ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွတ်စလင်ကိုယ်စားလှယ်လောင်းလေးဦးမှာ ၎င်းတို့မွေးဖွားစဉ်က မိဘများ နိုင်ငံသားမဟုတ်ဟုဆိုကာ ကိုယ်စားလှယ်လောင်းလျှောက်လွှာပယ်ချခံထားရသည် 

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ဓာတ်ပုံ - ဇေယျာမော်/Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးကို နိုင်ငံသားအရည်အချင်း မပြည့်မီသည့်အကြောင်းပြချက်ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များက ပယ်ချထားသည်။ 

ပယ်ချခံရသူလေးဦးအနက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းလည်း ပါဝင်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဘူသီးတောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးကျော်မင်းမှာ  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မွတ်စလင်ကိုယ်စားလှယ်လောင်းတချို့ရှိခဲ့သော်လည်း မွတ်စလင် ၂၈ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်တစ်ဦးမျှ အနိုင်မရခဲ့ပေ။ 

မွတ်စလင်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်ရန်လျှောက်ထားမှု ပယ်ချခံရခြင်းနှင့်ပတ်သက်၍ DHRP ပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို Myanmar Now က မေးမြန်းထားသည်များမှ ထုတ်နုတ်ဖော်ပြလိုက်သည်။

မေး။    ။ ရခိုင်မြောက်ပိုင်းက ဝင်ရောက်ရွေးချယ်ခံမယ့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။

မေး။    ။ အဓိကအကြောင်းပြချက်က မိဘများ နိုင်ငံသားဖြစ်ကြောင်းအထောက်အထား မခိုင်လုံဘူးတဲ့။ အမျိုးသားမှတ်ပုံတင်ဆိုတာ နိုင်ငံသားလက်မှတ်မဟုတ်ဘူးလို့ သူတို့ကပြောတယ်။ အဲ့ဒါကြောင့် မိဘများ နိုင်ငံသားဖြစ်ကြောင်း မခိုင်လုံဘူးဆိုပြီးတော့ အကြောင်းပြတာပေါ့။ ကျွန်တော်တို့ မိဘဆုံးသွားတာ နှစ် ၉၀ ရှိပြီ။ အဲ့ဒီကာလက စိစစ်ရေးကတ်ပြားမှ မရှိတာ။ ဘယ်ကနေ ပေးမလဲ။ ၂၀၁၀ မှာ အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်တဲ့ မိဘများရဲ့သားသမီးပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တာ။ ခုကျမှ အဲဒီဥပဒေပဲ ၂၀၀၈ ဖွဲ့စည်းပုံပေါ့။၂၀၁၀ ရွေးကောက်ပွဲဥပဒေလည်း ဒီအတိုင်းပဲ၊ အပြောင်းအလဲမှ မရှိတာ။ ဒါပေမယ့် ကိုယ်စားလှယ်ရွေးတဲ့အချိန်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာက နည်းနည်းတော့ ထူးဆန်းတယ်။ ဒီမိုကရေစီ ပီပြင်ဖို့အတွက် အစိုးရက လုပ်တာလား။ လူမျိုးတစ်မျိုးကို ဖိနှိပ်ဖို့လုပ်တာလား။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော လွှတ်တော်အရပ်ရပ်၏ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) အရ 'မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား' သည် ရွေးကောက်ခံပိုင်ခွင့် မရှိပေ)

မေး။    ။၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ပယ်ချခံခဲ့ရတယ်လို့ သိရတယ်။

ဖြေ။    ။၂၀၁၅ တုန်းကလည်း ဒီအချက်ပဲ။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အာမခံပြောလို့မရဘူးပေါ့။ ကျွန်တော်တို့သိတာက အမတ (အမျိုးသားမှတ်ပုံတင်) ဆိုတာကို နိုင်ငံခြားသားကို ဥပဒေအရ မပေးရဘူး။ တိတိကျကျပြောရရင် နိုင်ငံခြားသားများကို အမတ ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေးလို့မရဘူးဆိုတာ အတိအကျ ပြဋ္ဌာန်းထားတယ်။ အခုကျတော့ နိုင်ငံသားမဖြစ်နိုင်ဘူးဆိုတာမျိုးလုပ်တော့ ဘယ်လိုပြောရမှာလဲ။ ၁၉၈၂ ဥပဒေ မတိုင်ခင်က နိုင်ငံသား ဘာနဲ့ စိစစ်လဲ။ အဲဒီ အမတနဲ့ပဲ စိစစ်တာပေါ့။ အမတ ပြနိုင်ရင် နိုင်ငံသား။ အမတ မပြနိုင်ရင် နိုင်ငံခြားသားပေါ့။

၁၉၈၂ ဥပဒေအရဆိုလဲ ကျွန်တော်တို့က နိုင်ငံသားပေါ့။ ၁၉၈၂ ခုနှစ် မတိုင်မီကာလက ကျွန်တော်တို့က ရှိသမျှသော ရွေးကောက်ပွဲတိုင်းမှာ ရွေးကောက်ခွင့်၊ ရွေးကောက်ခံခွင့်တွေ ရှိခဲ့တယ်လေ။

၂၀၁၅ မှာ ရိုဟင်ဂျာအားလုံးနီးပါးကို မဲထည့်ခွင့်မရှိဆိုပြီးတော့ ပါလီမန် (လွှတ်တော်) က ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့က အစဉ်မလာ မပျောက်အောင်လို့ဆိုပြီးတော့ ဟိုးလွတ်လပ်ရေး မရခင်ကတည်းက ကျွန်တော်တို့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အစဉ်အလာရှိခဲ့တယ်။ အဲဒီ အစဉ်အလာမပျောက်အောင် ဝင်ပြိုင်ဖို့အတွက် ကြိုးစားတယ်။ လျှောက်လွှာတင်တယ်ပေါ့။ ၁၈ နေရာ တင်တာမှာ ၃ နေရာပဲ ရခဲ့တယ်။ ရိုဟင်ဂျာနာမည်ပါတဲ့ ကိုယ်စားလှယ်လောင်း ၁၅ ဦးကို ပယ်ချခဲ့တယ်။

မေး။    ။၂၀၁၅ ခုနှစ်မှာ ကိုယ်စားလှယ်လောင်းတင်တော့ ဦးကျော်မင်းကို ကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ပယ်ချခဲ့တာလဲ။

ဖြေ။    ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းပါ။၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်က အကျဉ်းထောင်ထဲမှာပါ။၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လျှောက်လွှာတင်ခဲ့တယ်။ ကျွန်တော့ကိုလည်း ပယ်ချခဲ့တယ်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာပါ။ ပယ်တဲ့အချိန်မှာ ပထမအချက်က ကန့်ကွက်တဲ့သူရှိတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်လိုကန့်ကွက်တယ်ဆိုတာကို စာရွက်နဲ့ ဖတ်ပြတယ်။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အခိုင်အမာ မပြောနိုင်တဲ့အတွက်ကြောင့် လူကြီးမင်းကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုပါဆိုပြီးတော့။ အဲဒါက ကြိုတင်စီစဉ်ထားပြီးသား။  

ကျွန်တော်တို့က သြဂုတ်လ ၂၉ ရက်နေ့မှာ လျှောက်လွှာတင်တယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ပြီးတော့ မင်းတို့ကို ပယ်ချတယ်ဆိုတာကို အမိန့်ထုတ်လိုက်တယ်။ ခရိုင်ကော်မရှင်ရုံးက။ တစ်ရက်တည်းမှာ သူတို့ ဘယ်လိုစိစစ်လို့ ရသွားလဲ။ ကျွန်တော်နဲ့ ပတ်သက်တာ လူဖြစ်ဖြစ်၊ စာရွက်စာတမ်းအထောက်အထားအဖြစ် ဘာတစ်ခုမှ စိစစ်တာ မရှိဘဲနဲ့ အမိန့်ထုတ်တယ်။ ဆိုလိုတာက ကြိုတင်စီစဉ်ထားပြီးသား၊ အထက်က အမိန့်ထုတ်ထားပြီးသား၊ လက်မှတ်ထိုးပေးတာ တစ်ခုပဲ ရှိတယ်။

မေး။    ။ ရွေးကောက်ပွဲကော်မရှင်ကတော့ အမတကိုင်တဲ့ သူတွေက ပါတီထောင်လို့ရ၊ မဲပေးလို့ရပေမယ့် ရွေးကောက်ခံတော့ မဖြစ်ရဘူးလို့ ပြောထားပါတယ်။

ဖြေ။    ။ ခုက အဲ့ဒီ အမတကိုင်တဲ့သူတွေက အရွေးခံတာမှ မဟုတ်တာ။ သူတို့ရဲ့သား၊သမီးတွေ မြေးတွေက နေ (နိုင်ငံသား) ကဒ်ပြားကိုင်ပြီးတော့ အရွေးခံတာ။ မိဘက နိုင်ငံသားဖြစ်ဖို့ပဲ လိုတာ။ အမတကိုင်တဲ့သူက နိုင်ငံသားလား၊ နိုင်ငံခြားသားလား အဲဒါပဲ ဆုံးဖြတ်ဖို့လိုတာ။ ဥပဒေမှာ နိုင်ငံသားမို့လို့ ဒီကတ်ပြားထုတ်ပေးခဲ့တာဆိုရင် အဲ့ဒီ အမတကိုင်ခဲ့တဲ့သူတွေသည် နိုင်ငံသားပေါ့။ သူတို့ရဲ့ သားသမီးတွေက အခု (နိုင်ငံသား) ကဒ်ပြား ကိုင်တယ်။ နိုင်ငံသားမိဘက မွေးလို့ (နိုင်ငံသား) ကဒ်ပြား ကိုင်တာပေါ့ ၁၉၈၂ ဥပဒေအရ။ သူတို့ခေတ်မှာက ၁၉၈၂ ဥပဒေ မရှိခဲ့ဘူးလေ။ ကျွန်တော့အဖေ ဆုံးသွားတာ နှစ်ပေါင်း ၇၀ ရှိသွားပြီ။ ၁၉၇၂ ခုနှစ်က (နိုင်ငံသား) ကဒ်ပြားမှ မရှိတာ။ အမတလည်း မရှိဘူး။ (နိုင်ငံသား) ကဒ်ပြားလည်း မရှိဘူး။ ကျွန်တော်တို့ရဲ့ မျိုးရိုးရာဇဝင်တွေ၊ စာရွက်စာတမ်းတွေ ကြည့်ပြီးတော့ ဒီနိုင်ငံဖွား ဒီနိုင်ငံသားဆိုပြီးတော့ ၁၉၉၀ မှာ ကျွန်တော့်ကို အရွေးခံခွင့်တွေ ပြုခဲ့တယ်။ အဲ့လိုလူတွေက အများကြီးရှိတယ်လေ။

မေး။    ။ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုတွေ ပယ်ချခံရတာ ရွေးကောက်ပွဲ နှစ်ကြိမ်ရှိပြီဆိုတော့ ဒါဟာ ဥပဒေအရ အငြင်းပွားစရာကိစ္စလို့ ယူဆလား။ 

ဖြေ။    ။ ကျွန်တော်တို့မြင်တာ လေ့လာထားတဲ့ ဥပဒေတွေအတိုင်းဆိုရင် ကိုယ်စားလှယ်မဖြစ်နိုင်စရာ မရှိဘူး။ ၁၉၈၂ ဥပဒေမှာလည်း အပိုဒ် (၆)မှာ နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဆိုတာ ပါပြီးသားပဲ။ ၁၉၈၂ မတိုင်ခင်က ကျွန်တော်တို့က နိုင်ငံခြားသားမှ မဟုတ်တာ။ အခွန်ဆောင်ခဲ့ရတာမှ မဟုတ်တာ။ ဘယ် လဝက ကမှ လာပြီးတော့ ခင်ဗျားတို့ အခွန်ဆောင်ပါ၊ နိုင်ငံခြားသားပါ၊ FRC (Foreigner Registration Certificate- နိုင်ငံခြားသားသက်သေခံကတ်ပြား) မှတ်ပုံတင်ပါဆိုပြီးတော့ အဲ့လိုမပြောခဲ့ဘူး။ အမျိုးသား မှတ်ပုံတင်ထုတ်ပေးခဲ့တယ်။ အစဉ်အဆက် နှစ်တိုင်းနှစ်တိုင်း မွေးလာတဲ့လူငယ်တွေကို အမတ ထုတ်ပေးခဲ့တယ်။ ၁၉၈၂ နောက်ပိုင်းမှာလည်း ပေးတယ်လေ။ ၁၉၉၀ ရွေးကောက်ပွဲဆိုတာက ၈၂ နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာလေ။

အခုကျတော့ ဒီမိုကရေစီအစိုးရ ဦးဆောင်ပြီးတော့ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်နေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ လူထုရဲ့ အခြေခံအခွင့်အရေးကို ပိတ်ပင်နေတယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များကို ပိတ်ပင်နေတာပါ။ အဲ့ဒါကို ဥပဒေအတိုင်းလို့ ဘယ်ပြောလို့ ရမှာလဲ။ နိုင်ငံတော်ပေါ်လစီဆိုတာ အားလုံး မှန်ချင်မှလည်း မှန်မှာပေါ့။ လူမျိုးတစ်မျိုးအတွက်က တစ်မျိုး၊ အခြားလူမျိုးတစ်မျိုးအတွက်က တစ်မျိုးဆိုရင် ဒါဟာ မှန်ကန်တဲ့ဒီမိုကရေစီ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

မေး။    ။ ဦးသိန်းစိန်အစိုးရခေတ်ကရော ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေ ရွေးကောက်ပွဲဝင်ခွင့် ရခဲ့လား။

ဖြေ။    ။၂၀၁၀ ခုနှစ်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ သုံးယောက် ရတယ်။ ပြည်နယ်လွှတ်တော်မှာ နှစ်ယောက်၊ စုစုပေါင်း ငါးယောက် ရခဲ့တယ်။ မောင်တောက နှစ်ယောက်၊ ဘူးသီးတောင်က နှစ်ယောက် စသည်ဖြင့်ပေါ့။ ခုကျတော့ ဥပဒေက ဒီအတိုင်းပဲ အပြောင်းအလဲမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ အခုဥပဒေနဲ့က တူတူပဲ။ မိဘများ မွေးစဉ်ကတည်းက နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ အချက်က ပါနေတာပဲလေ။ အရင်က ရတယ်။ အခုက မရဘူးဆိုတာ ဘာတွေပြောင်းလို့လဲ၊  ဥပဒေပြောင်းတာလား ကျွန်တော်တို့လည်း မသိတော့ဘူး။

မေး။    ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလတုန်းကနဲ့ ဘာများ ကွာခြားသွားတာလဲ။

ဖြေ။    ။ ၁၉၉၀ တုန်းကတော့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ကျွန်တော်တို့က သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ဘူး။ ဒါပေမယ့် မဲနိုင်တယ်။ ပါတီ ၈ ခုပြိုင်ခဲ့တဲ့အထဲမှာ ကျွန်တော်တို့က ၇၅ ရာခိုင်နှုန်းရခဲ့တယ်။၂၀၁၅ မှာ ပြိုင်ခွင့်မရှိတော့ လှုပ်ရှားဖို့လည်း အခွင့်မရှိခဲ့ဘူးပေါ့။ ၁၉၉၀ မှာ ကျွန်တော်တို့ ပါတီနာမည်က National Democratic Party for Human Rights။ အဲဒီတုန်းက ကျွန်တော်တို့က ၈ နေရာလောက် ပြိုင်ခဲ့တယ်။ ၅ နေရာ အနိုင်ရရှိခဲ့တယ်။

မေး။    ။ ယခင် အစိုးရတွေလက်ထက်က ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိကော်မရှင်နဲ့ ဘာတွေ ကွာခြားမှုရှိသလဲ။ 

ဖြေ။    ။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာ အားလုံးကို ဖိနှိပ်တယ်။ ဗမာကိုလည်း ဖိနှိပ်တယ်။ တခြားလူနည်းစုတွေကိုလည်း ဖိနှိပ်တယ်။ ဦးတင်အေးက ကျွန်တော်တို့ကို သီးသန့်ဖိနှိပ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘူး။ သူက အစိုးရ Policy အတိုင်း လုပ်ခဲ့တာ။ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးစု ရခိုင်ပြည်မှာ မရှိရေးဆိုတဲ့ အချက်က အဓိကပဲ။ ဒါက စစ်တပ်ပေါ်လစီပဲ။ ဒါပေမယ့် ချက်ချင်းမှ လုပ်လို့မရတာ။ သူ့မှာက သမိုင်းအထောက်အထားတွေ အစဉ်အလာတွေရှိတယ်။ ဝန်ကြီးတောင် ရှိခဲ့တာကို။ စဉ်းစားပြီး စဉ်းစားပြီး၊ တစ်ရစ်ချင်း တစ်ရစ်ချင်း ကျပ်ရတယ်။

အခုတက်တဲ့ အစိုးရကလည်း တခြားကဏ္ဍမှာတော့ ကျွန်တော်မသိဘူး။ ရိုဟင်ဂျာနဲ့ မွတ်စလင်ကဏ္ဍကြရင် စစ်တပ်နဲ့ ပေါ်လစီတူတယ်။ စစ်တပ်က မွတ်စလင်ကို မုန်းတယ်။ ရိုဟင်ဂျာကို မုန်းတယ်။ မလိုလားဘူး။ အထူးသဖြင့် ရိုဟင်ဂျာဆိုတာကို ဒီနိုင်ငံကနေ လမ်းရှင်းအောင် ဖယ်ထုတ်နိုင်ဖို့ စီမံချက်ရှိတယ်။ အရပ်သားအစိုးရ၊ ဒေါ်စုအစိုးရကလည်း တူတူပဲ။ ကျွန်တော်တို့ကို ခုတုံးလုပ်ပြီး၊ ဖိနှိပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တာ တူတူပဲ။ ဒါကြောင့် အခုကော်မရှင်နဲ့ အရင်ကော်မရှင် ဘယ်လိုမှ ခွဲခြားလို့ ကျွန်တော်တို့ မတွေ့ဘူး။ အစိုးရရဲ့ ပေါ်လစီက တူတူပဲ။ ဒေါ်စုက ပြောခဲ့တဲ့ ဒီမိုကရေစီက ကျွန်တော်တို့ အပေါ်မှာကျတော့ မသုံးဘူး။

မေး။    ။ ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေရဲ့ ရွေးကောက်ပွဲ မဲထည့်ခွင့်ကရော ဘယ်လို ဖြစ်လာနိုင်မလဲ။

ဖြေ။    ။၂၀၁၅ ခုနှစ်က မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ လုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေကို အစိမ်းကဒ်ဆိုပြီးတော့ ထုတ်ပေးခဲ့တယ်။ ဟိုးလွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ့။ အစိမ်းကဒ်ဆိုတာ အလုပ်လျှောက်ရင်၊ ခရီးသွားရင် လိုအပ်တဲ့ ဧည့်နိုင်ငံသားကဒ်ပေါ့။ ရိုဟင်ဂျာကိုလည်း ဒါ ထုတ်ပေးခဲ့တာ။ နောက်ပိုင်းကျတော့ ဦးနေဝင်းတက်လာပြီး အဲဒါကို ရပ်ဆိုင်းလိုက်တယ်။ အစိမ်းကဒ် ဆက်ပြီးတော့ ထုတ်မပေးတော့ဘူး။ ဒီကောင်တွေကို မောင်းထုတ်ရမယ်ဆိုပြီးတော့။ တရားဝင်အထောက်အထားပေးလိုက်ရင် နှင်ထုတ်ရခက်နေမှာပေါ့။ 

ရှိတဲ့ဟာကို ရုပ်သိမ်းပြီးတော့ သိပ်မကြာဘူး။ နဝတခေတ် ၁၉၉၀ ကျော်နှစ်တွေမှာ ထုတ်ပေးထားတဲ့ အစိမ်းကဒ်တွေကို သိမ်းပြီး အဖြူကဒ် ယာယီသက်သေခံကဒ်ပြားဆိုတာကို ထုတ်ပေးခဲ့တယ်။၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ယာယီသက်သေခံကဒ်ပြား ၇ သိန်းကျော်ရှိတယ်။ အဲဒီ ၇ သိန်းကျော်ဆိုတာ ၁၂ နှစ် အထက်ပေါ့။ သိမ်းပြီးတော့ လွှတ်တော်မှာ ၂၀၁၅ ခုနှစ် မတ်လ၊ ဒါမှ မဟုတ်ရင် ဖေဖော်ဝါရီလမှာ ဒီအဖြူရောင်ကဒ် ကိုင်ဆောင်သူသည် မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်မှာ မဲ မထည့်နိုင်ခဲ့ဘူး။

အဓိကပါတီကြီးနှစ်ခုအနက် NLD ကိုယ်စားလှယ်လောင်းများက အလှူရှင်ငွေကို အဓိကထားသုံးစွဲပြီး ပြည်ခိုင်ဖြိုးက ပါတီစိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ထားသည့် ကုန်ကျစားရိတ်ရှင်းတမ...

Published on Dec 21, 2020
Published on Dec 21, 2020
ရွေးကောက်ပွဲမတိုင်မီက အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု ထောက်ခံသူများ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

နေပြည်တော်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနက် အနိုင်ရလဒ် ၁၀ ရာခိုင်နှုန်းသာရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအသုံးစရိတ် အများဆုံးသုံးသူစာရင်းတွင် ဦးဆောင်လျက်ရှိသည်။ 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၆၆ ဦး၏ စုစုပေါင်းရွေးကောက်ပွဲအသုံးစရိတ် ကျပ်သိန်း ၃၅၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအသုံးစရိတ် အများဆုံး ၁၀ စာရင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၆ ဦးအထိ ပါဝင်နေသည်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၈ ခုတွင် ပါတီစုံနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅၅ ဦးဝင်ပြိုင်ခဲ့သည့်အနက် ကျပ်သိန်း ၈၀ မှ ကျပ်သိန်း ၁၀၀ နီးပါးသုံးစွဲခဲ့သူ ထိပ်တန်းစာရင်းတွင် ဇေယျာသီရိမြို့နယ်တွင် အနိုင်ရထားသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးလည်း ပါဝင်သည်။ 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခုအတွက် ဝင်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း ၁၁ ဦးတွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးက ကျပ်သိန်း ၉၀ ကျော်နှင့် ကျပ်သိန်း ၇၀ ကျော် သုံးစွဲပြီး အသုံးရိတ်အများဆုံးစာရင်းတွင် အမှတ်စဉ် ၁နှင့် ၃၌ ရပ်တည်နေသည်။

ပြည်ခိုင်ဖြိုး၏ အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်များထဲတွင် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ရသည့် ဦးကျော်ထွေးက ကျပ် ၇၈ သိန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်းတွင် နံပါတ် ၁၁ နေရာ၌ရှိသည်။ 

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ခဲ့ကြသည့် အာဏာရပါတီမှ အခြားကိုယ်စားလှယ် ၇ ဦးသည်လည်း အဆင့် ၁၂ မှ ၂၄ အတွင်း ရှိနေပြီး ကျပ်သိန်း ၇၀ မှ ၈၀ နီးပါးအထိ သုံးစွဲထားကြသည်။

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ပြီး ကုန်ကျစားရိတ်အများဆုံးသုံးစွဲထားသူမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တပ်ကုန်းမြို့နယ်တွင် ဝင်ပြိုင်သည့် ဦးမြင့်ဦးဖြစ်ပြီး အသုံးစားရိတ် ကျပ် သိန်း ၁၀၀ နီးပါးရှိသည်။

ပြည်သူ့ပါတီမှ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ဦးစိန်ဝင်းမှာမူ သတ်မှတ်ထားသည့် ဒီဇင်ဘာ ၁၀ ရက်မတိုင်မီ အသုံးစားရိတ်ရှင်းတမ်းပေးပို့ခြင်းမရှိ၍ အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ကြေညာထားသည်။

ထို့ကြောင့် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ လာမည့်လွှတ်တော်သက်တမ်းငါးနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည် မဟုတ်ပေ။ 

ပြည်သူ့လွှတ်တော်နေရာအတွက်ဝင်ပြိုင်ကြသူများထဲတွင် တစ်သီးပုဂ္ဂလ ဦးမျိုးမင်းက စားရိတ်အနည်းဆုံးဖြစ်ပြီး ကျပ် ငါးသိန်းနီးပါးသာ ကိုယ်ပိုင်ငွေဖြင့် စိုက်ထုတ်သုံးစွဲထားကြောင်း တွေ့ရသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲစားရိတ် အများဆုံးသုံးသူစာရင်း၏ အမှတ်စဉ် ၄နှင့် ၅တွင် ကျပ် ၇၂ သိန်းထက်ပိုမသုံးထားသည့် အနိုင်ရ NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက ရပ်တည်နေသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်နေရာတွင် ဝင်ပြိုင်ကြသူများအနက် ကုန်ကျစရိတ်အနည်းဆုံးမှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ မန္တလေးတိုင်း၊ မဲဆန္ဒနယ် အမှတ် ၁၂နေရာတွင် ဝင်ပြိုင်သည့် ဦးကိုကြီးဖြစ်ပြီး ကျပ် ၇ သိန်းကျော်သာ သုံးစွဲထားသည်။

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရရှိသည့် အသေးစိတ် အသုံးစားရိတ်ရှင်းတမ်းများအရ နေပြည်တော်တွင် ဝင်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများမှာ ပါတီစိုက်ထုတ်ငွေ၊ ကိုယ်ပိုင်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေကို အဓိကထားသုံးစွဲကြောင်းတွေ့ရသည်။

အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုကို လေ့လာရာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ အသုံးစားရိတ်ထဲတွင် ပါတီမှ စိုက်ထုတ်ငွေနှင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ထက်ဝက်ခန့်စီ ကျခံသုံးစွဲထားကြောင်းတွေ့ရသည်။

NLD  ကိုယ်စားလှယ်များမှာမူ ပါတီထောက်ပံ့ငွေ၊ ကိုယ်ပိုင်စိုက်ထုတ်ငွေနှင့် အလှူရှင်များမှ ထည့်ဝင်ငွေ ထက်ဝက်ခန့်စီဖြင့် ရွေးကောက်ပွဲကုန်ကျစားရိတ်ကို ကျခံသုံးစွဲခဲ့ကြောင်း စာရင်းရှင်းတမ်းများတွင် တွေ့ရသည်။

နေပြည်တော်၌ ဝင်ပြိုင်သည့် NLD ကိုယ်စားလှယ်လောင်းများကို ပျဉ်းမနားမြို့မျက်နှာဖုံး စိုးလျှပ်စစ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ကျပ်သိန်း ၂၀ စီလှူဒါန်းခဲ့ကြောင်း အသုံးစားရိတ်ရှင်းတမ်းများတွင် ပါဝင်သည်။

ရွေးကောက်ပွဲအသုံးစရိတ် စိစစ်နိုင်မှု 

ကိုယ်စားလှယ်လောင်းအသီးသီး၏ ရွေးကောက်ပွဲကုန်ကျစားရိတ်တင်သွင်းမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် အကြောင်းကြားပြီးဖြစ်သည်ဟု ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်စိုးဝင်းက Myanmar Now ကိုပြောသည်။

“စာရင်းဇယားမှန်၊ မမှန်၊ သတ်မှတ်ပုံစံကျမကျ၊ လိုအပ်တဲ့စာရွက်စာတမ်းပြေစာသွင်း၊ မသွင်း၊ သုံးထားတဲ့စာရင်းနဲ့ ပြေစာတွေကိုက်မကိုက် အဲဒါကို အဓိကစိစစ်ပါတယ်။ မြေပြင်မှာ သုံးသလား၊ မသုံးလားထိတော့ ကျွန်တော်တို့ မစိစစ်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကမူ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ကိုယ်စားလှယ်လောင်းများ၏ အသုံးစားရိတ်များကို စိစစ်သည့်လုပ်ငန်းစဉ်အတွင်း ကြပ်မတ်မှု၊ ပွင့်လင်းမြင်သာမှု၊ လုပ်နိုင်စွမ်းများမြှင့်တင်ရန် လိုအပ်နေသေးကြောင်း သုံးသပ်သည်။

“အလှူငွေတွေနဲ့ပတ်သက်ပြီး ဥပဒေတွေထဲမှာ သေချာပြောထားတာ မရှိသေးဘူး။ အဲဒါတွေ အသေးစိတ်သိရရင် ပိုပြီးလေ့လာစောင့်ကြည့်နိုင်တာပေါ့။ နောက်တစ်ခုက အခုရွေးကောက်ပွဲမှာ ခေတ်စားလာတာပေါ့၊ ဝန်းရံသူဆိုတဲ့ကိစ္စ၊ အဲဒီအသုံးစားရိတ်တွေကို မစိစစ်နိုင်ဘူး။ တင်လာတဲ့ ပြေစာတွေ စာရင်းကိုက်မကိုက်လောက်ပဲ လုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် ၈၊ အမျိုးသားလွှတ်တော် ၂၊ စုစုပေါင်း ၁၀ နေရာ ယှဉ်ပြိုင်ရွေးချယ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသန်းဌေးတစ်ဦးတည်းသာ အနိုင်ရခဲ့ပြီး ကျန်မဲဆန္ဒနယ်များ၌ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသာ အနိုင်ရခဲ့သည်။

Continue Reading

NLD ကိုယ်စားလှယ်လောင်း အနိုင်ရသွားပါက ဒိဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ NLD ကိုယ်စားလှယ်လောင်း၏ အိမ်ထောင်ဘက်မှာ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ကျေးရွာတရားပွဲများတွင် ထည့်သွင်းဟောကြား...

Published on Dec 15, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ကို ရွေးချယ်ရန် တရားပွဲတွင် ဘုန်းကြီးများက ထည့်သွင်းဟောကြားခဲ့သည်။ 

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လွှတ်တော်နေရာ ၇ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆ နေရာအနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ 

ပင်းတယမြို့ရှိ ဇောတိကာရုံကျောင်း၌ သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရသည် ရွေးကောက်ပွဲကျင်းပရန် တစ်ပတ်ခန့်သာ လိုတော့သည့် အောက်တိုဘာ ၃၁ တွင် အင်းပက်လက်ရွာတရားပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်းကို ရွေးချယ်ရန် ထည့်သွင်းဟောပြောခဲ့သည်။ 

“မဲထည့်မမှားဖို့ ပြောတယ်။ ကြံ့ခိုင်ရေးကိုထည့်ရင် ကောင်းတယ်လို့ ပြောတယ်။ NLD နိုင်သွားရင် ဗုဒ္ဓဘာသာတွေ ပျောက်ကွယ်သွားမှာ စိုးလို့တဲ့” ဟု ဆရာတော်ဦးပညာသာရ၏ တရားပွဲနာကြားခဲ့သူ အင်းပက်လက်ရွာသူ ဒေါ်ချိုက Myanmar Now ကို ပြောသည်။

ထို့ပြင် Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများအရ ဆရာတော်ဦးပညာသာရ၏ ဟောပြောချက်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအာကာလင်း၏ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း (NLD) သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း၊ ဘာသာစကားသင်တန်းများဖွင့်လှစ်ကာ ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟုလည်း ပါရှိသည်။ 

“သင်ပေးရင်းနဲ့ သူတို့ (ခရစ်ယာန်) ဘာသာထဲကို ဆွဲသွင်းနေတယ်။ ဘာတွေ ပွားလာမလဲဆိုတော့ ဒိဋ္ဌိပြဿနာ၊ အယူလွဲတဲ့ပြဿနာတွေ ပွားလာတော့မယ်” ဟု ဆရာတော်ဦးပညာသာရက ဟောပြောထားသည်။ 

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ 

“လက်ရှိဒေသဥက္ကဋ္ဌနဲ့ ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်က ဆိုပြီး ကျွန်တော့်အမျိုးသမီးအကြောင်းတွေကို ပြောထားတာ။ ဂျပန်စာတွေသင်တယ်။ ကျောင်းဖွင့်တာက (ကိုယ်စားလှယ်လောင်းတွေရဲ့ ဇနီးတွေထဲမှာ) ကျွန်တော့်အမျိုးသမီးတစ်ယောက်ပဲရှိတယ်” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

ဦးထိန်လင်း၏ဇနီး ဒေါ်အေမီဖြိုးမင်း မိခင်ဖြစ်သူမှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်ပြီး ပင်းတယတွင် ဂျပန်စာသင်ကြားပေးနေခြင်းမှာလည်း ခရစ်ယာန်ဘာသာသို့ ဆွဲသွင်းနေခြင်းမဟုတ်ကြောင်း ဦးထိန်လင်းက တုံ့ပြန်သည်။

ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း  မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။ 

“အဓိကက ဘုန်းကြီးတွေဟောတဲ့ ရွာတွေက ကျွန်တော် ရှုံးတာပဲ။ ဘုန်းကြီးတွေက ၈၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးမှုရှိတယ်” ဟု ဦးထိန်လင်းက ဆိုသည်။

ဦးထိန်လင်းက ထိုသို့ဆိုသော်လည်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ဘုန်းကြီးများက ထိုသို့ထည့်သွင်းဟောကြားခဲ့သည်ကို မသိရှိကြောင်းလည်း အနိုင်ရကိုယ်စားလှယ် လက်ရှိဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။ 

"ကျွန်တော်တို့တော့ ဘာမှ မပြောထားဘူး။ ဆရာတော် သံဃာတော်တွေကို ကျွန်တော်တို့ ဘာမှ လျှောက်မထားဘူး။ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် သံဃာတော်တွေဆိုတာ ရွေးကောက်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်တို့လည်း ဘာမှ မလျှောက်ထားပါဘူး” ဟု ဦးအာကာလင်းက ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း နိုင်ငံရေးအဖွဲ့အသီးသီးက မဲဆွယ်ဟောပြောကြဖြစ်သဖြင့် သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

အင်းပက်လက်ရွာ၌ ဟောပြောခဲ့မှုများနှင့် ပတ်သက်၍ Myanmar Now က ဆရာတော်ဦးပညာသာရကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဟောပြောခဲ့သည်ကို ငြင်းဆိုခြင်း မရှိသော်လည်း “အဲဒါ ကိုယ့်ရွာနဲ့ကိုယ် နည်းနည်းပါးပါး လမ်းမှားမှာ စိုးလို့ ပြောတာ” ဟုသာ မိန့်ကြားပြီး ဖုန်းချသွားခဲ့သည်။

လွန်ခဲ့သည့် ၂နှစ်က ရွာငံမြို့နယ်တွင် ဆောက်လုပ်ခဲ့သည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဒေသဥက္ကဋ္ဌဖြစ်သူ ဦးအာကာလင်းက ဖျက်ခိုင်းခဲ့ကြောင်း၊ ယင်းသို့ ဖျက်ခိုင်းရခြင်းသည်လည်း ဦးအာကာလင်းကိုယ်တိုင် ဗုဒ္ဓဘာသာဖြစ်နေသောကြောင့်ဖြစ်ပြီး ၎င်း၏နေရာတွင် ဘာသာခြား (သို့) ဘာသာခြား၏ အထောက်အပံ့ကို ရယူထားသူဖြစ်ပါက ဒေသအတွင်း အယူဝါဒကွဲပြားသည့် ပြဿနာများ ကြုံတွေ့လာရမည်ဟု ဆရာတော်ဦးပညာဓရက တရားဟောစဉ် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

“Church ပေါ်လာခဲ့ရင် ဒို့ဒေသမှာ ဒိဋ္ဌိပြဿနာ၊ အယူပျက်စီးတဲ့ ပြဿနာတွေ ပွားမလာဘူးလား။ စိုးရိမ်စရာမကောင်းဘူးလား။ အဲဒါလေး ပြောချင်တာပါ။ ကိုယ့်ဒေသကို အုပ်ချုပ်မယ့်၊ စီမံမယ့်သူဟာ ဗုဒ္ဓဘာသာ၊ ကိုယ်လူမျိုးရဲ့ အကျိုးကို ရှေးရှုမယ့်၊ တခြားသောဘာသာရဲ့ အထောက်အပံ့ကို ယူမထားတဲ့သူဖြစ်ဖို့ အရေးမကြီးဘူးလား” ဟု ဆရာတော်က မေးခွန်းထုတ်သည်။

ဆရာတော်ဦးပညာဓရ၏ ဟောပြောမှုကို ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက် Facebook ပေါ် တင်ခဲ့သည့် ရှားပြားရွာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူဆုံးမ၍ ရုပ်သံဖိုင်များကိုလည်း Facebook ပေါ်မှ ပြန်လည်ဖြုတ်ချရန် ခိုင်းစေခဲ့သည်ဟု ပင်းတယမြို့နယ် NLD ဝန်းရံသူများက ပြောသည်။

ပင်းတယမြို့နယ် ရှားပြားရွာ (ဆားပြား) ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးပညာဓရသည်လည်း တရားပွဲတွင် ဦးအာကာလင်းကို မဲပေးရန် ထည့်သွင်းမိန့်ကြားခဲ့သည်။ 

ရှားပြားရွာ မီးရရှိရေးအတွက် ဦးစဝ်အောင်မြတ် (ယခင်အစိုးရလက်ထက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်) တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဦးအာကာလင်းအပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက တိုက်တွန်းဟောကြားထားသည်။ 

“ကိုယ့်ရွာမှာ ကျေးဇူးပြုတဲ့လူကို ထည့်ပေးပေါ့။ ပါတီကို မကြည့်နဲ့၊ လူကိုကြည့်။ အဲဒီလူက လုပ်ပေးသလား၊ ဒီလူက လုပ်ပေးသလား။ လုပ်ပေးတဲ့သူကိုပဲ အာကာလင်း (ပြည်ခိုင်ဖြိုးကိုယ်စားလှယ်) ကအစ မဲပေးကြပေါ့" ဟု နိုဝင်ဘာ ၁ က ရှားပြားရွာတရားပွဲတွင် ဆရာတော်ဦးပညာဓရက ဟောကြားခဲ့သည်။ 

Continue Reading

၂၀၁၅ ထက် မဲအရေအတွက် လျော့နည်းခဲ့ခြင်းမှာ ရွေးကောက်ပွဲတရားမျှတမှု မရှိသောကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံနိုင်၍ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲရလဒ်လက်ခံခြင်းမည်သော ယဉ်ကျေးမှုကို လမ်းကြောင်းပေါ်တင်ပေးခဲ့သည့် ပါတီက...

Published on Dec 11, 2020
Published on Dec 11, 2020
နေပြည်တော်ရှိ ပါတီဗဟိုဌာနချုပ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဒီဇင်ဘာ ၁၁ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

လွန်ခဲ့သော ငါးနှစ်ထက် လျော့နည်းကျဆင်းခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောကြားလိုက်သည်။ 

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝေလွင်၊ ဦးသောင်းအေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြသည့် ဦးသိန်းထွန်းဦးနှင့် ဒေါက်တာနန္ဒာလှမြင့်တို့ ဦးဆောင်ကာ နေပြည်တော်၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရလဒ်ကို ကျွန်တော်တို့အသိအမှတ်မပြုပါဘူးခင်ဗျ”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ဒေါက်တာနန္ဒာလှမြင့်သည် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကိုယ်စားလှယ်ကို မဲလေးသောင်းကျော်အကွာဖြင့် အရေးနိမ့်ခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုများရှိနေသည်ဟု ဆက်တိုက်ပြောဆိုနေရခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်လို၍ မဟုတ်ဘဲ ရာဇဝင်မရိုင်းစေချင်လို့ဖြစ်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များက ပြောကြားခဲ့သည်။ 

"အနိုင်အရှုံး ပြည်သူ့ရဲ့ဆန္ဒကို လေးစားတယ်။ နိုင်ငံရေးပါတီတွေရဲ့ သက်တမ်းဟာ ငါးနှစ်ပဲ။ ရွေးကောက်ပွဲယဉ်ကျေးမှုအရ ရလဒ်ကို လက်မခံလို့ ပြောနေတာမဟုတ်။ ဒီယဉ်ကျေးမှုကို ကျွန်တော်တို့ကိုယ်တိုင်က လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်" ဟု  ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး ပြည်သူ့သားသမီးများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ပါတီကြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ပြိုင်ခဲ့ပြီး NLD အမတ်ကို ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးထိပ်သီး ဦးသောင်းအေးကလည်း တက်ရောက်ပြီး ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကမဲမှာ ၂၀၁၅ကရသည့် အရေအတွက်အောက် ၈၀၀၀ ကျော် လျော့နည်းခဲ့ခြင်း၊ ၂၀၂၀တွင် ပြိုင်ဘက် NLDအမတ်ရရှိသည့် မဲအရေအတွက်မှာ ၂၀၁၅ ကထက် ၄၀၀၀၀ ကျော် တစ်ဟုန်ထိုးတိုးသွားခြင်းစသည့် ကိန်းဂဏန်းများကို ထုတ်ဖော်ပြသ၍ လက်ရှိရလဒ်အပေါ် သံသယရှိကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ဒါဟာဖြစ်နိုင်ခြေရှိရဲ့လား”ဟု ဦးသောင်းအေးက ဆိုသည်။

ဦးသောင်းအေးက ၎င်းကိုယ်တိုင် အချိန်ယူပြုစုရှာဖွေထားသည်ဆိုသော မဲစာရင်းတွင် အငြင်းပွားဖွယ်ရာအချက်အလက်များ၊ လူတွေ့မေးမြန်းထားသည်ဆိုသော ဗီဒီယိုဖိုင်များကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်အတွင်း တစ်ကြိမ်ထက်ပိုမဲပေးသူ၊ မှတ်ပုံတင်မပါဘဲ မဲပေးသူ စသဖြင့် မဲစာရင်းတွင် သံသယဖြစ်ဖွယ်လူဦးရေမှာ ငါးသောင်းကျော်ရှိသည်ဟုလည်း ဆိုသည်။ 

ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ၎င်းကို အနိုင်ယူခဲ့သည့် NLDကိုယ်စားလှယ် ဒေါက်တာဝင်းမောင်ကမူ ဦးသောင်းအေးစွပ်စွဲသကဲ့သို့ မတရားပြုကျင့်မှုမျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းပြောသည်။

“ရလဒ်က အမှန်ပဲလို့ သုံးသပ်ပါတယ်။ ကျွန်တော်တို့က မသမာမှုလည်းမလုပ်ခဲ့ဘူး။ မသမာမှုမဖြစ်အောင်လည်း အထူးစောင့်ရှောက်ခဲ့တယ်”ဟု ဒေါက်တာဝင်းမောင်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးအစိုးရဖွဲ့ခွင့်ရချိန်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ဦးဝေလွင်လည်း တက်ရောက်ခဲ့ပြီး ၂၀၂၀ တွင်ကြုံရသည့် ၎င်း၏ အရှုံးရလဒ်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုး၏ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဖြစ်သူ ဦးဝေလွင်မှာ ၂၀၁၅ ရွေးကောက်ပွဲကတည်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ပြိုင်ဘက်ဖြစ်ခဲ့သည့် NLDအမတ် ဦးတင်သစ်(ခ) ဦးရည်မွန်ကို ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅က ၎င်းတို့နှစ်ဦးကြား မဲကွာဟချက် ၂၀၀ ပင်မပြည့်သော်လည်း ၂၀၂၀ တွင် ၁၀၀၀၀ ကျော်သွားခဲ့ခြင်းမှာ မဲစာရင်းမသမာမှုများကြောင့်ဟု သံသယရှိကြောင်း ဦးဝေလွင်က ပြောသည်။

“လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ပုဗ္ဗသီရိမှာ တောက်လျှောက် ပြည်သူနဲ့ ထိတွေ့မှု မပြတ်ရှိခဲ့တယ်။ အခုရွေးကောက်ပွဲဝင်မှ ဦးဝေလွင်က ဒီပုဗ္ဗသီရိထဲ ဝင်တာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ဦးဝေလွင်ကို ယခင်ထက်မဲဖြတ်၍ အနိုင်ရခဲ့သူ ဦးတင်သစ်(ခ)မောင်ရည်မွန်ကမူ ၂၀၁၅က ဗုဗ္ဗသီရိမြို့နယ်သို့ ဒေသအတွေ့အကြုံမရှိဘဲ အစိမ်းသက်သက်ဝင်ပြိုင်ခဲ့၍သာ မဲမပြတ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ငါးနှစ်အတွင်း ၎င်း၏ ခြေစွမ်းပြနိုင်မှုများကြောင့် ၂၀၂၀တွင် ပြည်ခိုင်ဖြိုးကို မဲအပြတ်အသတ်သာခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“မဲစာရင်းကို စိတ်တိုင်းကျပြင်ဆင်ထားတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်မျိုးက ကျွန်တော်တို့မှာမရှိဘူး”ဟု ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးဒုတိယဥက္ကဌ ဦးလှထွန်း၊ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့လည်း တက်ရောက်ကျပြီး ၎င်းတို့ကလည်း အထက်ပါကဲ့သို့ပင် မဲပေးမှုနှင့် မဲစာရင်းသံသယဖြစ်ဖွယ် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ခြင်းများကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“မဲစာရင်းတွေအမျိုးမျိုး ပြင်ဆင်ဖြည့်သွင်းရေးဆွဲထားခြင်းအပေါ်မှာ အခြေခံပြီးတော့ တရားမဲ့ပြုကျင့်မှုတွေ လုပ်ဆောင်လို့ရနေခြင်းပဲဖြစ်ပါတယ်”ဟု ဦးသောင်းအေးက ပြောသည်။

သို့သော် ထိုသို့သော ကိစ္စများအားလုံးကို ရွေးကောက်ပွဲကန့်ကွက်မှုအဖြစ် ကျပ်ငွေ ငါးသိန်းသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဥပဒေပြဌာန်းချက်များအတိုင်း ကန့်ကွက်ရန်ရှိမရှိကိုမူ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့က ယတိပြတ်မပြောကြသေးပေ။

“အနိမ့်ဆုံးတော့ ၅၀(မဲဆန္ဒနယ်)ထက်မနည်း ကန့်ကွက်သွားဖို့ ရှိပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲမတရားပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရဲအရေးပိုင်သည့်အမှု ၁၇၀ကျော်၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တိုင်ကြားမှု ၁၀၀၀ ကျော် ဆောင်ရွက်ပြီးဖြစ်သည်ဟု ၎င်းက အသိပေးသည်။

ပြည်ခိုင်ဖြိုး၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ပျော်ဘွယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့နှင့် အကျုံးဝင်သည့် မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ Myanmar Nowက ဆက်သွယ်မေးမြန်းရာ မသမာမှုရှိသည်ဆိုလျှင် ဥပဒေအရ ကျပ်ငါးသိန်းသွင်း၍ ကန့်ကွက် လွှာတင်သွင်းသင့်ကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်စိုးက အကြံပြုသည်။

“ဥပဒေအတိုင်း ဆက်လုပ်ကြပေါ့။ ဥပဒေမှာ အခွင့်အရေးတွေပါပြီးသားပဲ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝင်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ခဲ့ဖူးသော်လည်း NLD ဝင်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစိုးရဖွဲ့ရန် အခရာကျသည့် ပြည်ထောင်စုလွှတ်တော်၌ ၄၁ နေရာသာ အနိုင်ရခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော် ၃၃ နေရာတွင်သာ အနိုင်ရတော့သဖြင့် အစိုးရဖွဲ့နိုင်ငံရေး နီးစပ်မှုမရှိတော့သည့်အပြင် လွှတ်တော်အတွင်း၌ပါ အင်အားလျော့နည်းသွားမည်ဖြစ်သည်။ 

ထိုသို့ ရွေးကောက်ပွဲရလဒ် ထပ်မံကျဆင်းမှုများကြောင့် ပါတီခေါင်းဆောင်မှုအပိုင်း ပြောင်းလဲရန် ရှိမရှိကိုလည်း ပြည်ခိုင်ဖြိုးတာဝန်ရှိသူတို့ဖက်က အတည်မပြုကြသေးပေ။

ငါးနှစ်တစ်ကြိမ်ကျင်းပရမည့် ပါတီညီလာခံကို လာမည့် ၂၀၂၁အတွင်း ကျင်းပပြီးစီးမှသာ ရာထူးအဆင့်ဆင့် ပြန်လည်ရွေးချယ်မှုများလုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိ ပါတီဝင်ခေါင်းဆောင်များ၏ သက်တမ်းသည်လည်း ငါးနှစ်သာဖြစ်သည်ဟု ဆိုသည်။ 

Continue Reading