ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ပတ်သက်သည်ဟုဆိုကာ AA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိသော်လည်း ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်နှစ်ပါး အပါအဝင် သံဃာလေးပါးကို ရက္ခိုင့်တပ်တော် (AA) က ဩဂုတ် ၁၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသာရ၊ ရွှေဈေးဝကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဓမ္မပီယနှင့် နောက်ထပ်သံဃာနှစ်ပါးကို ဩဂုတ် ၁၈ ည ၉ နာရီခွဲအချိန်ခန့်တွင် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“AA က ဖမ်းသွားတာလေ။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ” ဟု ဗိုလ်မှူးကြီးမင်းသန်းက Myanmar Now ကို ပြောသည်။
ဆရာတော်နှစ်ပါးကို AA က ဖမ်းဆီးသွားသည့်သတင်းကို ဒကာတစ်ဦးက ဖုန်းဆက်သတင်းပေးသောကြောင့် သိခဲ့ရသော်လည်း ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုမှ အမည်မဖေါ်လိုသည့် ဆရာတော်တစ်ပါးက မိန့်သည်။


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ပတ်သက်သောကြောင့် ဆရာတော်နှစ်ပါးကို ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဖမ်းဆီးခံရသည့် ဆရာတော်နှစ်ပါးမှာ ALP နှင့် ပတ်သက်မှုမရှိကြောင်း အမည်မဖော်လိုသည့် အဆိုပါဆရာတော်က မိန့်ကြားသည်။
“ဝါတွင်းကာလဖြစ်တဲ့အတွက် ဆရာတော်တွေကို ဖမ်းခံရတာက မသင့်တော်ပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟုလည်း ထိုဆရာတော်က မိန့်သည်။


သံဃာလေးပါး ဖမ်းဆီးခံရပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ် ၁၉ တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက အဆိုပါဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းကို ဝင်ရောက်စစ်ဆေးခြင်း၊ လုံခြုံရေးယူခြင်းများ ဆောင်ရွက်ခဲ့ပြီး မြောက်ဦးမြို့တွင်း၌လည်း တစ်နေ့လုံးနီးပါး လုံခြုံရေးယူထားသည်ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် ရက္ခိုင့်တပ်တော်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ပုဏ္ဏားကျွန်းမြို့နယ် ALP ပါတီ အထွေထွေအတွင်းရေးမှူးအပါအဝင် ငါးဦးကို AA ကဖမ်းဆီးခဲ့ပြီး တစ်ပတ်ကျော်ကြာ ဩဂုတ် ၁၈ တွင် ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA ၏ ဖမ်းဆီးခြင်းခံရသူ အရေအတွက်မှာ ၁၀၀၀ ကျော်အထိရှိသည့်အနက် ၈၀၀ ကျော်ကို တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












