မေးခွန်းများစွာကျန်နေဆဲ မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှု

ဒုရဲအုပ်ဟောင်း စိုးနောင်သည် ဓားမြှောင်ဖြင့် မိသားစုဝင်အားလုံးနှင့် သူ့ကိုယ်သူသတ်သေသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုအချက်ကို ဆန့်ကျင်သွေဖယ်နေသည့် အချက်များစွာရှိနေသည်။ 

Published on Aug 20, 2020
Published on Aug 20, 2020
တမလွန်ရောက်ရှိသွား မိသားစုများထံမှ အမှုမှန်အဖြေရရေးအတွက် မျှော်လင့်နေသူ ဒေါ်ရီရီနွဲ့ကို အခင်းဖြစ်ပွားခဲ့ရာ အိမ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)
တမလွန်ရောက်ရှိသွား မိသားစုများထံမှ အမှုမှန်အဖြေရရေးအတွက် မျှော်လင့်နေသူ ဒေါ်ရီရီနွဲ့ကို အခင်းဖြစ်ပွားခဲ့ရာ အိမ်တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ရန်ကုန်မြို့ မြောက်ဖက်ယွန်းယွန်း မင်္ဂလာဒုံမြို့နယ်၏ ချောင်ကြိုချောင်ကြားတစ်နေရာတွင် အပြာရောင်သွပ်မိုး တစ်ထပ်တိုက်ကလေးရှိသည်။ ထိုအိမ်သို့သွားရန် သီးသန့်လမ်းမရှိသဖြင့် အနီးအနားအိမ်များ၏ နောက်ဖေး အိမ်သာကြိုအိမ်သာကြား၊ လမ်းကြိုလမ်းကြားအတိုင်း မြက်ရိုင်းပင်များကို တိုးဝေ့လျက် ရွှံ့ဗွက်များ၊ အမှိုက်သရိုက်များကို ကျော်ခွလျက်သွားရသည်။

အိမ်ရှေ့နှင့် အိမ်၏လက်ယာဘက်တွင် လေးပေခန့်အမြင့်ရှိ မြက်တို့ဖုံးလွှမ်းနေသော မြေကွက်လပ်ရှိသည်။ အိမ်၏ လက်ဝဲဘက်နှင့် နောက်ဘက်တွင်လည်း ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသော ရေမြောင်းတစ်ခုရှိသည်။

လွန်ခဲ့သောလေးနှစ် ညတစ်ညတွင် ဤတစ်ထပ်တိုက်အိမ်လေး၌ ငရဲခန်းအလား ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ညဖြစ်သည်။ အသက် ၃၇ နှစ်အရွယ် ဖခင်ဖြစ်သူ ကိုစိုးနောင်၊ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မချယ်ရီပွင့်၊ ၁၃ နှစ်အရွယ် သားကြီး မောင်ဟန်သူရနှင့် ၈ နှစ်အရွယ် သားငယ် မောင်စွမ်းထက်မြက်တို့ သွေးအလူးလူးဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အိမ်ကြမ်းပြင်နှင့် ခြင်ထောင်တို့မှာလည်း သွေးအိုင်ထွန်းလျက်ပင်။

အိမ်တွင်အတူနေသူ မချယ်ရီပွင့်၏မိခင် ဒေါ်ရီရီနွဲ့မှာ ထိုညက တခြားသို့ရောက်နေခဲ့သည်။ နောက်တစ်နေ့မိုးလင်းသည့် နံနက် ၆ နာရီခန့်အချိန် ဒေါ်ရီရီနွဲ့ အိမ်ပြန်လာချိန်၌ အိမ်ရှေ့တံခါးမကြီးမှာ အတွင်းဘက်မှ ကလန့်ထိုးပိတ်ထားသည်ကို တွေ့ရှိခဲ့သည်။

ဒေါ်ရီရီနွဲ့က မြေးဖြစ်သူများ၏ အမည်ကိုအော်ခေါ်ခဲ့သော်လည်း တစ်ယောက်မျှ ပြန်မထူးခဲ့ကြပေ။ အနည်းငယ် ပွင့်လျက်ရှိသော ခေါင်းရင်းခန်းပြတင်းပေါက်မှတဆင့် အိမ်ထဲသို့ အကဲခတ်ကြည့်လိုက်ရာ မိသားစုလေးဦးလုံး သေဆုံးနေသည်ကို ဒေါ်ရီရီနွဲ့ တွေ့ရှိခဲ့သည်။

တုတ်ခိုင်သန်စွမ်းသော ခန္ဓာကိုယ်ရှိသည့် ကိုစိုးနောင်၏ ရုပ်အလောင်းမှာ အိမ်ရှေ့ခန်း၌ ကိုယ်တုံးလုံး ပက်လက်အနေအထားဖြင့်လည်းကောင်း၊ ၎င်း၏ခြေရင်းတွင် သားကြီးသည်လည်းကောင်း၊ အိပ်ခန်းတွင်းရှိ ကုတင်ပေါ်တွင် သားအငယ်သည်လည်းကောင်း၊ မီးဖိုးချောင်ကြမ်းပြင်တွင် ဇနီးဖြစ်သူသည်လည်းကောင်း များစွာသော ဓားဒဏ်ရာကိုယ်စီဖြင့် သေဆုံးနေကြသည်။

pun_2_akhngphcpaakhaisnny_aimsnny_mngglaadunmiu.ny_pttttmaamiu.scrpkk_rennsaakeraaaupcuttngttnnyrisnny_dhaattpun-ciungjeaa_myanmar_now_.jpg

အခင်းဖြစ်ပွားခဲ့သည့် အိမ်သည် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက်၊ ရွှေနံသာကျေးရွာအုပ်စုတွင် တည်ရှိသည်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now) 

ထိတ်လန့်တုန်လှုပ်ဖွယ်အဖြစ်အပျက်မှာ 'မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှု' ဟု ယနေ့တိုင် လူပြောများနေဆဲဖြစ်သည်။ ကိုစိုးနောင်သည် ဇနီးနှင့်သားများကို သူကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး သူကိုယ်တိုင်လည်း အဆုံးစီရင်ခဲ့ကြောင်း အခင်းဖြစ်ပွားပြီး ဆယ်လခန့်အကြာ ၂၀၁၇ ဇွန်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ကောက်ချက်ချရခြင်းမှာ အခင်းဖြစ်သည့်အိမ်တွင် တံခါးများအတွင်းမှ ပိတ်လျက်ရှိနေခြင်း၊ ပြင်ပမှ ဝင်ရောက်လာသူတစ်ဦးဦး၏ ခြေရာလက်ရာမတွေ့ရှိရဘဲ မိသားစုဝင်များ၏ မျိုးရိုးဗီဇဆိုင်ရာ သဲလွန်စများသာ တွေ့ရှိခြင်း၊ ငွေကျပ် ၂၇ သိန်းကျော် အကြွေးတင်နေခြင်းကြောင့် အိမ်ထောင်ဦးစီး ကိုစိုးနောင်သည် စိတ်ပိုင်းဆိုင်ရာမူမမှန်သည့် အခြေအနေရှိနေနိုင်ခြင်း၊ လင်မယားချင်း စကားများတတ်ခြင်း၊ ကိုစိုးနောင်မှာ ဒဿနိကဘွဲ့ရထားသူဖြစ်ခြင်း၊ ဓားလက်နက်ကိုင်ဆောင်တတ်သူဖြစ်ခြင်းနှင့် အိမ်တွင်း စုန်းကဝေမှော်ဝတ္ထုစာအုပ်များနှင့် ယတြအဆောင်အယောင်များ တွေ့ရှိခဲ့ခြင်းကြောင့်ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအချက်များကို အခြေပြု၍ မိမိကိုယ်ကိုသတ်သေမှု (Suicide) ဟု ရဲတပ်ဖွဲ့က ကောက်ချက်ပြုသော်လည်း ထိုကောက်ချက်နှင့် ဆန့်ကျင်သွေဖယ်စေနိုင်သည့် အချက်များစွာရှိနေသည်။ လွန်ခဲ့သည့် လေးနှစ်တာအတွင်း ကာယကံရှင်မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ရရှိသည့်အချက်များအရလည်းကောင်း၊ သေဆုံးသူမိသားစုဝင်အားလုံးနှင့်ဆိုင်သော မှုခင်းဆိုင်ရာစာရွက်စာတမ်းများအပေါ်အခြေခံသည့် မှုခင်းဆရာဝန်အချို့၏ သုံးသပ်ချက်များအရလည်းကောင်း ရဲတပ်ဖွဲ့၏ကောက်ချက်နှင့် ဆန့်ကျင်သွေဖယ်နေသည့်အချက်များကို Myanmar Now က တွေ့ရှိထားသည်။

အမှုတွင် မိမိကိုယ်ကိုသတ်သေမှု မဟုတ်နိုင်ဟု ယူဆနိုင်ဖွယ်ရှိ အချက်တချို့ပေါ်ပေါက်နေသော်လည်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ထိုအချက်များ ပျောက်ဆုံးနေသည်။

ကိုစိုးနောင်၏ ရုပ်အလောင်းကို စစ်ဆေးခဲ့သည့် ဆရာဝန်ဖြစ်သူက ယနေ့အချိန်အထိ အမှုအတွက် သက်သေခံထွက်ဆိုရန် တရားရားရုံးသို့ ဆင့်ခေါ်မှု မရှိခဲ့ကြောင်းဆိုသည်။ ကိုစိုးနောင်၏ ရုပ်အလောင်းနှင့်ပတ်သက်ပြီး "ဆေးပညာအရ တကယ့်သေကွင်းသေကွက်က နှစ်ချက်ပါတယ်။ ဘယ်တစ်ခု ညာတစ်ခု။ ပထမ ဘယ်ကိုထိုးပြီးရင် ညာကိုထိုးနိုင်ဖို့ မဖြစ်နိုင်ဘူး” ဟု ရုပ်အလောင်းကို စစ်ဆေးခဲ့သည့် ဆရာဝန်က ဆိုသည်။

001.jpg

ကိုစိုးနောင်နှင့် မချယ်ပွင့်တို့၏ မင်္ဂလာဆောင်အမှတ်တရမှတ်တမ်းဓာတ်ပုံ။

ရန်ကုန်မှဆုတ်ခွာရန်ကြံသည့် ရဲအရာရှိဟောင်း

ပဲခူးတိုင်း မဒေါက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သော ကိုစိုးနောင်သည် ၁၉၉၆ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲအောင်ပြီးနောက် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ကိုစိုးနောင်၏ ဖခင်ဖြစ်သူမှာ တပ်မတော်အထောက်အကူပြု ဒေသခံပြည်သူ့စစ်တွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည့်သားအတွက် ဂုဏ်ယူခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

“ကြမ်းတမ်းတဲ့စရိုက်မရှိဘူး။ ရန်တွေဘာတွေဖြစ်တာ မရှိဘူး။ ကျောင်းမှာနေလို့ ဆရာမရိုက်တာလည်း တစ်ခါမှ မခံရဖူးဘူး” ဟု တောင်ဒဂုံမြို့နယ်တွင် သီတင်းသုံးနေသည့် ကိုစိုးနောင်၏အစ်ကိုဖြစ်သူ ဆရာတော်ဦးဝိစာရက မိန့်သည်။

ကိုစိုးနောင်သည် ရဲတပ်ဖွဲ့သို့ဝင်ရောက်ပြီးနောက် ဒဿနိကဗေဒဘာသာရပ်ဖြင့် ဒဂုံတက္ကသိုလ်တွင် အဝေးသင်တက်ခဲ့သည်။ ထို့နောက် အင်းစိန်မြို့နယ်တွင် နယ်ထိန်းတာဝန်ထမ်းဆောင်ရင်း အင်းစိန် အောင်ဆန်းရပ်ကွက်သူ မချယ်ရီပွင့်နှင့် အိမ်ထောင်ကျခဲ့သည်။

pun_4_raiaraariphccuk_kiuciuneaangsnny_2012_khuncttng_niungngntteaasmmttuusincinpeapseaa_chuttcchukiupng_rrikhaisuuphcsnny_dhaattpun-ciungjeaa_myanmar_now.jpg

ရဲအရာရှိဖြစ်စဉ်က ကိုစိုးနောင်သည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပေးအပ်သော ဆုတစ်ဆုကိုပင် ရရှိခဲ့သူဖြစ်သည်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

ကိုစိုးနောင်သည် တည်တည်ကြည်ကြည်နေထိုင်တတ်သူဖြစ်ကာ မိသားစုအပေါ် သံယောဇဉ်ကြီးသူလည်းဖြစ်ကြောင်း မချယ်ရီပွင့်၏ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့နှင့် ဆရာတော်ဦးဝိစာရတို့ နှစ်ဦးစလုံးက ဆိုသည်။

“မနက်ဆိုရင် သူက ကလေးကို ကျောင်းသွားပို့တယ်။ ရေချိုးပေးတယ်။ အန်တီက သနပ်ခါးသွေးပေး။ သူက လိမ်းပေးတာ။ သူ့သားလေးကို အဲဒီလောက်ချစ်တာ။ ဓာတ်ပုံဆိုရင်လည်း ကလေး ဖင်ပြောင်ပုံလေးတွေရိုက်တယ်။ ပြီးရင် ချက်ခြင်း ဓာတ်ပုံဆိုင်မှာ ပုံသွားထုတ်တတ်တာ” ဟု ကိုစိုးနောင်မိသားစုနှင့် တလျှောက်လုံးအတူနေလာခဲ့သူ ယောက္ခမဖြစ်သူ ‌ဒေါ်ရီရီနွဲ့က ဆိုသည်။

ကိုစိုးနောင်သည် သာမာန်ရဲတပ်သားအဆင့်မှ ဒုရဲအုပ်အဆင့်ထိ ရာထူးအဆင့်ဆင့် တာဝန်ထမ်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်။ ပုံမှန်အားဖြင့် အောက်ခြေအဆင့်မှတက်လာသူ တစ်ယောက်အတွက် ရဲတပ်ဖွဲ့တွင် အရာရှိဖြစ်ရန် ခက်ခဲလှသည်။

ရဲတပ်ဖွဲ့မှ ရုတ်တရက်နှုတ်ထွက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ကိုစိုးနောင်က မိသားစုဝင်များကို တိတိပပရှင်းပြခြင်း မရှိခဲ့ပေ။ ရာထူးမှမနုတ်ထွက်ခင်အထိ သူ့အိမ်အနီးရှိ လုံထိန်းတပ်ခေါ် အမှတ် (၈) လုံခြုံရေးရဲတပ်ရင်းတွင် နှစ်ရှည်တာဝန်ကျခဲ့သည်။ ရဲတပ်ဖွဲ့မှ နုတ်ထွက်ချိန်တွင် ကိုစိုးနောင်မှာ အသက် ၃၅ နှစ် ရှိပြီဖြစ်သည်။

အစ်ကိုဖြစ်သူ ဦးဝိစာရနှင့် ပုံမှန်အဆက်အသွယ်ရှိသော်လည်း ရဲတပ်ဖွဲ့မှ နုတ်ထွက်ခဲ့သည်ကို တစ်နှစ်ကျော်သည်အထိ အသိမပေးခဲ့ကြောင်းဆိုသည်။ အခင်းဖြစ်ပြီးမှသာ ကိုစိုးနောင်သည် ရဲအရာရှိဖြစ်စဉ် မူးယစ်အမှုကြီးတစ်ခုကို ဖမ်းဆီးရာတွင် ရာထူးထပ်မတက်သည့်အပြင် သူဖမ်းဆီးသည့် အမှုသည်လည်း ပိတ်သိမ်းခဲ့သည်ကို သိခဲ့ရကြောင်း ဆရာတော်ဦးဝိစာရက မိန့်သည်။

ကိုစိုးနောင်သည် အစိုးရအလုပ်မှ နုတ်ထွက်ပြီးနောက် အုတ်သဲကျောက်ရောင်းဝယ်ရေးနှင့် ခြံအရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ နှစ်ကုန်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက်၊ ရွှေနံ့သာကျေးရွာအုပ်စုတွင် လူမနေဖူးသည့် မြေတစ်ကွက်ဝယ်ယူခဲ့သည်။ အနံ ၂၅ ပေ၊ အလျား ၄၅ ပေ ကျယ်ဝန်းသည့် ထိုမြေကွက်တွင် တစ်ထပ်တိုက်ကလေး ဆောက်လုပ်ခဲ့သည်။ အိပ်ခန်းနှစ်ခန်းပါ အိမ်ကလေးဖြစ်သည်။ ထိုအိမ်တွင် မိသားစုနှင့်အတူ အခင်းမဖြစ်ပွားချိန်အထိ နေထိုင်ခဲ့သည်။

အိမ်ဧည့်ခန်းမျက်နှာစာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်မှတ်ဖြင့် ကိုစိုးနောင်ကို ချီးမြှင့်ထားသည့် ဝန်ထမ်းကောင်းဆုလက်မှတ်၊ သူ ရဲအရာရှိဝတ်စုံအပြည့်ဖြင့်ရိုက်ထားသော မှန်ဘောင်ကွပ်ဓာတ်ပုံ၊ မင်္ဂလာဆောင်တွင်ရိုက်ကူးထားသည့် ဇနီးဖြစ်သူ မချယ်ရီပွင့်နှင့်တွဲလျက် မှန်ဘောင်ကွပ်ဓာတ်ပုံနှင့် သားနှစ်ဦး၏ ပညာရည်ထူးချွန်ဆုတံဆိပ်များ နေရာအပြည့်ယူထားသည်။

ထိုအိမ်မှာ အိမ်ထောင်ကျပြီးချိန်မှစကာ ရဲတပ်ဖွဲ့မှအလုပ်ထွက်ပြီးချိန်အထိ တစ်ခုတည်းသော မယ်မယ်ရရ ပိုင်ဆိုင်မှုဖြစ်သည်။ ထိုအိမ်မှ မိသားစုတစ်ခုလုံးစွန့်ခွာရန် လိုအပ်ပြီဖြစ်ကြောင်း အခင်းမဖြစ်ခင် နာရီပိုင်းအလိုတွင် အစ်ကိုဖြစ်သူ ဦးဝိစာရကို ကိုစိုးနောင်က အသိပေးခဲ့သည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့ ညနေစောင်းအချိန်ပင်ဖြစ်သည်။

ထိုနေ့နံနက်ပိုင်းတွင် ကိုစိုးနောင်က အစ်ကိုဖြစ်သူ ဆရာတော်ဦးဝိစာရကို နေအိမ်သို့ပင့်ကာ နေ့ဆွမ်းကပ်ခဲ့သည်။ ဆွမ်းကပ်နေစဉ် မျက်နှာမကောင်းသဖြင့် မေးမြန်းရာ သူ့တွင် အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ကိုစိုးနောင်က ပြောပြခဲ့သည်။ အန္တရာယ်ရှိနေပြီဟုသာ အတိုချုပ်ပြောပြခဲ့ပြီး မဒေါက် (မြို့နယ်) ရှိ ဇာတိရွာသို့ မိသားစုလိုက်ပြောင်းရွှေ့ရန်ကိစ္စကိုမူ ဆရာတော် ကျောင်းပြန်ရောက်ပြီးချိန်တွင် ဖုန်းဖြင့်ပြောခဲ့သည်။

“ဦးပဉ္ဖင်းပြန်တော့ သူလိုက်ပို့တယ်။ ငါပြန်တဲ့အချိန်ကတစ်နာရီခွဲ ၂ နာရီလောက်ဖြစ်မယ်။ ဆွမ်းစားပြီးတော့ စကားထိုင်ပြောသေးတယ်လေ။ သူ ကားဂိတ်လိုက်ပို့သေးတယ် ဆိုင်ကယ်နဲ့။ ညနေ ၅နာရီခွဲ၊ ၆ နာရီလောက်မှာ ဖုန်းဆက်တာပဲ။ အတိုက်အခိုက်တွေ ကြုံနေတယ်ဆိုတဲ့အကြောင်း ပြောတယ်။ သူ ခြိမ်းခြောက်ခံနေရတယ်ဆိုတာ ပြောတယ်။ အိမ်တွေခြံတွေရောင်းပြီးတော့ ပြောင်းတော့မယ်တဲ့"။

"ဘာဖြစ်လို့လဲမေးတော့ သူ အန္တရာယ်တွေများလို့တဲ့။ အုပ်ချုပ်ရေးမှူးက အသစ်ပြောင်းသွားတော့ သူနဲ့ အဆင်မပြေဘူးလို့ ပြောတယ်။ လမ်းခင်းတဲ့ကိစ္စနဲ့လည်း သူ အတိုက်အခံတွေဖြစ်နေတယ်လို့ ပြောတယ်။ သူက လမ်းတွေ ကွန်ကရစ်လောင်းတာ။ ကန်ထရိုက်ဆွဲပြီးတော့ လုပ်တာလေ။ သူကရပြီးတော့ မရတဲ့လူတွေက နည်းနည်း ရန်ထောင်တာတွေရှိတယ် ပြောတာပဲ” ဟု ဦးဝိစာရာက မိန့်ကြားသည်။

ကိုစိုးနောင်နှင့် ဆရာတော်ဦးဝိစာရပြောဆိုထားသည့် မိနစ် ၃၀ ခန့်ကြာ အသံဖိုင်ကို အမှုစစ်ဆေးရာတွင် အသုံးပြုရန် ဆက်သွယ်ရေးအော်ပရေတာများထံမှ ရဲတပ်ဖွဲ့က ရယူခဲ့သည်။

Myanmar Now က နားထောင်ခွင့်ရရှိခဲ့သည့် ထိုအသံဖိုင်အရ ကိုစိုးနောင်သည် ဇာတိရွာသို့ မိသားစုလိုက် ပြောင်းချင်နေပြီဖြစ်သော်လည်း သားနှစ်ဦး၏ ပညာရေးကိစ္စရပ်များအတွက် စိတ်ပူနေကြောင်း ပြောဆိုချက်လည်း ပါဝင်သည်။

ထိုသို့ ဖုန်းပြောပြီးနာရီပိုင်းအကြာတွင် ကိုစိုးနောင်နှင့် မိသားစုဝင်အားလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ဦးပဉ္ဖင်းခန့်မှန်းကြည့်ရင် ကြီးကျယ်တဲ့ အနီးကပ်ခြိမ်းခြောက်မှုတစ်ခုကို သူရင်ဆိုင်နေရတာ။ သူ ရွာပြောင်းမယ်လို့ တစ်သက်လုံးတစ်ခါမှ မပြောဖူးတဲ့စကားကို ပြောတာ။ ဦးပဉ္ဖင်း တအားအံ့ဩသွားတာ။ ရွာပြန်ဖို့ တစ်ခါမှ မပြောဘူးတဲ့ကောင်။"
 

"ရွာမှာ အမေရှိတယ်လေ။ လေဖြတ်ထားတာ။ အဲဒီအချိန်က အဲလောက်မြန်ဆန်မယ် ထင်မထားဘူး။ အဲဒီလိုဖြစ်မယ်မှန်းသိရင် ကျောင်းခေါ်လာခဲ့ပါတယ်။ ကျောင်းခေါ်လာဖြစ်ရင်လည်း ဦးပဉ္ဖင်းလည်း သေမလား မသိဘူး။ သေတော့လည်း သေပေါ့။ တကယ်သိရင် ခေါ်လာခဲ့တယ်" ဟု တောင်ဒဂုံမြို့နယ်အစွန်အဖျားရှိ ခနော်နီခနော်နဲ့ ပျဉ်ထောင်သွပ်မိုးကျောင်းငယ်တွင် သီတင်းသုံးနေသည့် ဦးဝိစာရက Myanmar Now ကို မိန့်ကြားသည်။

အခင်းဖြစ်ပွားသည့် နေ့ရက်မတိုင်ခင်ရက်ပိုင်းက ကိုစိုးနောင်တို့အိမ်အနီးတွင် ချောင်းမြောင်းနေသည့် မသင်္ကာဖွယ်ရာ အမျိုးသားသုံးဦးကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးထားနိုင်ခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် ထိုဓာတ်ပုံနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းမှုများပြုလုပ်ခဲ့သည်။

pun_3_raiaraaribh0k_misaacunngtterseaa_kiuciuneaang_suusnny_duttdhaalknkkiungcheaangttttsuuphckeaang_raithuttpnkhkttng_pheaapthaaseaalnny_raiaraariheaangttcyeaakchiusnnykiumuu_pheaapthaakhngmripe_.jpg

ရဲအရာရှိဘ၀က မိသားစုနှင့်တွေ့ရသော ကိုစိုးနောင်။ သူသည် ဒုတ်ဓားလက်နက်ကိုင်ဆောင်တတ်သူဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ရဲအရာရှိဟောင်းတစ်ယောက်ဆိုသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

ပြင်းအားတူညီသော ဓားဒဏ်ရာများ

ကိုစိုးနောင်နှင့် မိသားစုဝင်အားလုံး ရရှိခဲ့သည့်ဒဏ်ရာများတွင် တူညီနေသည့်အချက်မှာ အသည်း၊ နှလုံး၊ အဆုတ် အစရှိသော ခန္ဓာကိုယ်၏ အရေးကြီးအင်္ဂါများတွင် နက်ရှိုင်းသည့်ထိုးသွင်းဒဏ်ရာများ ရရှိထားခြင်းဖြစ်ကြောင်း Myanmar Now က ရရှိထားသည့် မှုခင်းမှတ်တမ်းတွင် အသေးစိတ်ရေးသားထားသည်။

မချယ်ရီပွင့်သည် လည်ပင်း၊ ညှပ်ရိုး၊ ဘယ်ဖက်နို့အုံ၊ ပုခုံးနှင့် အခြားနေရာများတွင် စုစုပေါင်းဒဏ်ရာ ၁၂ ချက်ရှိပြီး၊ ဘယ်ဘက်ညှပ်ရိုးနေရာ ဒဏ်ရာမှာ အနက် ၈ စင်တီမီတာ၊ လည်ပင်းဒဏ်ရာမှာ အနက် ၅ စင်တီမီတာနှင့် အကျယ် ၇ စင်တီမီတာကျော်ရှိသည်။

သားကြီးမောင်ဟန်သူရသည် ရင်ဘက်တစ်ပြင်လုံး ဒဏ်ရာ ၅ ချက်ရထားပြီး၊ အနက် ၁၀ ဒသမ ၅ စင်တီမီတာရှိ ဒဏ်ရာမှာ အသည်းထိပေါက်ထားပြီး၊ ယာဘက်နံစောင်းတွင် အလားတူအနက်ရှိ ဒဏ်ရာသည် အဆုပ်ထိတိုင် ထိုးဖောက်ထားသည်။ ထို့အတူ သားငယ်မောင်စွမ်းထက်မြက်သည် ရင်ဘက်တွင် ထိုးသွင်းဒဏ်ရာ ၃ ချက်နှင့် ယာဘက်ဒူးခေါင်းတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရ ရှိထားသည်။
 

ကိုစိုးနောင်သည် အိမ်ရှေ့ဧည့်ခန်းတွင် ကိုယ်တုံးလုံး ပက်လက်အနေအထားဖြင့် ခြေကားယား၊ လက်ကားယား လဲကျနေသည်။ သူ၏ ညာဖက်ရင်အုံတွင် အဆုတ်ထိပေါက်သော အနက် ၆ စင်တီမီတာ ထိုးသွင်းဒဏ်ရာ၊ ဘယ်ဖက်ရင်အုံတွင် နှလုံးထိပေါက်ထားသော အနက် ၇ စင်တီမီတာရှိ ထိုးသွင်းဒဏ်ရာ၊ ရင်ညွန့်တည့်တည့်တွင် အသည်းထိပေါက်ထားသော အနက် ၆ ဒသမ ၄ စင်တီမီတာရှိ ထိုးသွင်းဒဏ်ရာနှင့် ဘယ်ဖက်ရင်အုံအောက်တွင် အနက် ၄ စင်တီမီတာရှိ ထိုးသွင်းဒဏ်ရာများ ရရှိထားသည်။

pun_5_-_kiuciuneaange_dnnraamaaaaa_mukhngmttttmttng_pheaapthaapun_.jpg

ကိုစိုးနောင်၏ ဒဏ်ရာများကို မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပုံ။

pun_6-_jniiphcsuumkhyriipng_dnnraamaaaaa_mukhngmttttmttng_pheaapthaapun_.jpg

ဇနီးဖြစ်သူမချယ်ရီပွင့် ဒဏ်ရာများကို မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပုံ။

13-1blur.jpg

သားကြီးဖြစ်သူ၏ ဒဏ်ရာများကို မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပုံ။

13-2blur.jpg

သားငယ်ဖြစ်သူ၏ ဒဏ်ရာများကို မှုခင်းမှတ်တမ်းတွင် ဖော်ပြထားပုံ။

ကိုစိုးနောင်၏ ဘယ်ဘက်လက်အနီး၌ တွေ့ရသော အသွားခုနှစ်လက်မခန့်ရှိ ဓားမြှောင်ဖြင့် မိသားစုဝင် သုံးဦးလုံးကို သတ်ဖြတ်ခဲ့သည့်အပြင် သူ့ကိုယ်သူလည်း ထိုဓားနှင့်ပင် အကြိမ်ကြိမ်ထိုးကာ အဆုံးစီရင်ခဲ့သည့်သဘောဟု ရဲတပ်ဖွဲ့က ကောက်ချက်ချကာ သတင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ သုံးသပ်ချက်မှာ နေအိမ်အတွင်းသို့ ပြစ်မှုကျူးလွန်သူများ ဝင်ထွက်နိုင်သည့် လမ်းကြောင်းနှင့် အခြားထူးခြားမှု သဲလွန်စများမရှိခြင်း၊ ကိုစိုးနောင်၏ ဘယ်ဘက်လက်သန်းမှ သွေးခြေဥဒဏ်ရာမှာလည်း ဓားမြှောင်သတ္တုအရိုးအား တင်းကြပ်စွာကိုင်ဆောင်၍ အချက်ပေါင်းများစွာထိုးစဉ် ရရှိနိုင်သော ဒဏ်ရာဖြစ်ပြီး၊ အိမ်တွင်တွေ့ရှိရသည့် ငွေ ၁၀၅,၀၀၀ ကျပ်သည်လည်း ပုံမပျက်ရှိနေခြင်းနှင့် သေဆုံးသူ မချယ်ရီပွင့်၏ စိန်နားကပ်မှာ ဝတ်ဆင်ထားလျက် တွေ့ရှိရခြင်းတို့ကြောင့် လူသတ်ပစ္စည်းလုခံရခြင်း မဟုတ်ဟူ၍ ဖြစ်သည်။

ကိုစိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန့်လန့်ပုံ ထိုးသွင်းဓားဒဏ်ရာ (၄) ချက်သည် “စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစားမှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်” ဟု အမည်ဖော်ပြထားခြင်းမရှိသော မှုခင်းဆရာဝန်ကြီးဆိုသူကို ကိုးကားလျက် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ကိုးကားခဲ့သော ဆရာဝန်မှာ ထိုအချိန်က ရန်ကုန်အင်းစိန်ဆေးရုံကြီးတွင် တာဝန်ကျခဲ့ပြီး လက်ရှိတွင် တောင်ကြီးပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျနေသည့် မှုခင်းဆရာဝန်ကြီး ဒေါက်တာနေလွင်အေးဖြစ်သည်။

ကိုစိုးနောင်၏ ဒဏ်ရာများနှင့်ပတ်သက်၍ စစ်ဆေးပြီးနောက် “မိမိကိုယ်ကို မိမိသတ်သေသည့် ရုပ်အလောင်းများတွင် အဆိုပါဒဏ်ရာမျိုးများ တွေ့ရခဲပါသည်” လို့ ရဲတပ်ဖွဲ့ကိုဖြေကြားခဲ့ကြောင်း၊ ကိုစိုးနောင်၏ ရင်ဘက်ရှိ နှလုံးနှင့် အဆုပ်ထိတိုင်ဖောက်ထားသော ဒဏ်ရာနှစ်ချက်သည် သေကွင်းသေကွက်ဒဏ်ရာများဖြစ်သည့်အတွက် တစ်ချက်ကိုထိုးပြီးလျှင် နောက်တစ်ချက်ကို ထပ်ထိုးဖို့ရာ မဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု ဒေါက်တာနေလွင်အေးက ဆိုသည်။

ဒေါက်တာနေလွင်အေးနှင့် Myanmar Now အမေးအဖြေကောက်နုတ်ချက်

မေး - ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုယ်စိုးနောင်က သတ်သေတာလို့ ထုတ်ပြန်ခဲ့တယ်။ အဲဒါက ဆရာပေးတဲ့သုံးသပ်ချက်လား။ ဆရာပေးတဲ့ သုံးသပ်ချက်နဲ့ ကွဲလွဲနေတာတွေရှိလား။

ဖြေ - ကျွန်တော်ပြောမယ်။ သတ်သေတယ်လို့ ကျွန်တော်က ပြောရအောင် ရဲတပ်ဖွဲ့ထုတ်တာပဲထားထား။ ကျွန်တော်က တရားရုံးမှာထွက်ဆိုတာ အခုချိန်ထိ မရှိသေးဘူးနော်။ တရားရုံးမထွက်ရသေးဘဲနဲ့ ဘာမှ မဖြစ်ဘူးဗျ။ ကျွန်တော် သူတို့ကို ဖြေပေးတဲ့အထဲမှာ ပါတာတစ်ခုက မိမိကိုယ်ကို မိမိသတ်သေတဲ့ ရုပ်အလောင်းများတွင် အဆိုပါဒဏ်ရာမျိုး တွေ့ရခဲပါသည်လို့ပဲ ပါတယ်။

ဘာလို့တုန်းဆိုတော့ ကိုစိုးနောင်ဆိုတဲ့လူက ရင်ဘက်ရှေ့ပိုင်းမှာတင် လေးချက်ရထားတာဗျ။ ကျွန်တော်တို့ ဆေးပညာအရ တကယ့်သေကွင်းသေကွက်က နှစ်ချက်ပါတယ်။ ဘယ်တစ်ခု ညာတစ်ခု။ ပထမ ဘယ်ကို ထိုးပြီးရင် ညာကို ထိုးနိုင်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ ပထမ ညာကိုထိုးပြီးရင် နောက်ထပ် ဘယ်ကိုထိုးဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ နှစ်ချက်လုံးက သေကွင်းသေကွက်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ကျွန်တော်က တွေ့ရခဲပါသည်လို့ပဲ ဖြေခဲ့တာပါ။ ကျွန်တော်ဖြေခဲ့တာနဲ့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ကွဲလွဲနေတာလို့ ပြောလို့ရပါတယ်။

မေး - ဆရာအနေနဲ့ဆိုရင်ရော ကိုစိုးနောင်က ကိုယ့်ကိုယ်ကိုသတ်သေတာလား၊ ဒါမှမဟုတ် သတ်ခံရတာလား။

ဖြေ - Suicide ( ကိုယ့်ကိုယ်ကိုသတ်သေတာ) တွေမှာ တွေ့ရခဲတယ်ဗျာ။ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့ (ရဲတပ်ဖွဲ့) က Suicide ဆိုတာ စိုးနောင်တစ်ချက်ကိုပဲ မေးတာနော်။ ကျန်တဲ့လူတွေကိုကျတော့ ကလေးနှစ်ယောက်က Suicide မဟုတ်ဘူး။ မိန်းမက ဒဏ်ရာများနဲ့ Suicide မဟုတ်ဘူး။ စိုးနောင်တစ်ယောက်ကိုပဲ သူတို့က မေးတာလေ။ ဖြစ်စဉ်ကို သူတို့က အငယ်ကောင်ကို သတ်တယ်။ ပြီးရင် အကြီးကောင်ကို သတ်တယ်။ မိန်းမကိုလည်းသတ်တယ်။ ပြီးတော့မှ သူ့ကိုယ်သူလုပ်တယ်ဆိုတော့ ကျွန်တော်က စိုးနောင်နဲ့ပတ်သက်ပြီး တွေ့ရခဲသည်လို့ပဲ ဖြေခဲ့တာ။

ဒေါက်တာနေလွင်အေး၏ သုံးသပ်ချက်နှင့် ပတ်သက်၍ ဆေးရုံကြီးတစ်ခုတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် အခြားမှုခင်းဆရာဝန်ကြီးတစ်ဦးကလည်း ထောက်ခံပြောဆိုသည်။

“ကိုယ့်ကိုယ်ကို ထိုးမယ်ဆိုရင် တစ်ချက်လောက်တော့ အားပျော့သွားရမှာ။ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ (ဒဏ်ရာတွေရဲ့) အနက်နဲ့ အကျယ်တွေက ကွာခြားမှု မရှိဘူး။ ရဲက ထုတ်ပြန်ထားသလို တကယ်သာ Suicide (ကိုယ့်ကိုယ်ကိုသတ်သေမှု) ဆိုရင် ရှေ့မှာလည်း သူ့မိန်းမနဲ့ ကလေးကို သတ်ခဲ့ပြီးပြီ။ ကိုယ့်ကိုကိုယ်လည်း ပြန်ထိုးတယ်။ ထိုးတာတောင်မှ ဒဏ်ရာတွေက Equal amount of force (တူညီတဲ့အား) ကို သုံးတယ်။ ဒဏ်ရာတွေက Equal depth and length (တူညီတဲ့အနက်နဲ့အကျယ်) ဖြစ်နေကြတယ်။ သူသာ ကိုယ့်ကိုယ်သတ်သေတယ်ဆိုရင် သူ့ဒဏ်ရာတွေရဲ့ အနက်တွေက ဘာလို့ equal force of use (ညီမျှတဲ့အားသုံးထားသလို) တူနေရတာလဲ” ဟု အမည်မဖော်လိုသူ ထိုမှုခင်းဆရာဝန်က သုံးသပ်ပြောဆိုသည်။

ကိုစိုးနောင်တို့မိသားစုသတ်ခံရသည်ဟု ကြားသိသည်နှင့်တပြိုင်နက် ရန်ကုန်ဆေးရုံကြီး သို့မဟုတ် အမှုဖြစ်ပွားသည့်နေရာနှင့် အနီးဆုံးတွင်တည်ရှိသည့် မြောက်ဥက္ကလာပဆေးရုံသို့ ရုပ်အလောင်းများ လာပို့မည်ထင်သဖြင့် ထိုဆေးရုံရှိ မှုခင်းဆရာဝန်များက မျှော်လင့်နေခဲ့ကြသည်ဟု အထက်ပါဆရာဝန်က ဆိုသည်။

သို့ရာတွင် ထိုသို့မဟုတ်ဘဲ မှုခင်းဆရာဝန်တစ်ဦးတည်းရှိသည့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ကိုလည်း နားမလည်နိုင်အောင်ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“မင်္ဂလာဒုံအပိုင်က မြောက်ဥက္ကလာပဆေးရုံကြီးမှာ။ ဆရာဝန်တွေများတယ်။ ဖြစ်စဉ်က Unnatural သမားရိုးကျ မဟုတ်ဘူး။ ရှုပ်ထွေးတယ်။ သေတဲ့လူက အစိုးရဝန်ထမ်း၊ ရဲအရာရှိတစ်ယောက်ဖြစ်တယ်။ သေဆုံးသွားတော့ သွားမှာက မင်္ဂလာဒုံအပိုင်နယ်မြေဖြစ်တဲ့ မြောက်ဥက္ကလာပဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတို့ကို လွှဲရမှာ။ ထင်မြင်ချက်တွေ အများကြီးပေးနိုင်တယ်။ မှုခင်းဆရာဝန်တွေ အများကြီးရှိတယ်။ ရန်ကုန်ဆေးရုံကြီးဆိုရင် တစ်နိုင်ငံလုံးက လာကြတာပဲ။ အင်းစိန်ဆေးရုံမှာက မှုခင်းဆရာဝန် မရှိတာများတယ်။ တစ်ယောက်လောက်ပဲ ရှိတတ်တယ်။ ဒီအမှုကို မြောက်ဥက္ကလာပဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ဘာကြောင့်ခေါ်မသွားတာလဲ” ဟု အမည်မဖော်လိုသူ အစိုးရမှုခင်းဆရာဝန်က မေးခွန်းထုတ်သည်။

pun_1_kiuciuneaangnng_mkhypngttiue_mngglaacheaangamttttrmttttmdhaattpun_.jpg

ကိုစိုးနောင်နှင့် မချယ်ပွင့်တို့၏ မင်္ဂလာဆောင်အမှတ်တရမှတ်တမ်းဓာတ်ပုံ။

နာရီပိုင်းအလို ကာမစပ်ယှက်မှု

ကိုစိုးနောင်နှင့် မချယ်ရီပွင့်တို့ လင်းမယားနှစ်ယောက်သည် အိမ်ထောင်မပြုခင်အချိန်မှစ၍ သေဆုံးချိန်အထိ အိမ်ထောင်ရေးပြဿနာများ၊ လူမှုရေးပြဿနာများနှင့် လင်းမယားနှစ်ယောက် မကြာခဏ စကားများသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုအချက်အရ လင်မယားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်သည်ဟု ရဲတပ်ဖွဲ့က အဓိပ္ပါယ်ကောက်ထားသည်။

သို့သော် အခင်းမဖြစ်မီ နာရီပိုင်းအလိုတွင် ၎င်းတို့နှစ်ဦး ကာမစပ်ယှက်ခဲ့သည့်သဘောရှိသည်ကို မှုခင်းစစ်ဆရာဝန်ဖြစ်သူ ဒေါက်တာနေလွင်အေးက တွေ့ရှိခဲ့သည်။

“အမျိုးသမီးကို ရင်ခွဲရုံမှာ သုတ်ပိုး မှန်ခြပ်လေးနဲ့ ယူခဲ့တယ်။ ဆေးရုံအုပ်ကြီးရုံးကို တင်တယ်။ မသေခင်နာရီပိုင်းအတွင်းမှာ ကာမစပ်ယှက်ခဲ့တဲ့သဘောပါ”ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြင့် အမှုပြီးဆုံးသွားပြီဟု ယူဆရသော်လည်း တရားရုံးသက်သေခံ ထွက်ဆိုခွင့်ရသည့်အခါ ရင်ခွဲစစ်ဆေးချက်၊ သေဆုံးရသည့် အကြောင်းအရင်း၊ သွေး၊ သုတ်ရည်သုတ်ပိုး အဖြေများကို သက်သေခံအဖြစ် တင်သွင်းသွားမည်ဟု ဒေါက်တာနေလွင်အေးက ပြောသည်။

အမည်မဖော်လိုသူ အခြားအစိုးရမှုခင်းဆရာဝန်ကလည်း “မိန်းမမှာ သုတ်ပိုးသုတ်ရည်တွေ့တယ်။ ကာမစပ်ယှက်ထားတယ်လို့ ပြောထားတယ်။ စိတ်ကျနေတဲ့ လူတစ်ယောက်က မသေခင်မှာ loss of libido (လိင်စိတ် မရှိနိုင်ဘူး)။ စိတ်မကျန်းမာဖြစ်နေတဲ့လူက ကာမစပ်ယှက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”ဟု မှတ်ချက်ပြုသည်။

ဘယ်သန်လား၊ ညာသန်လား

တုံးလုံးပက်လက်သေဆုံးနေသည့် ကိုစိုးနောင်၏ ဘယ်ဘက်လက်အနီးတွင် အရိုး (၄) လက်မ၊ အသွား (၇) လက်မရှိ သွေးစွန်းနေသော ဓားတစ်မြှောင်တွေ့ရှိခြင်း၊ ဘယ်လက်ကို အသုံးပြုပြီး ထိုဓားဖြင့် မိသားစုဝင်များနှင့် နောက်ဆုံးသူ့ကိုယ်သူ အချက်ပေါင်းများစွာ ထိုးခဲ့ခြင်း၊ ဘယ်ဘက် လက်သန်းတွင်လည်း သွေးခြေဥဒဏ်ရာရရှိထားခြင်းတို့ကြောင့် ကိုစိုးနောင်သည် ဘယ်သန်ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ကိုစိုးနောင်သည် ညာသန်ဆိုပါက သူ့ကိုယ့်သူသတ်သေသည်ဆိုသော ရဲတပ်ဖွဲ့၏ကောက်ချက်မှာ ယိုင်နဲ့သွားစရာ အကြောင်းများရှိနေသည်။

ပထမအကြောင်းမှာ သေဆုံးသည့်အချိန်တွင် သူ၏ညာဖက်လက်သည် တတောင်ဆစ်အထိ ဧည့်ခန်းရှိ ကျွန်းသစ်သားခုံအောင်တွင် ရောက်ရှိနေခြင်းဖြစ်သည်။ တစ်နည်းဆိုသော် ညာလက်ကိုသုံးပြီး အားရပါးရ သူ့ရင်ဘက်ကို သူကိုယ်တိုင် ၄ ချက်တိတိ ဓားမြှောင်နှင့်ထိုးပြီးကာမှ ထိုညာလက်ကိုပင် ကျွန်းခုံအောက်သို့ ထိုးထည့်ရမည့်သဘောရှိနေသည်။ ထို့ပြင် သေမှုသေခင်းမှတ်တမ်းတွင် ကိုစိုးနောင်၏ ညာဘက်လက်တွင် တစုံတရာထိခိုက်ထားခြင်းရှိကြောင်း လုံးဝဖော်ပြထားသည်မရှိဘဲ ဘယ်ဘက် လက်ခလယ်နှင့် လက်သန်းတွင်သာ သွေးခြေဥဒဏ်ရာများ ရရှိထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

pun_8_-_kiuciuneaanglaiksechunnepunphcsnny_suue_nnyaalksnny_knscsaakhunaeaakttng_reaakrinesnny_.jpg

ကိုစိုးနောင် လဲကျသေဆုံးနေပုံဖြစ်သည်။ သူ၏ ညာလက်သည် ကျွန်းသစ်သားခုံအောက်တွင် ရောက်ရှိနေသည်။ မိသားစုဝင်များက သူသည် ညာသန်ဟု အထောက်အထားများဖြင့် ပြောဆိုပြီး ရဲတပ်ဖွဲ့က သူသည် ဘယ်သန်ဟု သတင်းထုတ်ပြန်ခဲ့သည်။ 

မိသားစုဝင်များကတော့ ကိုစိုးနောင်သည် ညာသန်ဖြစ်ပြီး ဘယ်သန်ဟူသော ရဲတပ်ဖွဲ့ထုတ်ပြန်ချက်ကို ခါးခါးသီးသီး တုံ့ပြန်ကြသည်။ ကိုစိုးနောင်နှင့် မိသားစုဝင်ဓာတ်ပုံများတွင် ကိုစိုးနောင် ညာဘက်ဖြင့် ထမင်းစားနေဟန်၊ လသားအရွယ်ရှိ သားကြီးဖြစ်သူကို ညာလက်ဖြင့်ပင် ချီထားဟန်၊ အိမ်တက် ဆွမ်းကြွေးပွဲတစ်ခုတွင် ရေစက်ခွက်ကို ညာလက်ဖြင့်ပင် မထားပုံနှင့် အဝေးသင်တက္ကသိုလ်တက်စဉ်က ချည်လွယ်အိတ်ကို ညာဘက်လက်ဖြင့် ကိုင်ထားပုံများ တွေ့မြင်ရသည်။ အမှုစစ်ဆေးစဉ်၌ ထိုဓာတ်ပုံများကို ရဲတပ်ဖွဲ့သို့ ပြသခဲ့ကြောင်း ဒေါ်ရီရီနွဲ့က ဆိုသည်။

“သူ့သားကို ချီတာလည်း ညာနဲ့။ ဘာပဲလုပ်လုပ် ညာသန်ပဲ။ ဒါဆိုရင် သူကျောင်းသားဘဝကပုံ။ လွယ်အိတ်လည်း အမြဲတမ်းညာဘက်ပဲ။ ဘယ်သန်မှ မဟုတ်တာ။ သူ ကျောင်းသားဘဝကတည်းက ရဲတပ်သားဘဝအထိ သူ့မိန်းမကို ကျွန်မအိမ်မှာပဲ မင်္ဂလာဆောင်တယ်။ အိမ်မှာပဲနေတယ်။ ဘာပဲလုပ်လုပ် ညာဘက်နဲ့ပဲလုပ်တာ။ ဘယ်နဲ့ကိုင်တာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု ဓာတ်ပုံများကို လက်ဖြင့် ထောက်ပြရင်း ဒေါ်ရီရီနွဲ့က ဆိုသည်။

soe_noung.3.jpg

ကိုစိုးနောင်၏ ဓာတ်ပုံများတွင် သူသည် ညာလက်ကို အသုံးပြုထားသည်ကို တွေ့ရှိရသည်။ 

pun_10_-_kiuciuneaange_dhaattpunmaattngsuusnny_nnyaalkkiu_asunputhaasnnykiutterirsnny_.jpg

ကိုစိုးနောင်၏ ဓာတ်ပုံများတွင် သူသည် ညာလက်ကို အသုံးပြုထားသည်ကို တွေ့ရှိရသည်။ 

အစ်ကိုဖြစ်သူ ဦးဝိစာရကလည်း ကိုစိုးနောင်သည် ညာသန်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့တွင် နှစ်ပေါင်း ၂၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ရဲဌာနမှတ်တမ်းများတွင် ညာသန်ဟု ပါရှိပြီးသားဖြစ်ကြောင်း၊ အခင်းဖြစ်ရာတွင် တွေ့ရသည့်အခြေအနေများကို လေ့လာပြီး အထူးတလည်ပြောဆိုရမည့် ကိစ္စမဟုတ်ကြောင်းဆိုသည်။

ထို့ပြင် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ပါသော သူ၏ညီသည် တုတ်ဓားလက်နက်ကိုင်ဆောင်တတ်သည်ဆိုသော အချက်ကိုလည်း ဦးဝိစာရက ဝေဖန်ထောက်ပြသည်။

“အဲဒါတွေ ကိုင်ဆောင်တတ်အောင် သူတို့ သင်ပေးခဲ့တာလေ။ ရဲဝန်ထမ်းတစ်ယောက်က တုတ်၊ ဓား လက်နက်မှ မကိုင်တတ်ရင် ဘယ်လိုလုပ် ရဲဝန်ထမ်းလုပ်လို့ရမှာလဲ။ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒါကိုင်တတ်တာကို အပြစ်ပြောလို့ မရဘူးလို့ထင်တယ်။ အရပ်သားတစ်ယောက်ကို ကိုင်လို့ပြောတယ်ဆိုရင် လက်ခံရမှာပေါ့" ဟု ကိုစိုးနောင်၏အစ်ကိုဖြစ်သူ ဦးဝိစာရက မိန့်ကြားသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ကိုစိုးနောင်သည် ရဲအရာရှိဟောင်းဆိုသည်ကို ဖော်ပြမထားပေ။

တမလွန်ကအဖြေရှာ

အခင်းဖြစ်ပြီးကတည်းက ကိုစိုးနောင်၏ယောက္ခမဖြစ်သူ ဒေါ်ရီရီနွဲ့သည် မင်္ဂလာဒုံအိမ်တွင် နေထိုင်ခြင်းမပြုတော့ဘဲ လှည်းကူးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ သားအငယ်၏ ဝန်ထမ်းလိုင်းခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၂၀၁၈ ခုနှစ် နွေရာသီတစ်ရက်တွင် ခပ်နွမ်းနွမ်း အနီရောင်ပွင့်ရိုက် မလေးရှားပါတိတ်ထမီကို ဝတ်ဆင်ထားသည့် ဒေါ်ရီရီနွဲ့တစ်ယောက် အင်းစိန်မြို့နယ် မှုခင်းရဲတပ်ဖွဲ့ရုံးသို့ လာခဲ့သည်။ ကော်ခြင်းတောင်းကို လက်ဖြင့်ချိတ်ကာ လှည်းကူးမှနေ၍ ဘတ်စ်ကားစီးလျက် အင်းစိန်လာခဲ့ခြင်းဖြစ်သည်။

အချိန်က ကိုစိုးနောင်တို့မိသားစုသေဆုံးခဲ့ခြင်းမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာအပြီး တစ်နှစ်နီးပါးအကြာတွင် ဖြစ်သည်။

ဤရုံးသို့ မကြာခဏလာဖူးပြီး လာတိုင်းလည်း ဘယ်သူနှင့်မျှ မတွေ့ရတတ်ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း ဘယ်သူနှင့်မျှ မတွေ့ခဲ့ရကြောင်း မှုခင်းရဲတပ်ဖွဲ့ရုံးမှအထွက်တွင် ဒေါ်ရီရီနွဲ့က ဆိုသည်။ အမှုအခြေအနေ တရားရုံးရောက်သလားသိရှိနိုင်ရန် မင်္ဂလာဒုံတရားရုံးသို့ သွားရောက်စုံစမ်းသော်လည်း ထိုအမှုမှာ တရားရုံးတွင်မရှိကြောင်း ရဲစခန်းသို့ သွားရောက်စုံစမ်းရန်သာ ပြန်ညွှန်ခဲ့သည်ဟု ဆိုသည်။

အမှန်တကယ်တွင် ထိုအမှုသည် တရားရုံးသို့ ရောက်ရှိခဲ့ခြင်း အလျဉ်းမရှိပေ။

တရားရုံး၌ သက်သေခံထွက်ဆိုရန် ခေါ်သည့်အခါ အဆင်သင့်ဖြစ်စေရန် အမှုအတွက် ဆေးစစ်ချက်အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထားပြီးဖြစ်သည်ဟု မှုခင်းဆရာဝန် ဒေါက်တာနေလွင်အေးက ဆိုသည်။

“ကျွန်တော်သိသလောက်တော့ လေးလောင်းပြိုင်လူသတ်မှုသည် ကျွန်တော်တို့ကို တရားရုံးသက်သေခံ ခေါ်ထားတာ မရှိသေးဘူး။ တစ်ဖက်က တရားခံကို မတွေ့တာလား။ ဘယ်လိုလားတော့ မသိပါဘူး” ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ကို လက်မခံသော ဒေါ်ရီရီနွဲ့ကတော့ အားမလျှော့၊ အမှုမှန်ပေါ်ရန် မျှော်လင့်နေဆဲဖြစ်သည်။

ညာသန်ဖြစ်သော သူ့သမက်ကို ရဲတပ်ဖွဲ့က သိရက်နှင့် တမင် ဘယ်သန်ဟု မှားယွင်းထုတ်ပြန်သည်၊ အခင်းမဖြစ်ခင် နာရီပိုင်းအလို အစ်ကိုဖြစ်သူ ဦးဝိစာရကို အန္တရာယ်ကျရောက်ပြီဟု လှမ်းအကြောင်းချက်ကို ရဲတပ်ဖွဲ့က ထည့်သွင်းစဉ်းစားခြင်းမရှိ၊ ထို့ပြင် သူသာလျှင်ဖတ်သော စုန်းကဝေသရဲ ဝတ္ထုစာအုပ်များကို သူ့သမက်ဖတ်ပြီး စိတ်ရူးနှမ်းကာ သတ်ဖြတ်သွားသည်ဆိုသော ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ဒေါ်ရီရီနွဲ့တစ်ယောက် ကြိတ်မနိုင်ခဲမရဖြစ်နေဆဲပင်။

pun_12_-_ttmlnreaakrisaa_misaacumaathnm_amumnapherreattk_meaalngnesuu_deriiriinai_aaa_akhngphcpaakhairaa_aimre.ttngttercu_dhaattpun-ciungjeaa_myanmar_now.jpg

တမလွန်ရောက်ရှိသွားသည့် မိသားစုများထံမှ အမှုမှန်အဖြေရရေးအတွက် မျှော်လင့်နေသူ ဒေါ်ရီရီနွဲ့ကို အခင်းဖြစ်ပွားခဲ့ရာ အိမ်ရှေ့တွင်တွေ့ရစဉ်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

တခါတရံ သမီးနှင့်သမက် စကားများရန်ဖြစ်တတ်သည်ကိုမူ ဒေါ်ရီရီနွဲ့က ဝန်ခံသည်။ သို့ရာတွင် ကိုယ်ထိလက်ရောက် ဆိုးဆိုးရွားရွား ခိုက်ရန်မဖြစ်ဖူးကြခြင်း၊ သမက်ဖြစ်သူသည် သူ့မြေးများအား အလွန်သံယောဇဉ်ကြီးသောသူဖြစ်ခြင်းနှင့် မိသားစုအုတ်သဲကျောက်ရောင်းဝယ်သည့်ကိစ္စတွင် တင်ရှိနေသည့် အကြွေး ၂၇ သိန်းမှာလည်း သတ်သေရလောက်အောင်များသည့် ပမာဏမဟုတ်ခြင်း စသည်တို့ကြောင့် ဤအမှုသည် မုချမသွေ အပြင်လူတစ်ဦးဦး၏ လက်ချက်ဟုပင် ဒေါ်ရီရီနွဲ့က လက်ခံယုံကြည်ထားသည်။

ထို့ကြောင့် သူလက်ရှိနေထိုင်ရာ လှည်းကူးမြို့မှ အခင်းဖြစ်ရာအိမ်သို့ မြက်ပင်ရှင်များကိုဖြတ်ပြီး တစ်လလျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စသည်ဖြင့် ရက်ရှည် တစ်ယောက်တည်းသွားရောက် နေထိုင်တတ်သည်။ ညဖက်တွင် တမလွန်သို့ရောက်ရှိသွားသူ သမီး၊ သမက်နှင့် မြေးနှစ်ဦးတို့က အိမ်မက်ပေးပြီး သို့တည်းမဟုတ် ကိုယ်ထင်ပြပြီး သူတို့ကိုသတ်ခဲ့သူကို ပြောပြမည်လားဆိုသော မျှော်လင့်ချက်ဖြင့် လာအိပ်ခြင်းဖြစ်ကြောင်း ဒေါ်ရီရီနွဲ့က ပြောသည်။

“အန်တီကတော့ လေလေးများတိုက်ရင် သြော်.. ငါ့မြေးလေးလားဟယ်။ ငါ့ကိုဆွဲ။ ဖွားဖွားကိုဆွဲလေ။ သမီး အမေ့ကို ဆွဲဦးလေ။ အဲ့လိုပြောတာ။ စိုးနောင်ရယ်.. ငါ့ကို အမှုမှန်လေးပေါ်အောင် လုပ်ပေးပါဟယ်လို့ အမြဲတမ်းတတယ်။ အိမ်မက်တွေလည်း ခဏခဏတောင်းတယ်။ တစ်ခါမှ မရဘူး" ငိုရင်းရှိုက်ရင်း ဒေါ်ရီရီနွဲ့က ဆိုလေသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးကြီးကျော်သီဟကမူ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြောကြားသည်။

 

 

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading