ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် မွတ်စလင်ကိုယ်စားလှယ်လောင်းလေးဦးမှာ ၎င်းတို့မွေးဖွားစဉ်က မိဘများ နိုင်ငံသားမဟုတ်ဟုဆိုကာ ကိုယ်စားလှယ်လောင်းလျှောက်လွှာပယ်ချခံထားရသည် 

Published on Aug 19, 2020
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ဓာတ်ပုံ - ဇေယျာမော်/Myanmar Now)
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ဓာတ်ပုံ - ဇေယျာမော်/Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (DHRP) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသည့် မွတ်စလင်လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးကို နိုင်ငံသားအရည်အချင်း မပြည့်မီသည့်အကြောင်းပြချက်ဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်များက ပယ်ချထားသည်။ 

ပယ်ချခံရသူလေးဦးအနက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းလည်း ပါဝင်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဘူသီးတောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးကျော်မင်းမှာ  ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မွတ်စလင်ကိုယ်စားလှယ်လောင်းတချို့ရှိခဲ့သော်လည်း မွတ်စလင် ၂၈ ဦးအပါအဝင် ကိုယ်စားလှယ်လောင်းခြောက်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင်မူ အစ္စလာမ်ဘာသာဝင်တစ်ဦးမျှ အနိုင်မရခဲ့ပေ။ 

မွတ်စလင်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်ရန်လျှောက်ထားမှု ပယ်ချခံရခြင်းနှင့်ပတ်သက်၍ DHRP ပါတီဥက္ကဋ္ဌ ဦးကျော်မင်းကို Myanmar Now က မေးမြန်းထားသည်များမှ ထုတ်နုတ်ဖော်ပြလိုက်သည်။

မေး။    ။ ရခိုင်မြောက်ပိုင်းက ဝင်ရောက်ရွေးချယ်ခံမယ့် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါတီ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလဲ။

မေး။    ။ အဓိကအကြောင်းပြချက်က မိဘများ နိုင်ငံသားဖြစ်ကြောင်းအထောက်အထား မခိုင်လုံဘူးတဲ့။ အမျိုးသားမှတ်ပုံတင်ဆိုတာ နိုင်ငံသားလက်မှတ်မဟုတ်ဘူးလို့ သူတို့ကပြောတယ်။ အဲ့ဒါကြောင့် မိဘများ နိုင်ငံသားဖြစ်ကြောင်း မခိုင်လုံဘူးဆိုပြီးတော့ အကြောင်းပြတာပေါ့။ ကျွန်တော်တို့ မိဘဆုံးသွားတာ နှစ် ၉၀ ရှိပြီ။ အဲ့ဒီကာလက စိစစ်ရေးကတ်ပြားမှ မရှိတာ။ ဘယ်ကနေ ပေးမလဲ။ ၂၀၁၀ မှာ အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်တဲ့ မိဘများရဲ့သားသမီးပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တာ။ ခုကျမှ အဲဒီဥပဒေပဲ ၂၀၀၈ ဖွဲ့စည်းပုံပေါ့။၂၀၁၀ ရွေးကောက်ပွဲဥပဒေလည်း ဒီအတိုင်းပဲ၊ အပြောင်းအလဲမှ မရှိတာ။ ဒါပေမယ့် ကိုယ်စားလှယ်ရွေးတဲ့အချိန်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာက နည်းနည်းတော့ ထူးဆန်းတယ်။ ဒီမိုကရေစီ ပီပြင်ဖို့အတွက် အစိုးရက လုပ်တာလား။ လူမျိုးတစ်မျိုးကို ဖိနှိပ်ဖို့လုပ်တာလား။ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။

(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော လွှတ်တော်အရပ်ရပ်၏ ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (င) အရ 'မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသား' သည် ရွေးကောက်ခံပိုင်ခွင့် မရှိပေ)

မေး။    ။၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းကလည်း ပယ်ချခံခဲ့ရတယ်လို့ သိရတယ်။

ဖြေ။    ။၂၀၁၅ တုန်းကလည်း ဒီအချက်ပဲ။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အာမခံပြောလို့မရဘူးပေါ့။ ကျွန်တော်တို့သိတာက အမတ (အမျိုးသားမှတ်ပုံတင်) ဆိုတာကို နိုင်ငံခြားသားကို ဥပဒေအရ မပေးရဘူး။ တိတိကျကျပြောရရင် နိုင်ငံခြားသားများကို အမတ ယာယီမှတ်ပုံတင်ကတ်ပြား ထုတ်ပေးလို့မရဘူးဆိုတာ အတိအကျ ပြဋ္ဌာန်းထားတယ်။ အခုကျတော့ နိုင်ငံသားမဖြစ်နိုင်ဘူးဆိုတာမျိုးလုပ်တော့ ဘယ်လိုပြောရမှာလဲ။ ၁၉၈၂ ဥပဒေ မတိုင်ခင်က နိုင်ငံသား ဘာနဲ့ စိစစ်လဲ။ အဲဒီ အမတနဲ့ပဲ စိစစ်တာပေါ့။ အမတ ပြနိုင်ရင် နိုင်ငံသား။ အမတ မပြနိုင်ရင် နိုင်ငံခြားသားပေါ့။

၁၉၈၂ ဥပဒေအရဆိုလဲ ကျွန်တော်တို့က နိုင်ငံသားပေါ့။ ၁၉၈၂ ခုနှစ် မတိုင်မီကာလက ကျွန်တော်တို့က ရှိသမျှသော ရွေးကောက်ပွဲတိုင်းမှာ ရွေးကောက်ခွင့်၊ ရွေးကောက်ခံခွင့်တွေ ရှိခဲ့တယ်လေ။

၂၀၁၅ မှာ ရိုဟင်ဂျာအားလုံးနီးပါးကို မဲထည့်ခွင့်မရှိဆိုပြီးတော့ ပါလီမန် (လွှတ်တော်) က ဆုံးဖြတ်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့က အစဉ်မလာ မပျောက်အောင်လို့ဆိုပြီးတော့ ဟိုးလွတ်လပ်ရေး မရခင်ကတည်းက ကျွန်တော်တို့ ရွေးကောက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ အစဉ်အလာရှိခဲ့တယ်။ အဲဒီ အစဉ်အလာမပျောက်အောင် ဝင်ပြိုင်ဖို့အတွက် ကြိုးစားတယ်။ လျှောက်လွှာတင်တယ်ပေါ့။ ၁၈ နေရာ တင်တာမှာ ၃ နေရာပဲ ရခဲ့တယ်။ ရိုဟင်ဂျာနာမည်ပါတဲ့ ကိုယ်စားလှယ်လောင်း ၁၅ ဦးကို ပယ်ချခဲ့တယ်။

မေး။    ။၂၀၁၅ ခုနှစ်မှာ ကိုယ်စားလှယ်လောင်းတင်တော့ ဦးကျော်မင်းကို ကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ပယ်ချခဲ့တာလဲ။

ဖြေ။    ။ ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ အရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းပါ။၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်က အကျဉ်းထောင်ထဲမှာပါ။၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လျှောက်လွှာတင်ခဲ့တယ်။ ကျွန်တော့ကိုလည်း ပယ်ချခဲ့တယ်။ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာပါ။ ပယ်တဲ့အချိန်မှာ ပထမအချက်က ကန့်ကွက်တဲ့သူရှိတယ်ဆိုပြီးတော့ ပြောတယ်။ ဘယ်လိုကန့်ကွက်တယ်ဆိုတာကို စာရွက်နဲ့ ဖတ်ပြတယ်။ မိဘများ နိုင်ငံသားဖြစ်ကြောင်း အခိုင်အမာ မပြောနိုင်တဲ့အတွက်ကြောင့် လူကြီးမင်းကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုပါဆိုပြီးတော့။ အဲဒါက ကြိုတင်စီစဉ်ထားပြီးသား။  

ကျွန်တော်တို့က သြဂုတ်လ ၂၉ ရက်နေ့မှာ လျှောက်လွှာတင်တယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ပြီးတော့ မင်းတို့ကို ပယ်ချတယ်ဆိုတာကို အမိန့်ထုတ်လိုက်တယ်။ ခရိုင်ကော်မရှင်ရုံးက။ တစ်ရက်တည်းမှာ သူတို့ ဘယ်လိုစိစစ်လို့ ရသွားလဲ။ ကျွန်တော်နဲ့ ပတ်သက်တာ လူဖြစ်ဖြစ်၊ စာရွက်စာတမ်းအထောက်အထားအဖြစ် ဘာတစ်ခုမှ စိစစ်တာ မရှိဘဲနဲ့ အမိန့်ထုတ်တယ်။ ဆိုလိုတာက ကြိုတင်စီစဉ်ထားပြီးသား၊ အထက်က အမိန့်ထုတ်ထားပြီးသား၊ လက်မှတ်ထိုးပေးတာ တစ်ခုပဲ ရှိတယ်။

မေး။    ။ ရွေးကောက်ပွဲကော်မရှင်ကတော့ အမတကိုင်တဲ့ သူတွေက ပါတီထောင်လို့ရ၊ မဲပေးလို့ရပေမယ့် ရွေးကောက်ခံတော့ မဖြစ်ရဘူးလို့ ပြောထားပါတယ်။

ဖြေ။    ။ ခုက အဲ့ဒီ အမတကိုင်တဲ့သူတွေက အရွေးခံတာမှ မဟုတ်တာ။ သူတို့ရဲ့သား၊သမီးတွေ မြေးတွေက နေ (နိုင်ငံသား) ကဒ်ပြားကိုင်ပြီးတော့ အရွေးခံတာ။ မိဘက နိုင်ငံသားဖြစ်ဖို့ပဲ လိုတာ။ အမတကိုင်တဲ့သူက နိုင်ငံသားလား၊ နိုင်ငံခြားသားလား အဲဒါပဲ ဆုံးဖြတ်ဖို့လိုတာ။ ဥပဒေမှာ နိုင်ငံသားမို့လို့ ဒီကတ်ပြားထုတ်ပေးခဲ့တာဆိုရင် အဲ့ဒီ အမတကိုင်ခဲ့တဲ့သူတွေသည် နိုင်ငံသားပေါ့။ သူတို့ရဲ့ သားသမီးတွေက အခု (နိုင်ငံသား) ကဒ်ပြား ကိုင်တယ်။ နိုင်ငံသားမိဘက မွေးလို့ (နိုင်ငံသား) ကဒ်ပြား ကိုင်တာပေါ့ ၁၉၈၂ ဥပဒေအရ။ သူတို့ခေတ်မှာက ၁၉၈၂ ဥပဒေ မရှိခဲ့ဘူးလေ။ ကျွန်တော့အဖေ ဆုံးသွားတာ နှစ်ပေါင်း ၇၀ ရှိသွားပြီ။ ၁၉၇၂ ခုနှစ်က (နိုင်ငံသား) ကဒ်ပြားမှ မရှိတာ။ အမတလည်း မရှိဘူး။ (နိုင်ငံသား) ကဒ်ပြားလည်း မရှိဘူး။ ကျွန်တော်တို့ရဲ့ မျိုးရိုးရာဇဝင်တွေ၊ စာရွက်စာတမ်းတွေ ကြည့်ပြီးတော့ ဒီနိုင်ငံဖွား ဒီနိုင်ငံသားဆိုပြီးတော့ ၁၉၉၀ မှာ ကျွန်တော့်ကို အရွေးခံခွင့်တွေ ပြုခဲ့တယ်။ အဲ့လိုလူတွေက အများကြီးရှိတယ်လေ။

မေး။    ။ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုတွေ ပယ်ချခံရတာ ရွေးကောက်ပွဲ နှစ်ကြိမ်ရှိပြီဆိုတော့ ဒါဟာ ဥပဒေအရ အငြင်းပွားစရာကိစ္စလို့ ယူဆလား။ 

ဖြေ။    ။ ကျွန်တော်တို့မြင်တာ လေ့လာထားတဲ့ ဥပဒေတွေအတိုင်းဆိုရင် ကိုယ်စားလှယ်မဖြစ်နိုင်စရာ မရှိဘူး။ ၁၉၈၂ ဥပဒေမှာလည်း အပိုဒ် (၆)မှာ နိုင်ငံသားဖြစ်ပြီးသူများသည် နိုင်ငံသားဖြစ်သည်ဆိုတာ ပါပြီးသားပဲ။ ၁၉၈၂ မတိုင်ခင်က ကျွန်တော်တို့က နိုင်ငံခြားသားမှ မဟုတ်တာ။ အခွန်ဆောင်ခဲ့ရတာမှ မဟုတ်တာ။ ဘယ် လဝက ကမှ လာပြီးတော့ ခင်ဗျားတို့ အခွန်ဆောင်ပါ၊ နိုင်ငံခြားသားပါ၊ FRC (Foreigner Registration Certificate- နိုင်ငံခြားသားသက်သေခံကတ်ပြား) မှတ်ပုံတင်ပါဆိုပြီးတော့ အဲ့လိုမပြောခဲ့ဘူး။ အမျိုးသား မှတ်ပုံတင်ထုတ်ပေးခဲ့တယ်။ အစဉ်အဆက် နှစ်တိုင်းနှစ်တိုင်း မွေးလာတဲ့လူငယ်တွေကို အမတ ထုတ်ပေးခဲ့တယ်။ ၁၉၈၂ နောက်ပိုင်းမှာလည်း ပေးတယ်လေ။ ၁၉၉၀ ရွေးကောက်ပွဲဆိုတာက ၈၂ နောက်ပိုင်းမှ ပေါ်ပေါက်ခဲ့တာလေ။

အခုကျတော့ ဒီမိုကရေစီအစိုးရ ဦးဆောင်ပြီးတော့ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်နေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ လူထုရဲ့ အခြေခံအခွင့်အရေးကို ပိတ်ပင်နေတယ်။ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်၊ ရပိုင်ခွင့်များကို ပိတ်ပင်နေတာပါ။ အဲ့ဒါကို ဥပဒေအတိုင်းလို့ ဘယ်ပြောလို့ ရမှာလဲ။ နိုင်ငံတော်ပေါ်လစီဆိုတာ အားလုံး မှန်ချင်မှလည်း မှန်မှာပေါ့။ လူမျိုးတစ်မျိုးအတွက်က တစ်မျိုး၊ အခြားလူမျိုးတစ်မျိုးအတွက်က တစ်မျိုးဆိုရင် ဒါဟာ မှန်ကန်တဲ့ဒီမိုကရေစီ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

မေး။    ။ ဦးသိန်းစိန်အစိုးရခေတ်ကရော ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေ ရွေးကောက်ပွဲဝင်ခွင့် ရခဲ့လား။

ဖြေ။    ။၂၀၁၀ ခုနှစ်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ သုံးယောက် ရတယ်။ ပြည်နယ်လွှတ်တော်မှာ နှစ်ယောက်၊ စုစုပေါင်း ငါးယောက် ရခဲ့တယ်။ မောင်တောက နှစ်ယောက်၊ ဘူးသီးတောင်က နှစ်ယောက် စသည်ဖြင့်ပေါ့။ ခုကျတော့ ဥပဒေက ဒီအတိုင်းပဲ အပြောင်းအလဲမရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ အခုဥပဒေနဲ့က တူတူပဲ။ မိဘများ မွေးစဉ်ကတည်းက နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ အချက်က ပါနေတာပဲလေ။ အရင်က ရတယ်။ အခုက မရဘူးဆိုတာ ဘာတွေပြောင်းလို့လဲ၊  ဥပဒေပြောင်းတာလား ကျွန်တော်တို့လည်း မသိတော့ဘူး။

မေး။    ။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလတုန်းကနဲ့ ဘာများ ကွာခြားသွားတာလဲ။

ဖြေ။    ။ ၁၉၉၀ တုန်းကတော့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ကျွန်တော်တို့က သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မလုပ်ခဲ့ဘူး။ ဒါပေမယ့် မဲနိုင်တယ်။ ပါတီ ၈ ခုပြိုင်ခဲ့တဲ့အထဲမှာ ကျွန်တော်တို့က ၇၅ ရာခိုင်နှုန်းရခဲ့တယ်။၂၀၁၅ မှာ ပြိုင်ခွင့်မရှိတော့ လှုပ်ရှားဖို့လည်း အခွင့်မရှိခဲ့ဘူးပေါ့။ ၁၉၉၀ မှာ ကျွန်တော်တို့ ပါတီနာမည်က National Democratic Party for Human Rights။ အဲဒီတုန်းက ကျွန်တော်တို့က ၈ နေရာလောက် ပြိုင်ခဲ့တယ်။ ၅ နေရာ အနိုင်ရရှိခဲ့တယ်။

မေး။    ။ ယခင် အစိုးရတွေလက်ထက်က ရွေးကောက်ပွဲကော်မရှင်နဲ့ လက်ရှိကော်မရှင်နဲ့ ဘာတွေ ကွာခြားမှုရှိသလဲ။ 

ဖြေ။    ။ စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်တဲ့အချိန်မှာ အားလုံးကို ဖိနှိပ်တယ်။ ဗမာကိုလည်း ဖိနှိပ်တယ်။ တခြားလူနည်းစုတွေကိုလည်း ဖိနှိပ်တယ်။ ဦးတင်အေးက ကျွန်တော်တို့ကို သီးသန့်ဖိနှိပ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘူး။ သူက အစိုးရ Policy အတိုင်း လုပ်ခဲ့တာ။ ဒီ ရိုဟင်ဂျာဆိုတဲ့လူမျိုးစု ရခိုင်ပြည်မှာ မရှိရေးဆိုတဲ့ အချက်က အဓိကပဲ။ ဒါက စစ်တပ်ပေါ်လစီပဲ။ ဒါပေမယ့် ချက်ချင်းမှ လုပ်လို့မရတာ။ သူ့မှာက သမိုင်းအထောက်အထားတွေ အစဉ်အလာတွေရှိတယ်။ ဝန်ကြီးတောင် ရှိခဲ့တာကို။ စဉ်းစားပြီး စဉ်းစားပြီး၊ တစ်ရစ်ချင်း တစ်ရစ်ချင်း ကျပ်ရတယ်။

အခုတက်တဲ့ အစိုးရကလည်း တခြားကဏ္ဍမှာတော့ ကျွန်တော်မသိဘူး။ ရိုဟင်ဂျာနဲ့ မွတ်စလင်ကဏ္ဍကြရင် စစ်တပ်နဲ့ ပေါ်လစီတူတယ်။ စစ်တပ်က မွတ်စလင်ကို မုန်းတယ်။ ရိုဟင်ဂျာကို မုန်းတယ်။ မလိုလားဘူး။ အထူးသဖြင့် ရိုဟင်ဂျာဆိုတာကို ဒီနိုင်ငံကနေ လမ်းရှင်းအောင် ဖယ်ထုတ်နိုင်ဖို့ စီမံချက်ရှိတယ်။ အရပ်သားအစိုးရ၊ ဒေါ်စုအစိုးရကလည်း တူတူပဲ။ ကျွန်တော်တို့ကို ခုတုံးလုပ်ပြီး၊ ဖိနှိပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ချင်တာ တူတူပဲ။ ဒါကြောင့် အခုကော်မရှင်နဲ့ အရင်ကော်မရှင် ဘယ်လိုမှ ခွဲခြားလို့ ကျွန်တော်တို့ မတွေ့ဘူး။ အစိုးရရဲ့ ပေါ်လစီက တူတူပဲ။ ဒေါ်စုက ပြောခဲ့တဲ့ ဒီမိုကရေစီက ကျွန်တော်တို့ အပေါ်မှာကျတော့ မသုံးဘူး။

မေး။    ။ ရခိုင်မြောက်ပိုင်းက မွတ်စလင်တွေရဲ့ ရွေးကောက်ပွဲ မဲထည့်ခွင့်ကရော ဘယ်လို ဖြစ်လာနိုင်မလဲ။

ဖြေ။    ။၂၀၁၅ ခုနှစ်က မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ လုပ်ခဲ့တယ်။ ရိုဟင်ဂျာတွေကို အစိမ်းကဒ်ဆိုပြီးတော့ ထုတ်ပေးခဲ့တယ်။ ဟိုးလွတ်လပ်ရေးရပြီး နောက်ပိုင်းပေါ့။ အစိမ်းကဒ်ဆိုတာ အလုပ်လျှောက်ရင်၊ ခရီးသွားရင် လိုအပ်တဲ့ ဧည့်နိုင်ငံသားကဒ်ပေါ့။ ရိုဟင်ဂျာကိုလည်း ဒါ ထုတ်ပေးခဲ့တာ။ နောက်ပိုင်းကျတော့ ဦးနေဝင်းတက်လာပြီး အဲဒါကို ရပ်ဆိုင်းလိုက်တယ်။ အစိမ်းကဒ် ဆက်ပြီးတော့ ထုတ်မပေးတော့ဘူး။ ဒီကောင်တွေကို မောင်းထုတ်ရမယ်ဆိုပြီးတော့။ တရားဝင်အထောက်အထားပေးလိုက်ရင် နှင်ထုတ်ရခက်နေမှာပေါ့။ 

ရှိတဲ့ဟာကို ရုပ်သိမ်းပြီးတော့ သိပ်မကြာဘူး။ နဝတခေတ် ၁၉၉၀ ကျော်နှစ်တွေမှာ ထုတ်ပေးထားတဲ့ အစိမ်းကဒ်တွေကို သိမ်းပြီး အဖြူကဒ် ယာယီသက်သေခံကဒ်ပြားဆိုတာကို ထုတ်ပေးခဲ့တယ်။၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ယာယီသက်သေခံကဒ်ပြား ၇ သိန်းကျော်ရှိတယ်။ အဲဒီ ၇ သိန်းကျော်ဆိုတာ ၁၂ နှစ် အထက်ပေါ့။ သိမ်းပြီးတော့ လွှတ်တော်မှာ ၂၀၁၅ ခုနှစ် မတ်လ၊ ဒါမှ မဟုတ်ရင် ဖေဖော်ဝါရီလမှာ ဒီအဖြူရောင်ကဒ် ကိုင်ဆောင်သူသည် မဲထည့်ခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်မှာ မဲ မထည့်နိုင်ခဲ့ဘူး။

 

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading