ကန့်ကွက်စာ လက်မှတ်ထိုးသူများတွင် လူပုဂ္ဂိုလ်အနည်းငယ်သာပါဝင်ပြီး ထင်ယောင်ထင်မှားဖြစ်ကာ ထောက်ခံခဲ့မိကြောင်း ဆရာတော်တစ်ပါးက မိန့်သည်

ဒေါ်ဝင်းမြမြသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒုဥက္ကဋ္ဌဖြစ်ပြီး၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှစတင်ကာ နိုင်ငံရေးလှုပ်ရှားလာသူဖြစ်သည်။ သူသည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင်လည်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရသည်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုရွေးကောက်ပွဲဝင်ပြိုင်မည့် ဒေါ်ဝင်းမြမြကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဆိုကာ ရာနှင့်ချီသော ဗုဒ္ဓဘာသာဘုန်းကြီးများက NLD ပါတီကို ကန့်ကွက်စာပို့ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ လိပ်မူထားသည့် အဆိုပါစာတွင် ဒေါ်ဝင်းမြမြအစား အခြားကိုယ်စားလှယ်လောင်းဖြင့် အမြန်ဆုံးအစားထိုးပေးရန် တောင်းဆိုထားသည်။ ၎င်းသည် အစ္စလာမ်ဘာသာဝင်ဖြစ်နေခြင်း၊ စဉ့်ကိုင်ဒေသခံမဟုတ်ခြင်းနှင့် ဘွဲ့ရပညာတတ် မဟုတ်ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဆိုသော ထိုစာကို ဩဂုတ် ၂၅ ရက်စွဲတပ်ထားသည်။

ဗုဒ္ဓဘာသာအများစုနေထိုင်သည့်မြို့ဖြစ်သည့်အတွက် ဘာသာရေးကိစ္စများဆောင်ရွက်မည်ဆိုပါက အဆင်မပြေနိုင်ကြောင်းနှင့် ဒေါ်ဝင်းမြမြသည် မန္တလေးမြို့ဇာတိဖြစ်ပြီး၊ စဉ့်ကိုင်မြို့နယ်တွင် နေထိုင်သူမဟုတ်ကြောင်းလည်း ထိုကန့်ကွက်စာတွင် ဖော်ပြထားသည်။

"ဟန်မြင့်မိုရ် ရေဦးကျောင်းဆရာတော် ဦးပဏ္ဍိက ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကြီးပဲလေ။ မဘသကိုယ်တော်။ သူက ဆန္ဒပြဖို့ရာ မဟာဂန္ဓာရုံကျောင်းထဲ လာစည်းရုံးခဲ့တာ။ ခွင့်ပြုမိန့်တွေ ဘာတွေမလိုဘူးတဲ့။ ဆန္ဒပြဖို့အထိ လာစည်းရုံးတာ၊ လွန်ခဲ့တဲ့တစ်ပတ်လောက်က။ အဲဒီမှာ တစ်ဦးက အရှင်ဘုရားတို့ လွဲနေပြီ။ ဒီလိုတော့ မလုပ်ပါနဲ့၊ ဆန္ဒတော့ မပြပါနဲ့။ ဥပဒေစည်းမျဉ်းအတိုင်းပဲ လက်မှတ်ထိုးပြီး ကန့်ကွက်ပါ။ ဒီလိုပြောလို့ ဒီလိုပဲလုပ်တာ၊ အစက ဆန္ဒပြဖို့အထိလုပ်တာ" ဟု စဉ့်ကိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

အဆိုပါကန့်ကွက်စာတွင် ရာနှင့်ချီသော လက်မှတ်ရေးထိုးထားသူများတွင် လူပုဂ္ဂိုလ် ၈၂ ဦးသာပါဝင်ပြီး အများစုမှာ ရဟန်းသံဃာများဖြစ်သည်။ လက်မှတ်ထိုးသူ ရဟန်းသံဃာများနေရာတွင် ဘွဲ့အမည်တူ၊ ကျောင်းနာမည်တူနှင့် လက်မှတ်တူများလည်း ပါဝင်နေသည်ကို တွေ့ရှိရပြီး၊   ခါတော်မှီကျောင်း၊ ဥယျာဉ်ကြီးကျောင်းသစ်၊ ကြက်လျှာကျောင်းနှင့် အောင်သိဒ္ဓိကျောင်းများအပါအဝင် ဘုန်းတော်ကြီးကျောင်း ၆၈ ကျောင်းမှ သံဃာ ၄၀၆ ပါးဖြစ်ကြောင်း ဖော်ပြထားသည်။ 

စဉ့်ကိုင်မဲဆန္ဒနယ်တွင် ဘာသာခြားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ သံဃာ့အဖွဲ့အစည်းအတွင်း ဆန္ဒမဲတောင်းခံခဲ့ရာတွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာ၌ ထင်ယောင်ထင်မှားဖြစ်ကာ ထောက်ခံခဲ့မိခြင်းဖြစ်ကြောင်း ကြက်လျှာရွာဦးကျောင်းထိုင်ဆရာတော် ဦးပညာဇောတက မိန့်သည်။ 

"ဦးဇင်းက ပါတီတွေဘာတွေလည်း မသိဘူးလေ။ သူတို့က အဲလိုပြောတာ မဟုတ်ဘူး။ သူတို့က ဒါမျိုးတွေလည်း မပါဘူး။ ထင်ယောင်ထင်မှားဖြစ်ကုန်တာ" ဟု အဆိုပါဆရာတော်က Myanmar Now ကို မိန့်ကြားသည်။

အဆိုပါကန့်ကွက်စာနှင့်ပတ်သက်၍ NLD ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က "ကျွန်တော်တို့ မူအရ ရွေးတာပါ။ နိုင်ငံတကာရဲ့ ထုံးစံနဲ့ရွေးတာပါ။ ကျွန်တော်တို့နိုင်ငံမှာ ဗုဒ္ဓဘာသာတင်မကဘူး။ အခြားဘာသာတွေလည်း ကိုးကွယ်ခွင့်ပေးထားတာကိုး။ အခြားဘာသာတွေကိုပါ ကိုးကွယ်ခွင့်ပေးထားတဲ့နိုင်ငံတွေမှာ အခြားဘာသာတစ်ယောက်ကို ရွေးတာ။ ရွေးကောက်ပွဲရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီသာလျှင် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

ပါတီအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဘာသာခြားများဖြစ်သည့် ခရစ်ယာန်ဘာသာဝင်များကိုလည်း ရွေးချယ်ခဲ့သည့်အတိုင်း ယခုရွေးကောက်ပွဲတွင် အစ္စလာမ်ဘာသာဝင်များအဆိုပြုလာပါကရွေးချယ်ရန် ဆုံးဖြတ်ပြီး ရွေးချယ်ရေးမူများ၊ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့်အတွက် အစ္စလာမ်ဘာသာဝင်နှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အသက် ၇၁ နှစ်ရှိ ဒေါ်ဝင်းမြမြသည် မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံတိုက်ခိုက်ခံရသော ဒီပဲရင်းအရေးအခင်းတွင် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး၊ မိသားစုလိုက် နှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုမျိုးစုံတွင် ပါဝင်ခဲ့ခြင်းနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့မှုများကြောင့် နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ်သည်။

အဆိုပါကန့်ကွက်စာနှင့် ပတ်သက်၍ ဒေါ်ဝင်းမြမြကို ယနေ့ဆက်သွယ်မေးမြန်းရာတွင် မည့်သည့်သဘောထားမှတ်ချက်မှ မပေးလိုကြောင်း ပြောသည်။

ပြီးခဲ့သည့်လအတွင်း Myanmar Now က ဒေါ်ဝင်းမြမြကို ဘာသာရေးလူမျိုးရေးကွဲပြားမှုအပေါ် အခြေခံ၍ ထိုးနှက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို မေးမြန်းရာတွင် 

"ကျွန်မက အစ္စလာမ်သာသနာဝင်တစ်ယောက်၊ ကျွန်မ ဗမာလူမျိုး တစ်ယောက်၊ ကျွန်မက ဗမာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံအတွက်၊ ကျွန်မတို့ပြည်သူတွေအတွက်၊ ကျွန်မတို့ နိုင်ငံအတွက် ကျွန်မအလုပ်လုပ်နေတာ။ ဘာသာရေးဆိုတာ ကျွန်မသတိမရဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေ၊ ကျွန်မအပေါ်မှာ အားလုံးက မေတ္တာနဲ့ပဲ။ ဒီဘာသာရေးကို မကြည့်ကြဘူး။ ကိုယ့်ဟာကိုယ် ဒီဘာသာရေးထည့်ပြောဖို့က မေ့တယ်လေ။ ကျွန်မအတွက် ဘာသာရေးက ထည့်မထားဘူး" ဟု ဖြေကြားခဲ့သည်။

ဘုန်းကြီးများဦးဆောင်သည့် အဆိုပါကန့်ကွက်စာတွင် ၂၀၁၇ ခုနှစ်အတွင်းက စဉ့်ကိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံဆုတောင်းပွဲကိစ္စကို ထောက်ပြထားသော်လည်း ယင်းဆုတောင်းပွဲကျင်းပရေးတွင် ဒေါ်ဝင်းမြမြ မပါဝင်ခဲ့သလို အခမ်းအနားတက်ရောက်သူအဖြစ်ပင် မရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

လက်မှတ်ထိုးတိုင်ကြားစာတွင် လက်မှတ်တုများပါဝင်နေပြီး လူပုဂ္ဂိုလ်သက်သေ၊ သတင်းအချက်အလက်သက်သေများ စုဆောင်းနေကြောင်း စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။

"သူတို့ဘက်က အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီညွတ်ဘဲ ဒါတွေကိုခုတုံးလုပ်ပြီး ဆောင်ရွက်လာမယ်ဆိုရင်တော့ ကျွန်တော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟုလည်း ၎င်းက ပြောသည်။

screen_shot_2020-08-27_at_6.13.27_pm.png

ကန့်ကွက်စာတွင် လက်မှတ်ထိုးထားသူအများစုမှာ ဘုန်းတော်ကြီးများဖြစ်သည်။ (ဓာတ်ပုံ။ ရန်မိုးနိုင်/Myanmar Now) 

screen_shot_2020-08-27_at_8.43.43_pm.png

ကန့်ကွက်စာတွင်တွေ့ရသော လက်မှတ်များ။ 

စဉ့်ကိုင်မြို့တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၄၁ ခုရှိပြီး မဲဆန္ဒရှင် တစ်သိန်း သုံးသောင်းကျော်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦးရွေးချယ်ထားပြီး ထိုအထဲတွင် အစ္စလာမ်ဘာသာဝင်အဖြစ် စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဒေါ်ဝင်းမြမြနှင့် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးစည်သူမောင်ကို ရွေးချယ်ထားသည်။

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading