နိုင်ငံပိုင် မြောင်းမြဂုန်နီစက်ရုံ အလုပ်သမားများကို ကုမ္ပဏီက အလုပ်ရပ်နား

စက်ရုံနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် တင်ဒါပြန်လည်ခေါ်ယူရန် (Re-tender) သို့မဟုတ် ကုမ္ပဏီအနေဖြင့် Swiss Challenge ခေါ်ယူရန် နိုင်ငံတော်စီးပွားရေးရာကော်မတီက မှတ်ချက်ပေးထား

Published on Aug 26, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ငါးမိုင်ခန့်အကွာရှိ နိုင်ငံပိုင်ဂုန်နီစက်ရုံကို တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ငါးမိုင်ခန့်အကွာရှိ နိုင်ငံပိုင်ဂုန်နီစက်ရုံကို တွေ့ရစဉ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO) က နှစ်ရှည်ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ငါးမိုင်ခန့်အကွာရှိ နိုင်ငံပိုင် ဂုန်နီစက်ရုံမှ အလုပ်သမား ၂၀၀ ကျော်ကို ယခုလ (ဩဂုတ်) ကုန်မှစ၍ အပြီးတိုင်အလုပ်မှ ရပ်နားလိုက်သည်။ 

စက်ရုံတွင် လုပ်ငန်းဌာန ၁၄ ခုရှိသည့်အနက် ကုန်ထုတ်လုပ်ငန်းဌာနရှိ လုပ်သား ၂၀၆ ဦးကို ၎င်းတို့ရသည့်လစာ ကျပ် ၁၀၁,၀၀၀ (တစ်သိန်းနှင့်တစ်ထောင်) ကိုအခြေခံကာ ၁၀ လစာ နစ်နာကြေးပေးပြီး အလုပ်မှ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။ 

အဆိုပါမြေနေရာတွင် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် အစိုးရက ခွင့်မပြုခြင်း၊ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလနှင့် ထိုကာလအလွန်တွင် ဆက်လက်အလုပ်ခန့်ထားပြီး လစာပေးရန် မဖြစ်နိုင်တော့သောကြောင့်ဟု ဆိုသည်။ 

“အဲ့ဒီမှာလုပ်မယ့် နောက်ကုန်ထုတ်လုပ်ငန်း အတော်များများနဲ့လည်း မအပ်စပ်ဘူး။ နောက် ဝန်ထမ်းတော်တော်များများကလည်း သုံးမရဘူး။ မအပ်စပ်ဘူးပေါ့နော်။ အဲ့ဒီလိုဝန်ထမ်းမျိုးတွေကို ကျွန်တော်တို့က လက်ရှိဥပဒေအရ ပေးမယ်ဆိုရင် ငါးလစာကနေ ကျွန်တော်တို့က ၁၀ လစာနဲ့ ကမ်းလှမ်းပြီးတော့ အနားယူခိုင်းတာ” ဟု MAPCO ၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဦးနေမျိုးဝင်းက ပြောသည်။

အလုပ်ရပ်နားခံရသည့် ဂုန်နီစက်ရုံအလုပ်သမားများက အလုပ်အကိုင်ဆက်လက်တည်မြဲရေးအတွက် နိုင်ငံတော်သမ္မတထံလိပ်မူကာ အစိုးရဌာနကိုးခုကို ဩဂုတ် ၅ တွင် တိုင်ကြားခဲ့သည်ဟု ဆိုသည်။ 

အစိုးရနှင့် ကုမ္ပဏီကြား စတင်ငှားရမ်းစဉ် သဘောတူချုပ်ဆိုခဲ့သည့်စာချုပ်အတိုင်း နှစ် ၃၀ အတွင်း သက်ပြည့်ပင်စင်လစာ ခံစားခွင့်ဖြင့် စက်ရုံဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်လိုကြောင်း ဦးဆောင်တိုင်ကြားခဲ့သူ စက်ရုံ၏ အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

“သူ(ကုမ္ပဏီ)က ဒါကြီးကို မလည်ချင်ဘူး။ မလည်ချင်ရင် အစကတည်းက မယူနဲ့ပေါ့။ ကျွန်တော်တို့က ဝန်ထမ်းဘဝ ဆုံးရှုံးထားတယ်လေ။ သူက စက်ရုံနဲ့မြေဧကပဲ ယူမှာ။ ကျွန်တော်တို့က လုံးဝလက်မခံဘူး" ဟု ၎င်းက ပြောသည်။ 

အလုပ်ရပ်နားသည့်ကိစ္စအတွက် စက်ရုံအလုပ်သမားများကို ယခုသီတင်းပတ်အတွင်း ကုမ္ပဏီက ခေါ်ယူတွေ့ဆုံနေသည်ဟု ဆိုသည်။ 

“ကျမတို့ကိုခေါ်တွေ့တယ်။ ပြီးတော့ ကိုယ်ရေးရာဇဝင်ဖြည့်ခိုင်းတယ်။ အသက် ၅၀အထက် အကုန်လုံးကို မခန့်တော့ဘူးပေါ့နော်။ အလုပ်မပေးတော့ဘူး ဆယ်လစာပေးပြီးတော့ ဖြုတ်မယ်ပေါ့နော်။ ယူရင်ယူ မယူဘူးဆိုလို့ရှိရင် ကိုးလပိုင်းကျရင် လစာမရတော့ဘူးလို့ အဲ့လိုမျိုးပြောတယ်” ဟု မြောင်းမြဂုန်နီစက်ရုံတွင် ၁၉၉၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သူ ဒေါ်နန်းမို့မို့လွင်က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအောက်ရှိ အဆိုပါစက်ရုံကို MAPCO ကုမ္ပဏီက နှစ်ပေါင်း ၃၀ ဂရန်စာချုပ်ဖြင့် ၂၀၁၄ တွင် စတင် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ငှားရမ်းခမှာ စက်ရုံအပါအဝင် မြေဧက ၃၃၄ ဧကကျော်အတွက် တစ်နှစ်လျှင် ကျပ်သန်း ၅၀ ဖြစ်သည်။ 

ယခင်အစိုးရလက်ထက်တွင် နိုင်ငံတကာဈေးကွက် ထိုးဖောက်မည်ဟု ကြွေးကြော်ပြီး နိုင်ငံပိုင် ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးကာ နှစ်ရှည်ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လယ်/ဆည်ဝန်ကြီးမှာ ဦးမြင့်လှိုင်ဖြစ်ပြီး ၎င်း၏လက်ထက်တွင် ဝန်ကြီးဌာနအောက်ရှိ စက်ရုံပေါင်း တစ်ရာကျော်ကို ပုဂ္ဂလိကသို့ အငှားချထားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

နှစ်စဉ်အရှုံးပေါ်နေသည့် ဂုန်နီစက်ရုံများ ပုဂ္ဂလိကလက်ထဲရောက်ပါက မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက် ထိုးဖောက်နိုင်မည့်အပြင် စက်ရုံလုပ်သား အစိုးရဝန်ထမ်းများ၏ဘဝ ပိုမိုကောင်းမွန်လာနိုင်မည်၊ နိုင်ငံ၏ စက်မှုကဏ္ဍကို မြှင့်တင်နိုင်မည်ဟု ကြွေးကြော်ကာ ယခင်အစိုးရလက်ထက်တွင် နိုင်ငံပိုင်စက်ရုံများကို သက်သာသော နှုန်းထားဖြင့် အငှားချထားခဲ့သည်။ 

MAPCO ဟု အတိုကောက်ခေါ်ဝေါ်သည့် Myanmar Agribusiness Public Company Limited သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီကြီးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည့် MAPCO ကုမ္ပဏီဥက္ကဌမှာ မြန်မာ့ရှေ့ဆောင် (MAB) ဘဏ်နှင့် ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင်ဖြစ်သည်။ ဧဒင်ဦးချစ်ခိုင်ဟု လူသိများသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင်သည် ယခင်စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးလုပ်ငန်းအများအပြား လုပ်ကိုင်ခွင့်ရရှိခဲ့သူဖြစ်ပြီး လက်ရှိအစိုးရနှင့်လည်း နီးစပ်သူဟု လူသိများသည်။ 

နိုင်ငံပိုင် မြောင်းမြဂုန်နီစက်ရုံကို ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းရာတွင် ပင်မစက်ရုံလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟုဆိုသော်လည်း ငှားရမ်းခဲ့သည့် MAPCO ကုမ္ပဏီက ယနေ့အထိ ဂုန်နီနှင့် လျှော်ရွေး၊ လျှော်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိကြောင်း အလုပ်သမားများက ဆိုသည်။ 

စက်ရုံကို အငှားချထားရာတွင် လျှော်ကြမ်းတန်ဖိုး ကျပ် ၄၂ ဒသမ ၀၅ သန်း၊ စက်ချောဆီ သုည ဒသမ ၁၁၉ သန်း၊ သွယ်ဝိုက်ကုန်ကြမ်း ၂၇ ဒသမ ၅၆ သန်း၊ မီးထိုးဆီ (FO) ၁၄ ဒသမ ၅၆ သန်း၊ အထွေထွေကုန်ပစ္စည်း ၃ သန်းပါဝင်ခဲ့ပြီး စက်ရုံကို လည်ပတ်ခြင်းမရှိခဲ့သော်လည်း အဆိုပါပစ္စည်းများကို ကုမ္ပဏီက အခြားသို့ ရောင်းချခဲ့သည်ဟု အလုပ်ရပ်နားခံရသည့် စက်ရုံအလုပ်သမားများက ပြောသည်။ 

စက်ရုံကို လည်ပတ်ခြင်းမရှိသော်လည်း ယခုနှစ် ဩဂုတ်လအထိ ဝန်ထမ်းများကို ပေးခဲ့သည့်လစာမှာ ကျပ် ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး လက်ရှိစက်ရုံလုပ်သားဦးရေ ၃၈၀ အနက် ဝန်ထမ်းအနည်းငယ်ကို ဆက်လက်ခန့်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ 

“လည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ရှိသင့်ရှိထိုက်တဲ့ ဝန်ထမ်းမျိုးတော့ ကျွန်တော်တို့ ချန်သွားမှာပါ” ဟု MAPCO ၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဦးနေမျိုးဝင်းက ပြောသည်။ 

အစိုးရ (ယခင်အစိုးရ) သည် စက်ရုံများကို လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးစဉ် စက်ရုံဝန်ထမ်းများကိုပါ မယူမနေရပုံစံ ယူခိုင်းခဲ့သည်ဟု MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ၂၀၁၈ ခုနှစ်အတွင်းက  Myanmar Now ကို ပြောကြားခဲ့သည်။ 

နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းရာတွင် ဝန်ထမ်းများနှင့်ပတ်သက်၍ လျော်ကြေးပင်စင်ယူရန်၊ ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်လိုပါက လုပ်ကိုင်ရန် သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြန်လာရန်နှင့် ကုမ္ပဏီဝန်ထမ်းအဖြစ် အပြီးအပိုင်ပြောင်းလဲရန် စသည်ဖြင့် ရွေးချယ်စရာ သုံးခုပေးခဲ့သည်ဟု ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

"နိုင်ငံတော်နဲ့ ကုမ္ပဏီနဲ့ ငှားရမ်းတဲ့စာချုပ်ကတော့ စာချုပ်ပါအချက်အတိုင်း လိုက်နာရမှာပေါ့။ အဲဒါကတော့ မလိုက်နာလို့ မရဘူး" ဟု ၎င်းက ပြောသည်။ 

နိုင်ငံပိုင်စက်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခဲ့ရာတွင် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအတွေ့အကြုံမရှိဘဲ လုပ်ငန်းဦးထားချင်သည့်အတွက် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

မြောင်းမြဂုန်နီစက်ရုံနှင့် ပတ်သက်၍ တခြားစိုက်ပျိုးရေးအခြေခံ လုပ်ငန်းတစ်ခုခု လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော် စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) ကို တင်ပြထားသည်ဟုလည်း ၎င်းက ပြောသည်။ 

"တင်ပြတဲ့အခါကျတော့ ကုမ္ပဏီအနေနဲ့ Swiss Challenge (နိုင်ငံတကာတင်ဒါ) ခေါ်ရင်လည်းခေါ်။ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ တင်ဒါပြန်ခေါ် (Re-tender) ရင်လည်းခေါ်ဖို့၊ ကော်မတီက အဲလိုမှတ်ချက် ပေးထားတယ်။ လုပ်ငန်းပြောင်းမယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ အဲလိုသွားရမယ်။ သူတို့ဟာသူတို့ ပြောင်းလိုက်လို့ မရဘူး။ ဒီတိုင်း သူတို့ပဲ ဆက်ယူသွားလို့လည်း မရဘူး" ဟု  ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

ကုမ္ပဏီအနေဖြင့် မူလသဘောတူထားသည့် ဂုန်လျှောက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ဝန်ကြီးဌာနကို ပြန်လည်တင်ပြကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းနိုင်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

ထိုသို့ စာချုပ်ဖျက်သိမ်းမည်ဆိုပါက မူလငှားရမ်းစဉ်က အနေအထားအတိုင်း စက်ရုံပြန်အပ်ရမည်ဖြစ်ပြီး မြောင်းမြဂုန်နီစက်ရုံနှင့် ပတ်သက်၍ ဝန်ကြီးဌာနထံ တင်ပြထားခြင်းမရှိကြောင်းလည်း အဆိုပါစက်ရုံ ငှားရမ်းစဉ် ပြည်ထောင်စုအဆင့်စာချုပ် ချုပ်ဆိုရာ၌ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။ 

စက်ရုံငှားရမ်းစဉ်က ပါရှိခဲ့သည့် အလုပ်သမား ၅၆၉ ဦးကို နိုင်ငံ့ဝန်ထမ်းများနည်းတူ လုပ်ခလစာခံစားခွင့် ရှိစေခဲ့သော်လည်း နိုင်ငံတော်က တိုးမြှင့်သတ်မှတ်ပေးခဲ့သည့် အခြေခံလုပ်ခလစာ ကျပ် ၁၄၄,၀၀၀ (ကျပ်တစ်သိန်းခွဲခန့်)ကို ယနေ့အထိ ခံစားခွင့်မရသေးကြောင်း သိရသည်။ 

ထိုအလုပ်သမား ငါးရာကျော်အနက် အချို့ကို ၂၀၁၈ ခုနှစ်တွင် နစ်နာကြေးပေးပြီး အလုပ်ရပ်နားခဲ့ရာ လက်ရှိတွင် မြောင်းမြဂုန်နီစက်ရုံတွင် လုပ်သားဦးရေ ၃၈၀ သာ ကျန်တော့သည်ဟု ဆိုသည်။ 

အလုပ်ရပ်နားခံရသော ဂုန်နီစက်ရုံလုပ်သား ဒေါ်သက်မာလွင်က “ကျမတို့ကို အနှစ် ၃၀ စာချုပ် ချုပ်ထားတဲ့အတွက်ကြောင့် ကျမတို့ကိုမပေးနိုင်တော့ဘူးဆိုရင် ဒီ ၁၀ လစာကို ကျမတို့ မယူဘူး။ အစိုးရဆီ ပြန်အပ်ပေးပါဆိုပြီး တောင်းဆိုထားပါတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး” ဟု ပြောသည်။

အစိုးရနှင့် ကုမ္ပဏီအကြား နှစ်ဦးသဘောတူ ငှားရမ်းသည့်စာချုပ်များတွင် ဂုန်လျှော်လုပ်ငန်းကို မူလထက် ပိုတိုးတက်အောင် လုပ်ဆောင်ရမည်ဟု ပါဝင်သည့်အပြင် စက်ရုံဝန်ထမ်းများ၏ လုပ်ခလစာ၊ ပင်စင်လစာ စသည့် ခံစားခွင့်များနှင့်အတူ ကုမ္ပဏီဝန်ထမ်းအဖြစ်သို့ လွှဲပြောင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

“ကုမ္ပဏီဝန်ထမ်းဖြစ်သွားပြီဆိုတော့ လစာပေးတဲ့အပိုင်းကတော့ ကုမ္ပဏီနဲ့ပဲသက်ဆိုင်တာပေါ့။ ဒါပေမယ့် အဲ့ဒီလို သူတို့က အခက်အခဲပြဿနာတွေ ရှိလာတယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ချုပ်ထားတဲ့ စာချုပ်နဲ့အညီ မနစ်နာအောင်တော့ လုပ်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

အသက် ၅၀ ကျော်အရွယ် စက်ရုံဝန်ထမ်း ဒေါ်နန်းမို့မို့လွင်က “ကျမတို့ဝန်ထမ်းဘဝကို စတေးခံရသလို ခံစားရတယ်။ အသက် ၆၀ ပြည့်ရင် ထွက်မှာပါ၊ ကြည်ကြည်ဖြူဖြူနဲ့။ အခု ကုမ္ပဏီက အဆင်မပြေတော့ဘူးဆိုရင် ဒီသက်ကြီးရွယ်အိုတွေက အပြင်မှာ ဘာလုပ်စားတော့မလဲ၊ ဘယ်သူမှ လက်ခံမှာလဲမဟုတ်" ဟု ဆိုသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading