာ တိုင်းရင်းသားစုံသည့် နေရာတစ်ခုလည်းဖြစ်သည်။ SNLD ၏ အနိုင်ရခြေကို သဘောကျသကဲ့သို့ လူမျိုးရေးအခြေပြုပါတီမဟုတ်ဘဲ မူဝါဒကိုအခြေပြုသည့်ပါတီအဖြစ် ပြောင်းလဲမည်ဟု နှုတ်ပြောတင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်နေခြင်းက ၎င်းအတွက် ကျားခေါင်းပါတီကိုရွေးချယ်ရန် ဖြစ်လာသည်ဟု ကိုမော်ထွန်းအောင်က ဆိုသည်။

ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သော်လည်း ရှမ်းမြောက်ကဲ့သို့ဒေသမျိုးတွင် ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ဖြစ်ရခြင်းမှာ ယင်းဒေသသည် ၎င်းလေ့လာခဲ့သော မူဝါဒရေးရာပညာရပ်များ၊ လုပ်ကိုင်ခဲ့သည့် သယံဇာတအုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံများကို ကောင်းစွာအသုံးချနိုင်မည့်နေရာ ဖြစ်သည့်အတွက်ကြောင့်ဟု ကိုမော်ထွန်းအောင်က ပြောသည်။

“ဒီဒေသကြီးက မကြာခင်မှာပေါ့နော် BRI (တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း) အတွက် ဝင်ပေါက်ကြီး။ အဲဒီတော့ ပြည်သူတွေ နစ်နာမယ့်ကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တာတွေကို လွှတ်တော်ထဲမှာ ပြောင်းနိုင်ဖို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

“BRI နဲ့ ပတ်သက်ပြီး တိတိကျကျသိလာရင် ဒေသခံတွေ အခွင့်အရေးတစ်စက်မှ မဆုံးရှုံးရအောင် ကျွန်တော်တို့က လုပ်ရမှာပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။

ကိုမော်ထွန်းအောင်ကဲ့သို့ပင် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားမှု နောက်ခံရှိလူငယ်များသည် ရွေးကောက်ခံနိုင်ငံရေးလမ်းကြောင်းဆီ ဦးတည်လာကြသည်ကို ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် တွေ့မြင်လာရသည်။  

ရွေးကောက်ခံနိုင်ငံရေးလမ်းကြောင်းသို့ ဝင်ရောက်ကြသည့် မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများသည် ယခင်က လွှတ်တော်ပြင်ပနည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စွမ်းဆောင်ချက်များကို အားမရသဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒရှိနေကြသည်။ 

တောင်သူအရေး လွှတ်တော်မှတစ်ဆင့် လုပ်ပေးချင်သူ

ရွေးကောက်ခံနိုင်ငံရေးဝင်ရောက်လာသူ လူငယ်များတွင် ကျင်လည်ခဲ့ရာ နယ်ပယ်နှင့် ကျွမ်းကျင်မှုများ မတူညီကြပေ။ အခြေအနေအရ နိုင်ငံရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်လိုသူများ ရှိနေသလို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

ပဲခူးတိုင်း နတ်တလင်းသား ကိုသန့်ဇင်ထက်မှာ နတ်တလင်းပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီ (NLD) ၏ လူငယ်အဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်သည်။ ၂၀၀၈ တွင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒမဲမပေးရန် ဆန့်ကျင်လှုပ်ရှားခဲ့မှုများကြောင့် အသင်းအဖွဲ့ဥပဒေဖြင့် ခြောက်လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

NLD က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သည့် ၂၀၁၂ တွင်မူ နိုင်ငံရေးယုံကြည်ချက်အရ မိခင်ပါတီနှင့် လမ်းခွဲခဲ့သည်။ ထို့နောက် တောင်သူလယ်သမားနှင့် မြေယာအရေး အဓိကဆောင်ရွက်သည့် ပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားများသမဂ္ဂတွင် တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

တောင်သူလယ်သမားများ၏ အခွင့်အရေးကို ဥပဒေပြုရေးလမ်းကြောင်းမှတစ်ဆင့် တောင်းဆိုပေးလိုသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟု အသက် ၃၀ အရွယ်ရှိ ကိုသန့်ဇင်ထက်က ဆိုသည်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဆိုသော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ပါတီများအပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တို့နှင့် မိတ်ဖက်ပြုကာ လှုပ်ရှားမည်ဟု ကိုသန့်ဇင်ထက်က ဆိုသည်။ 

ကိုသန့်ဇင်ထက်သည် ထွန်တုံးတိုက်ပွဲခေါ် သိမ်းဆည်းလယ်ယာမြေအရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၂ တွင် တစ်ကြိမ်၊ ၂၀၁၄ တွင် တစ်ကြိမ် နှစ်ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နှစ်ကြိမ်လုံးတွင် ခြောက်လခန့် ထိန်းသိမ်းခံရပြီး လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။ 

အမျိုးသမီးများအတွက် နိုင်ငံရေးလမ်းဖောက်ချင်သူ

ကိုသန့်ဇင်ထက်ကဲ့သို့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှု မရှိသော်လည်း မိမိပြည်နယ်တွင် ပညာရည်မြင့်မားရေး၊ အမျိုးသမီးများအတွက် တန်းတူအခွင့်အရေး ရရှိစေနိုင်ရေး လွှတ်တော်အတွင်းမှ ဝင်ရောက်ကြိုးပမ်းလိုသူတစ်ဦးက ဇိုတုန်လူမျိုး ချင်းတိုင်းရင်းသူ မလင်းလင်းထွန်း ဖြစ်သည်။

အစိုးရဝန်ထမ်းဖြစ်သူ ဖခင်တာဝန်ကျရာ ပဲခူးမြို့တွင် မွေးဖွားခဲ့သော်လည်း စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ မုံရွာတက္ကသိုလ်၌ အင်္ဂလိပ်စာမဟာတန်းပြီးခဲ့သူ မလင်းလင်းထွန်းသည် ၂၀၁၃ မှစ၍ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ချင်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် မြေပြန့်ဒေသများမှ ဆန်းဒေးစကူးလ်၊ ဓမ္မစကူးလ်များနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းများပေးရာတွင် အလွတ်တန်း ပံ့ပိုးဆောင်ရွက်ရာတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်သာမက ကိုယ်တိုင်လည်း Kua Education Center ကို တွဲဖက်တည်ထောင် လုပ်ကိုင်ခဲ့သည်။ 

အသက် ၃၇ နှစ်အရွယ် မလင်းလင်းထွန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ကိုယ်စားပြုပြီး ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

လွှတ်တော်နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု ရာခိုင်နှုန်း မည်မျှရှိရမည်ဟူသော သတ်မှတ်ချက်၊ ဖော်ညွှန်းချက်များမှာ မြန်မာနိုင်ငံအတွက် စာအုပ်များထဲတွင်သာ ရှိနေသေးသည့်အချက်ကို ၎င်းက ထောက်ပြသည်။

“ကိုယ် ဒီဟာ (လွှတ်တော်နိုင်ငံရေး) ကို ဝင်တာက ခေါင်းတိုက်ပြီးဝင်တာပေါ့နော် … ကိုယ်ဝင်လိုက်ပြီးရင် တခြား နောက်က အမျိုးသမီးလေးတွေလည်း ဆက်ပြီး ဝင်လာနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု သူက ရှင်းပြသည်။

မလင်းလင်းထွန်းကိုယ်စားပြုသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ယင်းအမည်ဖြင့်ပင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ချင်းပြည်နယ်၌ နှစ်နေရာအနိုင်ရသော်လည်း ထိုစဉ်က စစ်အစိုးရသည် အာဏာလွှဲပြောင်းမပေးဘဲ အမျိုးသားညီလာခံကျင်းပရေးစီစဉ်မှုအပေါ် ကန့်ကွက်သည့် ပါတီများကို ဖျက်သိမ်းရာ CNLD ပါဝင်ခဲ့သည်။ 

ယင်းနောက် ပါတီဝင်ဟောင်းများသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလများတွင် ချင်းပါတီသုံးခုကို အသီးသီးတည်ထောင်ခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင် ချင်းပါတီသုံးခုလုံးကို အတူတကွပေါင်းစည်းထားသည့် CNLD ကို ပြန်လည်ထူထောင်နိုင်ခဲ့ကြသည်။ 

ချင်းပြည်နယ်မှ တစ်ဖန် မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်သို့ လှမ်းမျှော်ကြည့်ပါက အရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားမှု နောက်ခံရှိသူများ ရွေးကောက်ခံနိုင်ငံရေးပါဝင်ရန် စိတ်အားထက်သန်နေသူများကို တွေ့ရသည်။ 

အသက် ၂၆ နှစ်အရွယ်သာရှိသေးသည့် ကချင်တိုင်းရင်းသူ ဆိုင်းနုပန်က လာမည့်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကချင်ပါတီလေးခု ပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party-KSPP) ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။ 

အသက် ၁၈ နှစ်အရွယ်ကတည်းကပင် ဆိုင်းနုပန်တစ်ယောက် ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ကချင်ပြည်နယ်ကျောင်းသားသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၄ မှစကာ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သည်။ 

ကချင်ပြည်နယ်တိုက်ပွဲများအတွင်း တောထဲပိတ်မိနေသည့် ဒေသခံများအတွက် တောင်းဆိုဆန္ဒပြမှု၊ စစ်ဘေးရှောင်များ၏ ဘဝအခက်အခဲ သရုပ်ဖော်သည့် ပြဇာတ်ကပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်း စသည့်လှုပ်ရှားမှုများတွင် လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

“လူငယ်တွေနဲ့ပတ်သက်တဲ့ Policy (မူဝါဒ) တော့ ရှိပြီ။ အဲဒါကို အကောင်အထည်ပေါ်အောင် အကောင်းဆုံးလုပ်ဆောင်မယ်။ အမျိုးသမီးမူဝါဒကို Implementation Process (အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်) အထိ ရောက်အောင် လုပ်ဆောင်ချင်တယ်” ဟု ဆိုင်းနုပန်က ၎င်း၏ လွှတ်တော်နိုင်ငံရေးရည်မှန်းချက်ကို ပြောပြသည်။

ထို့အပြင် အစိုးရအနေဖြင့် ကချင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်သည့် အတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းထားရှိပေးစေလိုပြီး ပြည်သူများကြုံတွေ့ရသော အခက်အခဲများ၊ ဖြစ်ချင်သည့်ဆန္ဒများကို လွတ်လပ်စွာတင်ပြနိုင်မည့် ပြည်သူ့ဆက်ဆံရေးရုံးတစ်ခုလည်း ထားရှိပေးစေလိုသည်ဟု ဆိုင်းနုပန်က ဆိုသည်။

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်ကို တည်ဆောက်ချင်တာကတော့ ကျွန်မရဲ့ အန္တိမပန်းတိုင်ပါ” ဟု ဆိုင်းနုပန်က ပြောသည်။

“အိပ်နေတဲ့ လွှတ်တော်ကို အသက်ပြန်သွင်းရမယ်”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များ လွှမ်းမိုးခဲ့သည့် လွှတ်တော်သက်တမ်းနှစ်ခုအတွင်း အစည်းအဝေးချိန်များတွင် အိပ်ငိုက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဓာတ်ပုံများက လူအများရယ်စရာဖြစ်သည်။ ဥပဒေပြုပြင်ရေး အကြိတ်အနယ်ဆွေးနွေးရမည့်အစား အိပ်ပျော်နေသည့် လွှတ်တော်ဟု သရော်ကြသည်။

ထို “အိပ်နေတဲ့ လွှတ်တော်ကို ကျွန်တော်တို့ အသက်ပြန်သွင်းရမယ်” ဟု ဆိုလာသူက ကိုနေယံဦးဆိုသူ လူငယ်ဖြစ်သည်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းပေါ်ရှိ တိုက်တစ်တိုက်၏ အခန်းကျဉ်းတစ်ခုရှေ့ ဝရံတာတွင် ပြည်သူ့ပါတီအလံက တစ်လွင့်လွင့်ရှိနေသည်။ အခန်းထဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ကူညီပေးနေသူ လူငယ်နှစ်ဦးတွေ့ရသည်။ ပြည်သူ့ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုနေယံဦးကို ကူညီပေးနေသူများဖြစ်သည်။ 

အသက် ၃၄ နှစ်အရွယ် ကိုနေယံဦးသည် အမေရိကန်မြောက်ပိုင်း အီလီနွိုက်နှင့် အောက်စဖို့တက္ကသိုလ်တို့မှ နိုင်ငံရေးသိပ္ပံနှင့် အများပြည်သူဆိုင်ရာ မူဝါဒရေးရာ မဟာဘွဲ့များ ရရှိခဲ့သူဖြစ်သည်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဝါရင့်နိုင်ငံရေးသမား ဦးကိုကိုကြီးနှင့် ဝါဒတူပုဂ္ဂိုလ်များ ပူးပေါင်းတည်ထောင်ထားသည့် ပြည်သူ့ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကိုနေယံဦးဆုံးဖြတ်ထားသည်။ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ 

ပြည်သူ့ပါတီ ပေါ်ပေါက်မလာခင်ကတည်းကပင် ဦးကိုကိုကြီးအပါအဝင် အခြားပါတီကခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်ဟု ကိုနေယံဦးက ပြောသည်။ 

“နိုင်ငံရေးအရ မာတယ်၊ ဖြတ်သန်းမှုက ကြာတယ်ဗျာ။ ယုံကြည်ချက်အရ သာတယ်ဗျ၊ သူတို့ရဲ့ ယုံကြည်ချက်ကို မယိမ်းမယိုင်ဘဲနဲ့ ကိုင်ဆွဲလာတာ အနှစ် ၃၀ နီးနီးရှိပြီ။ ဆိုတော့ ဒီသုံးချက်ကြောင့် ပြည်သူ့ပါတီကို ရွေးတာပါ” ဟု ကိုနေယံဦးက ပြောသည်။ 

၂၀၁၅ ခုနှစ်ကတည်းက ပညာရပ်ပိုင်းဆိုင်ရာသုတေသီတစ်ဦးအဖြစ် ရပ်တည်ခဲ့သည့် ကိုနေယံဦးအနေဖြင့် အာဏာရပါတီ NLD ကို ရင်ဆိုင်ရန် အသင့်ရှိနေသည်။

“အများလက်ခံထားတဲ့ ပုံစံအရတော့ ၂၀၂၀ မှာလည်း NLD ပဲ နိုင်မယ်ပေါ့၊ အထူးသဖြင့် ရန်ကုန်လို နေရာမျိုးမှာပေါ့။ ကျနော့်ရဲ့ Team (အောင်နိုင်ရေးအဖွဲ့) က သေးသေးလေး၊ ရွေးကောက်ပွဲရန်ပုံငွေလည်း နည်းတယ်” ဟု ကိုနေယံဦးက ဆိုသည်။

သို့သော် သူ့အဖွဲ့၏ အားသာချက်များဖြစ်သည့် သုတေသနပိုင်းအားသာချက်ရှိခြင်း၊ ခေတ်မီသစ်လွင်သည့် အောင်နိုင်ရေး လှုံ့ဆော်မှုနည်းနာများ သိရှိထားခြင်း၊ ဆိုရှယ်မီဒီယာကျွမ်းကျင်ခြင်းများကြောင့် “ကျနော်ကတော့ စောင့်ကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်” ဟု ကိုနေယံဦးက ဆိုသည်။

နှဖူးတွေ့ဒူးတွေ့ပြိုင်ပွဲ 

နိုင်ငံရေးအားကစားပြိုင်တွင် ပထမဆုံးခြေစမ်းကြမည့် မျက်နှာသစ်များအတွက် နှဖူးတွေ့ဒူးတွေ့ ကြုံလာရမည့် ပြိုင်ဆိုင်မှုသည် ခက်ခဲပြင်းထန်မည်ဖြစ်သည်။ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများတွင် နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင်လုပ်ကိုင်ခဲ့သူများအတွက် ပြည်သူ့ဆန္ဒမဲရရန် မခက်ခဲသော်လည်း အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ ပြည်သူများ၏ ပါတီအစွဲဖြစ်သည်။

အသက် ၄၀ အရွယ် မခင်ထိပ်ထားတစ်ယောက် ဇာတိမြေတောင်ကုတ်မြို့နယ်မှ ရွေးကောက်ပွဲဝင်ပြိုင်မည်ဖြစ်သည်။ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်းအဖြစ် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မခင်ထိပ်ထားသည် ရခိုင်ပြည်ရေးဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရခိုင်စစ်ဘေးရှောင်များ၏ ကလေးငယ်များအတွက် ပညာရေးဖောင်ဒေးရှင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်းဖြစ်သူ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်နေခဲ့သူ ဒေါက်တာတင်မာအောင်တို့သည်လည်း တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဦးမင်းအောင်သည် အာဏာရ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်ကာ ဒေါက်တာတင်မာအောင်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ 

“ရခိုင်ပြည်နယ်က နိုင်ငံရဲ့ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့အပြင် စစ်ဘေးပါဖြစ်နေတယ်။ ဘာမှမလုပ်ဘဲနဲ့ ပြေးနေရ၊ ပုန်းရှောင်နေရတာတွေလည်း ရှိတယ်။ လွှတ်တော်ကနေတစ်ဆင့် မြန်မာပြည်သူပြည်သားအားလုံးသိအောင် လုပ်ဆောင်ချင်ပါတယ်” ဟု မခင်ထိပ်ထားက ပြောသည်။ 

အရပ်ဘက်အဖွဲ့အစည်းများနယ်ပယ်တွင် ကျင်လည်ခဲ့သူ မျက်နှာသစ်လူငယ်များအနေဖြင့် ဝါရင့်သမာရင့် နိုင်ငံရေးသမားများနှင့်အပြိုင် သူနိုင်ကိုယ်နိုင် ရွေးကောက်ပွဲဝင်ပြိုင်ကြတော့မည်ဖြစ်သည်။  

ရှမ်းပြည်နယ်မြောင်ပိုင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လူငယ်မျက်နှာသစ်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ကျားခေါင်းပါတီကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု စောင့်ကြည်ရေး အဖွဲ့ (MATA) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းဖြစ်သည်။ 

ကယားပြည်နယ် ဖရူဆိုမြို့နယ် အမျိုးသားမဲဆန္ဒနယ် ၈ တွင် အသက် ၃၅ နှစ်အရွယ် ခူးတူရယ်က ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) ကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ အဖိနှိပ်ခံ ကရင်နီဌာနေတိုင်းရင်းသားများနှင့်အတူ လယ်ယာမြေအရေးဆောင်ရွက်ပေးခဲ့ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။ 

ရခိုင်တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်သူ ကိုတင်ထူးအောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ တွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ ကိုတင်ထူးအောင်သည် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌလည်း ဖြစ်သည်။ 

တစ်ပွဲထိုးမဖြစ်စေလို

ပါတီနိုင်ငံရေးအတွေ့အကြုံ မရှိလှသော်လည်း တိုင်းပြည်အပြောင်းအလဲအတွက် အရပ်ဘက်အဖွဲ့အစည်းနှင့် တက်ကြွလှုပ်ရှားသူနယ်ပယ်တွင် ကျင်လည်ခဲ့သူ လူငယ်များ ရွေကောက်ပွဲပါဝင်လာခြင်းကို အများစုက ကြိုဆိုကြသည်။ 

မျက်နှာသစ်လူငယ်များ နိုင်ငံရေးဇာတ်ခုံပေါ် တက်လာခြင်းသည် တိုင်းပြည်တည်ဆောက်ရေး အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု NLD ၏ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ကိုနေဘုန်းလတ်က ပြောသည်။

“လူထုအခြေပြုလုပ်ငန်းတွေ သူတို့တွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့သိမှုတွေက ဒီဘက် လွှတ်တော်နိုင်ငံရေးပိုင်း ဝင်လာတဲ့အခါမှာ တစ်စုံတစ်ရာ အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုနေဘုန်းလတ်သည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမဖြစ်ခင်က ဘလော့ရေးသားသူ၊ မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ကို တွဲဖက်တည်ထောင်ခဲ့သူဖြစ်ပြီး Pen Myanmar အဖွဲ့၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။  

ထိုသို့သော ပုဂ္ဂိုလ်များ နိုင်ငံရေးတွင် စိတ်ပါဝင်စားလာခြင်းသည် ဦးတည်ချက်၊ ရည်ရွယ်ချက်များ ကောင်းမွန်ပါက တိုင်းပြည်အတွက် အခြေအနေကောင်းများ ဖြစ်လာနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆိုသည်။ 

“ဒါမှမဟုတ် သူတို့က တခြားသော ရည်ရွယ်ချက်တွေ ပါဝင်လာတယ်ဆိုရင်တော့ ဒါက အန္တရာယ်ရှိတာပေါ့” ဟု ၎င်းက ပြောသည်။ “ကိုယ့်တိုင်းပြည်ပျက်စီးစေမယ့်၊ အကျိုးယုတ်စေမယ့် ကိစ္စမျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ မကောင်းပါဘူး” ဟု ဦးသောင်းအေးက ဆက်လက်ရှင်းပြသည်။ 

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကမူ ရွေးကောက်ခံနိုင်ငံရေးအတွေ့အကြုံ မရှိကြသေး၍ နိုင်ငံရေးကို ပိုလေ့လာကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေးသမားဖြစ်အောင် အဆင့်ဆင့်တည်ဆောက်သွားကြရန်လိုကြောင်း ထောက်ပြကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲတစ်ခုတည်းကိုသာ ရည်မှန်းချက်ထားခြင်းမျိုးမဟုတ်ဘဲ နောက်ထပ်  ၂၀၂၅၊  ၂၀၃၀ ရွေးကောက်ပွဲများအတွက်ပါ ရေရှည်အမြင်ဖြင့် ပြင်ဆင်သင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုသည်။

အရွေးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူလူထုနှင့်အတူရပ်တည်လျက် ပြည်သူ့ဘက်တော်သားအဖြစ် တစ်စိုက်မတ်မတ်လုပ်ကြရန် လိုအပ်သလို “ရွေးကောက်ပွဲဆိုတာ တစ်ပွဲတိုး ပြိုင်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသည်။

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading