သတင်း

ဦးဌေးအောင်ကို ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်ပြီး နာမည်ကျော်ကြားနေသူ ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ယနေ့ (ဩဂုတ် ၂၁) တွင် ယမန်ယူပြီးနောက် အင်းစိန်ထောင်ပို့ခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။ 

ဦးဌေးအောင်သည် လာမည့်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ကော့မှူးမြို့နယ်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်အပြိုင် ဝင်ရောက်အရွေးခံမည်ဟု ပြောကြားထားသူလည်းဖြစ်သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် နိုင်ငံတကာအထောက်အပံ့များ ရယူထားကြောင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းပွဲတစ်ရပ်ကို ဦးဌေးအောင်က ၎င်းပိုင် Orchid ဟိုတယ်၌ ဩဂုတ်လ ၈ က ကျင်းပပြုလုပ်ခဲ့သည်။ 

ထို့နောက် နိုင်ငံခြားအထောက်အပံ့များ ရယူထားသည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လျှောက်ထားမှုကို ဦးဌေးအောင်က ကန့်ကွက်လွှာတင်ခဲ့သော်လည်း ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။ 

ဦးဌေးအောင်ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာတွင် ပါတီအနေဖြင့် တရားစွဲဆိုထားခြင်းမရှိသလို ပါတီဝင်တစ်ယောက်ယောက်ကို တရားစွဲဆိုရန် တာဝန်ပေးထားခြင်းလည်း မရှိကြောင်း ဆိုသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က အရ ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့်တကွ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button