အခပေး Facebook ကြော်ငြာများသုံးကာ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ဖြန့်နေ

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ National News Network အမည်ရှိ စာမျက်နှာသည် လေးလတာအတွင်း ပို့စ်ပေါင်း (Post) ၇၀၀ ကျော်တင်ခဲ့ပြီး ၅၇၀ ကျော်မှာ ဩဂုတ်လအတွင်း တင်ခဲ့ခြင်းဖြစ်သည်

Published on Aug 21, 2020
National News Network စာမျက်နှာက တင်ထားသည့် သတင်းတု သတင်းမှားများ (ဓာတ်ပုံ- Myanmar Now)
National News Network စာမျက်နှာက တင်ထားသည့် သတင်းတု သတင်းမှားများ (ဓာတ်ပုံ- Myanmar Now)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးသတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားဖြန့်ဝေမှု နေ့စဉ်ရက်ဆက်များပြားလာသည့်နည်းတူ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲအကြို လူမှုကွန်ရက်ပေါ်လှုပ်ရှားမှုများလည်း ပြင်းထန်လာသည်။ 

၂၀၂၀ ဇွန်လအထိ မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်အသုံးပြုသူ ၂၅ သန်း ရှိခဲ့ရာမှ ဇူလိုင်တွင် ၂၈ သန်းအထိ ရှိလာရာ တစ်လအတွင်း သုံးသန်းခန့် မြင့်တက်လာသည်ကို တွေ့ရသည်။ တစ်ရှိန်ထိုးတက်လာသည့် လူမှုကွန်ရက်အသုံးပြုသူများကြား ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကား ဖြန့်ဝေမှုက မြန်မာနိုင်ငံတွင် ရှိရင်းစွဲ ဒီဂျစ်တယ်အသိပညာနှင့် သတင်းအချက်အလက်အမှန်စစ်ဆေးနိုင်စွမ်း အားနည်းမှုအတွက် ထပ်ဆင့်စိန်ခေါ်မှု ဖြစ်နေသည်။ 

Facebook ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲတည်ငြိမ်ရေးအတွက် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကား တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်ဆိုသော်လည်း Facebook ထံ ကြော်ငြာခပေး၍ ထိုသို့သောအကြောင်းအရာများ ဖြန့်ဝေနေသည့် National News Network အမည်ရှိ Facebook စာမျက်နှာတစ်ခုကို Myanmar Now က တွေ့ရှိထားသည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ National News Network သည် စာမျက်နှာ စတင်ဖွင့်လှစ်သည့် ၂၀၂၀ ဧပြီ ၁၆ မှ ဩဂုတ် ၁၉ အထိ လေးလအတွင်း ပို့စ် (Post) ပေါင်း ၇၀၀ ကျော် တင်ခဲ့သည်။ ယင်းတို့အနက် ပို့စ် ၅၇၀ ကျော်မှာ ဩဂုတ်လအတွင်း တင်ခဲ့ခြင်းဖြစ်ရာ တစ်ရက်လျှင် ပျမ်းမျှ ပို့စ် ၃၀ ခန့် ရှိသည်။ 

ဇူလိုင်လအတွင်း ပို့စ် ၁၅၀ ကျော်တင်ခဲ့ပြီး ယင်းတို့အနက် အနည်းဆုံး ပို့စ် ၄၃ ခုမှာ Facebook ကို အခပေးကြော်ငြာ ထားသည်။ ယင်းအခပေးပို့စ်အများစုမှာလည်း နိုင်ငံရေးသတင်းတုနှင့် အမုန်းစကားများ ပါဝင်သည်။ 

လူကြည့်များစေရန် Facebook ကို ငွေပေးတင်သည့် နိုင်ငံရေးသတင်းတုတစ်ခုမှာ “NLD အစိုးရလက်ထက်တွင် ပယ်ဖျက်ခဲ့သည့် ဥပဒေ ၇ ခု” ဆိုသည့် အကြောင်းအရာဖြစ်သည်။ အဆိုပါပို့စ်မှာ အမှန်နှင့်အမှား ရောထွေးထားခြင်းဖြစ်ပြီး လူအများကို အဓိပ္ပါယ်ကောက်ယူမှုလွဲစေရန် လှည့်စားထားသည်။

ပယ်ဖျက်ခဲ့သည်ဟုဖော်ပြထားသည့် ဥပဒေ ၇ ခု အနက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေ၊ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်ဥပဒေများမှာ ပယ်ဖျက်ခဲ့ခြင်းမဟုတ်ဘဲ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

ထို့အပြင် နယ်ခြားစောင့်စစ်ဆေးရေးဥပဒေနှင့် နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေဆိုသည့် ဥပဒေများမှာလည်း မရှိပေ။ နောက်ယောင်ခံစောင့်ကြည့်မှုကို ကန့်သတ်သည့် “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ” ကိုသာ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အဆိုပါအကြောင်းအရာသည် လူအများ အဓိပ္ပါယ်ကောက်ယူမှုလွဲမှားစေရန် ပုံဖျက်ထားသည့်သတင်းဖြစ်သည်။ 

Facebook ကို ငွေပေးကာ တင်ထားသည့်အကြောင်းအရာများထဲတွင် အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့ ကျင်းပမှုကို ဆန့်ကျင်သည့် အကြောင်းအရာ အနည်းဆုံးသုံးခုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လာသည့် ဒေါ်ဝင်းမြမြနှင့် ပတ်သက်၍လည်း ဘာသာရေးခွဲခြား တိုက်ခိုက်သည့် အကြောင်းအရာများလည်း ပါဝင်သည်။

National News Network စာမျက်နှာက ပုံမှန်တင်သည့် အကြောင်းအရာများတွင်လည်း သတင်းတုများ အစဉ်ဖြန့်ဝေလေ့ရှိသည့် “Nay Thurain” အကောင့်၊ NLD ကို တိုက်ခိုက်သည့် သတင်းတုများဖြန့်ဝေရာတွင် သုံးသည့် သတင်းဌာနအယောင်ဆောင် Radio Free Myanmar (RFM) တို့၏ screenshot သတင်းတုများ ပါဝင်သည်။ ထို့အပြင် ဗုဒ္ဓဘာသာမဟုတ်သူများကို မဲမပေးရန် လှုံဆော်ရေးသားမှုများလည်းရှိနေသည်။

ယင်းကဲ့သို့ သတင်းတုနှင့် အမုန်းစကားများ အခပေးဖြန့်ဝေနေမှုနှင့် ပတ်သက်၍ Myanmar Now က Facebook ထံ ဆက်သွယ်မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲကို Facebook ပလက်ဖောင်းပေါ်မှာ သမာသမတ်ရှိစွာ ကျင်းပနိုင်ရေးအတွက် အန္တရာယ်ရှိသည့်အကြောင်းအရာများကို အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သတင်းမှားပျံနှံ့မှုများကို လျှော့ချနိုင်ရန်၊ ခြိမ်းခြောက်မှုများကို ရှာဖွေတားဆီးနိုင်ရန် ကြိုးစားလုပ်ဆောင်နေသည်ဟု Facebook က အကြောင်းပြန်သည်။ 

“National News Network စာမျက်နှာကို လက်ရှိစီမံခန့်ခွဲနေတဲ့ အကောင့်တွေ စစ်မှန်မှုရှိမရှိ ဆိုတာ အတည်ပြုစစ်ဆေးအပြီးမှာ ကျွန်တော်တို့ Facebook ကနေ ဒီစာမျက်နှာကို ဖယ်ရှားခဲ့ပါတယ်” ဟု Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို အီးမေးမှတစ်ဆင့် ဖြေကြားခဲ့သည်။ 

သို့သော်လည်း ယင်းစာမျက်နှာကို စီမံခန့်ခွဲနေသည့် အကောင့်များအနက် အချို့ကိုသာ အရေးယူနိုင်ခဲ့ပြီး ကျန်အချို့မှာ Facebook က တောင်းခံသည့် အချက်အလက်များကို တင်ပြနိုင်သည့်အတွက် အဆိုပါစာမျက်နှာမှာ ပြန်လည်အသက်ဝင်ခဲ့သည်ဟု ဆိုသည်။ 

လက်ရှိတွင် အဆိုပါစာမျက်နှာသည် သတင်းတုများကို ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်။ ထို့အပြင် Facebook က သတင်းတု သတင်းမှားများကို ဖယ်ရှားသည်ဆိုသော်လည်း ယင်းကဲ့သို့သော အကြောင်းအရာများမှာ အခပေးကြော်ငြာထားသည့်အတွက် ခဏတာအချိန်အတွင်း လူမှုကွန်ရက်သုံးစွဲသူ အများအပြားထံ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ 

ထို့အပြင် အဆိုပါ National News Network စာမျက်နှာသည် နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ Facebook ကြော်ငြာများ အသုံးပြုခွင့်ရသည်ကိုလည်း တွေ့ရသည်။ နိုင်ငံရေးကြော်ငြာ ၃ ခုတင်ထားသည်ကိုတွေ့ရပြီး ငွေကြေးအနေဖြင့် ကြော်ငြာတစ်ခုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ဒေါ်လာ ၃၀၀ (မြန်မာငွေကျပ် ၄ သိန်းခွဲခန့်) အသုံးပြုထားသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော လူဦးရေများသည့် မြို့ကြီးများနှင့် ၁၈-၃၄ အရွယ် လူငယ်များကို အဓိကရည်ရွယ်ထားကာ Facebook အသုံးပြုသူတစ်သန်းထံ အဆိုပါပို့စ် ရောက်ရှိရန် ပြုလုပ်ထားသည်။ 

နိုင်ငံရေးကြော်ငြာအတွက် အသုံးပြုသည့် ငွေကြေးပမာဏကိုသာ လူအများက ကြည့်ရှုနိုင်သည့်အတွက် Natioanl News Network စာမျက်နှာ၏ငွေကြေးအသုံးပြုမှုတွင် နိုင်ငံရေးကြော်ငြာအဖြစ်ခွင့်ပြုထားသည့် ကြော်ငြာများ၏ငွေကြေးကိုသာ သိရပြီး ကျန်ရှိသည့် ကြော်ငြာ ၄၀ ကျော်တွင် ငွေကြေးမည်မျှအသုံးပြုသည်ကိုမူ မသိနိုင်ပေ။ 

Facebook ပေါ် နိုင်ငံရေးကြော်ငြာများကို အသုံးပြုပါက ငွေကြေးအသုံးပြုသူသည် မည်သည့်အဖွဲ့အစည်း မည်သူဖြစ်သည်ဆိုသည်ကို အရင်ဆုံးအတည်ပြုရန် လိုသည်ဟု Facebook က မူဝါဒထားရှိထားသည်။ သို့သော် National News Network Page သည် Page နာမည်အဖြစ်သာသိရပြီး မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ဖြစ်သည်ကို ပွင့်လင်းမြင်သာမှု မရှိပေ။ 

ဤကဲ့သို့ Facebook ၏ အငြင်းပွားဖွယ်ရာ ကြော်ငြာပွင့်လင်းမြင်သာမှုဆိုင်ရာအခြေအနေနှင့်ပတ်သက်၍ Myanmar Now က Facebook ကို မေးမြန်းခဲ့သော်လည်း မဖြေကြားခဲ့ပေ။ 

သတင်းမှားနှင့် အမုန်းစကားများကို Facebook တွင် ထိုသို့ အခပေးကြော်ငြာနေသည်ကို မြင်နေရသည့်အတွက် Facebook အနေဖြင့် သတင်းတုနှင့် အမုန်းစကားများကို  ကြော်ငြာခယူ လက်ခံနေသလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း လူမှုကွန်ရက်ပေါ် သတင်းမှားများနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးသည့် “ဟုတ်တယ် vs မဟုတ်ဘူး” အဖွဲ့၏ အချက်အလက်စစ်ဆေးသူ ကိုသက်မင်းက ပြောသည်။

“နိုင်ငံရေးကြော်ငြာမဟုတ်တဲ့ တခြားရိုးရိုးတန်းတန်းကြော်ငြာတွေမှာ အမုန်းစကားနဲ့ သတင်းမှားတွေပါတယ်၊ လူနည်းစု မွတ်စလင်တွေကို တိုက်ခိုက်ထားတာပါတယ်၊ လူနည်းစု မွတ်စလင်အရေးကို NLD အစိုးရက လုပ်ဆောင်တော့မယ်ဆိုပြီးတော့ သတင်းမှားတွေနဲ့  ခြိမ်းခြောက်ပြောဆိုမှုတွေပါတယ်။ အဲ့ဒီလိုမျိုး Post တွေက သုံးလေးခုထက်မနည်းတွေ့ရတယ်။ အဲ့ဒါတွေကို ကြော်ငြာအဖြစ် လက်ခံထားတာကို တွေ့ရတယ်” ဟု ကိုသက်မင်းက ပြောသည်။ 

သတင်းတုနှင့် အမုန်းစကားများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် Facebook သည် မြန်မာနိုင်ငံ ပြည်တွင်းနောက်ခံ အခြေခံအကြောင်းအရာ၊ စကားလုံးအသုံးအနှုန်းနှင့် ရည်ရွယ်ချက်များကို နားလည်နိုင်သူများက စောင့်ကြည့်သင့်သည်ဟု လူမှုကွန်ရက်ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် Myanmar ICT for Development Organization (MIDO) ၏ စီမံကိန်းဒါရိုက်တာ မဖြူဖြူသီက ပြောသည်။ 

လက်ရှိအတိုင်းသွားမည်ဆိုပါက Facebook မျှော်လင့်ထားသည့် ရလဒ်ကောင်းများ မရနိုင်ဟုလည်း ၎င်းက ဆိုသည်။  

“သူတို့ပလက်ဖောင်းပေါ်မှာ လုပ်‌ဆောင်နေတယ်ဆိုရင် ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ တိတိကျကျပြောဖို့လိုပါတယ်။ ဒီအတိုင်းသွားမယ်ဆို ခုတ်ရာတစ်ခြား ရှရာတစ်လွဲ မဖြစ်ဖို့ အရေးကြီးတယ်” ဟု မဖြူဖြူသီက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading