“ဗုဒ္ဓဘာသာဝင်များ ထိခိုက်နာကျင်ခဲ့ရသည့်အတွက် များစွာ စိတ်ထိခိုက်ဝမ်းနည်းကြောင်း မန္တလေးမြို့ရှိ ခရစ်ယာန်အသင်းတော်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားသည်။”
မင်းကွန်း (စစ်ကိုင်း) - ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်တို့အကြား အမုန်းပွားစေနိုင်သည့် ဗီဒီယိုဖိုင်တစ်ဖိုင် လူမှုကွန်ရက်များပေါ်တွင် ပျံနှံ့လာပြီးနောက် အဆိုပါရုပ်သံဖိုင်ပါ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနိုင်ရန် အတွက် ဗဟိုနှင့် တိုင်းဒေသကြီး အစိုးရအရာရှိများထံ အချက်အလက်များ ပေးပို့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သုံးမိနစ်နီးပါးကြာသည့် ရုပ်သံဖိုင်တစ်ဖိုင် YouTube နှင့် Facebook ကွန်ရက်များပေါ် တွင်ပျံ့နှံ့လာခဲ့ရာ အဆိုပါရုပ်သံဖိုင်တွင် အမျိုးသမီးနှစ်ဦးက လက်ဝါးကပ်တိုင် ပုံပါသည့် ဗီနိုင်းကို ကိုင်ထားပြီး တိုက်ပုံဝတ်လူလတ်ပိုင်း အမျိုးသားတစ်ဦးက ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို ချီးမွမ်းသည့် စာသားများ ရှေ့ကတိုင်ပေးနေသည်ကို ဗုဒ္ဓဘာသာဝင် ကိုရင်သာမဏေ၊ သီလရှင်နှင့် ကျောင်းဝတ်စုံ ဝတ်ထားသည့် ကလေးငယ်များက လက်အုပ်ချီကာ လိုက်ဆိုနေသည်ကို တွေ့မြင်ရသည်။

အဆိုပါဖြစ်ရပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းရွာ ဓမ္မစေတီကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် ‘မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း’တွင် ဒီဇင်ဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က ခရစ္စမတ်ကာလ အလှူအတန်း ပြုလုပ်ချင်ပါသည်ဟုဆိုကာ လာရောက် ခွင့်တောင်းခဲ့ပြီး ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့် လာရောက် လှူတန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုလုပ်ရပ်အပေါ် လူမှုကွန်ရက်အပေါ်တွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ နှစ်ဖက်စလုံးက ပြစ်တင်ရှုတ်ချခဲ့ကြပြီး မသိနားမလည်သည့် ကလေးငယ်များအပေါ် ဘာသာရေးအမြတ်ထုတ်ခြင်းဟု စွပ်စွဲကြသလို ခရစ်ယာန်ဘာသာဝင်များကလည်း ထိုဓမ္မဆရာ၏လုပ်ရပ်သည် ခရစ်ယာန်တရားတော်နှင့်မညီဟု ပြစ်တင်ဝေဖန်ကြသည်။


“သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားတယ်၊ နောက်တစ်ခါ ဒီဘက်က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုလည်း တင်ပြထားတယ်။ သံဃာ့အဖွဲ့အစည်းတွေကလည်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို တင်ပြထားတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက Myanmar Nowကို ယနေ့ ပြောသည်။
အဆိုပါဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် ယမန်နေ့က ယင်းကျောင်းတိုက် တည်ရှိရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် သွားရောက်ခဲ့သည်။
အဆိုပါ အဖြစ်အပျက်ကြောင့် ဗုဒ္ဓဘာသာဝင်များ ထိခိုက်နာကျင်ခဲ့ရသည့်အတွက် မန္တလေးမြို့ပေါ်ရှိ ခရစ်ယာန်များသည် များစွာစိတ်ထိခိုက် ဝမ်းနည်းမိကြောင်း မန္တလေးမြို့ ခရစ်ယာန်အသင်းတော်များကောင်စီက ယနေ့ ကြေညာချက် ထုတ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကိုလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။


ယင်းနေ့တွင် ဟောပြောခဲ့သူသည် အသင်းတော်များက ခန့်အပ်ထားသည့် ဓမ္မဆရာ မဟုတ်ကြောင်းနှင့် သူ၏ ဟောပြောမှုများသည်လည်း ခရစ်ယာန်သာသနာ၏ သွန်သင်မှုမဟုတ်ဘဲ ဟောပြောသူ၏ဆန္ဒအရ ပြောဆိုမှုများသာ ဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါနေ့က အငြင်းပွားဖွယ်ရာ လုပ်ဆောင်ခဲ့သည့် ဦးအောင်ထွန်းဦးဆိုသူမှာ မည်သည့် ခရစ်ယာန်အသင်းတော်မှမှန်း ယနေ့အထိ တိတိကျကျ မသိရသေးပါ။ မန္တလေးမြို့ မက်သဒစ်ဘုရားရှိခိုးကျောင်းမှ ဆရာတော် ဒေါက်တာဦးဇော်ဝင်းအောင်ကမူ အဆိုပါတရားဟောဆရာသည် ၎င်းတို့အသင်းမှ မဟုတ်သော်လည်း ၎င်းကို ပြင်းပြင်းထန်ထန် ခေါ်ယူ သတိပေးထားကြောင်းနှင့် အဆိုပါကိစ္စအတွက် ထိခိုက်နစ်နာသူများကို တောင်းပန်ပါကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့က Myanmar Now ကို တွေ့ဆုံပြောကြားခဲ့သည်။
“ဒီအစီအစဉ်ဟာ မေတ္တာပြခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေးဆွယ်တရားဟောတာ လုံးဝမဟုတ်ပါဘူး။ အလှူပွဲရဲ့အဆုံးသတ်ဆုတောင်းမှာ ဆုတောင်းပေးတဲ့ ဘုန်းတော်ကြီးရဲ့ အားနည်းချက်ကြောင့် ယခုလို ဖြစ်သွားတဲ့အပေါ် များစွာ စိတ်မကောင်းဖြစ်ပြီး အထင်အမြင် မမှားကြစေလိုကြောင်း တောင်းပန်ပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းနေ့က အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည့် ဦးအောင်ထွန်းဦးဆိုသူအား သာသနာတော်ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) ဖြင့် အရေးယူပေးရန် ရန်ကုန်မြို့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဦးဆောင်ပြီး စစ်ကိုင်းတရားရုံးတွင် ယနေ့မနက်က ၎င်း၏သဘောဆန္ဒဖြင့် သွားရောက်တိုင်တန်းခဲ့သည်။
မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းသည် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ နှင့် ဓမ္မစေတီကျောင်းဆရာတော်တို့ ပူးတွဲတည်ထောင်ထားသည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာမှ စတင် တည်ထောင်သည့် ပညာဒါနကျောင်း ဖြစ်သည်ဟု ၎င်းတို့၏လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












