ပြည်ခိုင်ဖြိုးပါတီက အများပိုင်မြေပေါ်ရှိ အထောက်အထားမဲ့ဆိုင်ခန်းများကို အငှားချထား

ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ ဈေးဆိုင်ခန်း ၅၅ ခန်းအတွက် ပိုင်ဆိုင်သည့်အထောက်အထား မရှိသော်လည်း ဆိုင်ခန်းငှားရမ်းခ လစဉ် ကျပ် ၂၇ သိန်းကျော်ကို ပြည်ခိုင်ဖြိုးပါတီက ရရှိနေ

Published on Aug 18, 2020
၂၀၁၉ ခုနှစ် မေလပိုင်းအတွင်းက မန္တလေးတိုင်း ပြင်ဦးလွင်မြို့၌ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲတစ်ခုတွင် တွေ့ရသည့် ပြည်ခိုင်ဖြိုးထောက်ခံသူအချို့ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
၂၀၁၉ ခုနှစ် မေလပိုင်းအတွင်းက မန္တလေးတိုင်း ပြင်ဦးလွင်မြို့၌ ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲတစ်ခုတွင် တွေ့ရသည့် ပြည်ခိုင်ဖြိုးထောက်ခံသူအချို့ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ဈေးဆိုင်ခန်း ၅၅ ခန်းကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ အငှားချထားပြီး ဝင်ငွေရရှိနေသော်လည်း ယင်းဈေးဆိုင်ခန်းမြေနေရာများကို ပါတီကပိုင်ဆိုင်သည့် အထောက်အထားမရှိဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

“အဲဒီနေရာတွေက မြေဂရန်လည်း မချပေးထားဘူး။ သူတို့ (ပြည်ခိုင်ဖြိုးအသင်း) လက်ထက်ကတည်းကနေ အခန်းဆောက်ပြီး ငှားနေခဲ့တာ။ ဖျက်လို့လည်း မရသေးဘူး။ စည်ပင်ကပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေပေါ့။ အဲဒီမြေပေါ်မှာ သူတို့က ဆောက်ထားတာ" ဟု သာကေတမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအောင်ငြိမ်းကျော်က ပြောသည်။

မြို့နယ်စည်ပင်၏ စာရင်းများအရ ဆိုင်ခန်း ၅၅ ခန်းအတွက် ပြည်ခိုင်ဖြိုးပါတီက လစဉ်ရရှိနေသည့် ပမာဏကျပ် ၂,၇၀၅,၀၀၀ (၂၇ သိန်းကျော်) ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် အနည်းဆုံး ၃၀,၀၀၀ ကျပ်မှစ၍ အများဆုံး ကျပ် ၁၀၀,၀၀၀ အထိရှိသည်။

ပြည်ခိုင်ဖြိုးပါတီထံ ဆိုင်ခန်းမြေနေရာငှားခပေးနေရသည့် ဆိုင်ခန်း ၅၅ ခုအနက် ဆိုင်ရှင် ၁၃ ဦးကို Myanmar Now က မေးမြန်းခဲ့ရာ အချို့က နှစ်ချုပ်ဖြင့်ပေးသွင်းကြရပြီး အများစုကမူ ပါတီတာဝန်ရှိသူက လစဉ်လာရောက်ကောက်ယူသည်ဟု ဆိုသည်။

သာကေတမြို့နယ် အနော်မာရပ်ကွက်တွင် ကွမ်းယာပစ္စည်းများရောင်းချသည့် ဆိုင်ပိုင်ရှင်ဦးရာဂျူးက မြေငှားခအဖြစ် ၁၉၉၅ မှစ၍ နှစ်ချုပ်ဖြင့် တစ်နှစ်လျှင် ကျပ် ၈၄၀,၀၀၀ (ရှစ်သိန်းလေးသောင်း) ပြည်ခိုင်ဖြိုးပါတီထံ ပေးသွင်းခဲ့ရပြီး မြို့နယ်စည်ပင်ကို အခွန်အခပေးသွင်းခဲ့ရခြင်းမရှိဟု ဆိုသည်။

ယင်းရပ်ကွက်မှာပင် မီးသွေးအရောင်းဆိုင်ဖွင့်ထားသည့် ဒေါ်သန်းသန်းမြင့်က ဈေးရောင်းခွင့်အတွက် စည်ပင်လိုင်စင်ရှိထားသော်လည်း မြေနေရာငှားခ ကျပ် ၅၅,၀၀၀ ကိုမူ ပြည်ခိုင်ဖြိုးပါတီထံ လစဉ်ပေးသွင်းနေရသည်ဟု ဆိုသည်။

ထို့အတူ ရန်ပြေရပ်ကွက်တွင် အရက်၊ ဘီယာများရောင်းချလျှက်ရှိသည့် စားသောက်ဆိုင်လိုင်စင်ရှိ ဆိုင်ပိုင်ရှင် ဦးကျော်ကျော်မိုးက ၂၀၁၂ မှစ၍ တစ်လလျှင် ကျပ် ၄၅,၀၀၀ ကို ပြည်ခိုင်ဖြိုးထံ ပုံမှန်ပေးသွင်းရပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကာလတန်ကြေးဖြင့် အပိုင်ဝယ်ခဲ့သည်ဟု ဆိုသည်။

ထိုဆိုင်နှင့်ကပ်လျှက်ရှိသည့် တစ်ထပ်ပျဉ်ထောင်အဆောက်အအုံဖြင့် မီးစက်ပြုပြင်ရေးဆိုင် ဖွင့်လှစ်ထားသည့် ဦးခင်ဇော်က မြေနေရာငှားရမ်းခများအဖြစ် တစ်လလျှင် ကျပ် ၃၀,၀၀၀ ကို သာကေတမြို့နယ် ပြည်ခိုင်ဖြိုးရုံးက လာစဉ်လာရောက်ကောက်ယူသည်ဟု ဆိုသည်။

“ပေးရတာချင်းအတူတူ အခုအတိုင်း ဆက်ရောင်းရမယ်ဆို အစိုးရကိုပေးပြီး တရားဝင်နေချင်တာပေါ့။ အခု သူတို့ကောက်သလို နည်းနည်းပိုချင်ပိုပါစေပေါ့။ ဘာလို့လဲဆိုတော့ ပါတီဆိုတာက အပြောင်းအလဲရှိတယ်။ အစိုးရဆိုတာက တစ်ခုတည်းပဲ။ ဘယ်အစိုးရတက်တက် ကိုယ့်အမည်နဲ့ရှိနေမှာလေ။ အဲ့ဒါက ကျွန်တော်တို့ ဆိုင်ရှင်အများစုရဲ့ ဆန္ဒဘဲ” ဟု ဦးခင်ဇော်က ပြောသည်။

သာကေတရှိ ဆိုင်ခန်း ၅၅ ခုမှ လစဉ်ရရှိသည့် ငှားရမ်းခငွေကို ပါတီရုံးကဖွင့်လှစ်သည့် သက်မွေးပညာသင်တန်းများအတွက် အသုံးပြုကြောင်း ယင်းမြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်ဖေက ပြောသည်။

ပါတီက ယင်းဆိုင်ခန်းများငှားရမ်းနေခြင်းမှာ ဆိုင်ခန်းမြေနေရာကို ပါတီက အမည်ပေါက်ပိုင်ဆိုင်ခြင်းကြောင့်လားဟု မေးမြန်းရာတွင် ပိုင်ဆိုင်မှုအထောက်အထားမရှိဟု ဦးညွန့်ဖေက ပြောသည်။

ပိုင်ဆိုင်မှုအထောက်အထားကို မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူပြီး တစ်နှစ်အကြာ ၂၀၁၆ နှစ်လယ်ကတည်းက ရှာဖွေနေခဲ့သော်လည်း လေးနှစ်ကြာပြီး ယခုအချိန်အထိ ပါတီပိုင်ဆိုင်ကြောင်း အထောက်အထားများ မတွေ့ရှိရသေးဟု ၎င်းက ပြောသည်။

“အသင်းဘဝတုန်းက အကုန်လုံးက ညှိနှိုင်းပြီးတော့မှ လုပ်တာတွေကြီးပဲ။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်တာတော့ မရှိဘူး။ အသင်းဘဝတုန်းကဆို‌တော့ ကြာလှပြီပဲ။ ဒါပေမယ့် (ပိုင်ဆိုင်မှု)အထောက်အထားရှိလားဆိုတော့ မရှိဘူး” ဟု ဦးညွန့်ဖေက ပြောသည်။

ပိုင်ဆိုင်မှုအထောက်အထား မရှိခြင်းသည် စတင်လုပ်ဆောင်ကတည်းက သက်ဆိုင်ရာမြိုနယ်လူကြီးများနှင့် ပြည်ခိုင်ဖြိုးအသင်းတို့ကြား ညှိနှိုင်းကာ နှုတ်သဘောတူညီချက်အရသာ လုပ်ဆောင်ခဲ့ပြီး ခေတ်အဆက်ဆက်ကြာမြင့်လာ၍ တရားဝင်ဟုတ်မဟုတ် မသိကြောင်း ဦးညွန့်ဖေက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ထဲတွင် မြေအမျိုးအစား ၇ မျိုးရှိထားပြီး ဥပဒေနှင့်အညီလွှဲပြောင်းရယူထားသော ကော်မတီတွင် အမည်ပေါက်ရှိပြီးမြေမှလွဲ၍ ကျန်သည့်မြေအမျိုးအစားများကို စည်ပင်သာယာကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ရန်ကုန်မြို့၏ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီက အသုံးပြုထားသည့် သာကေတရှိ ဆိုင်ခန်းမြေနေရာအမျိုးအစားကို စိစစ်ပေးရန် မြို့တော်စည်ပင်၏ မြေယာကော်မတီသို့ စာတင်ထားသော်လည်း တစ်နှစ်ခန့်ကြာသည်အထိ မြေတိုင်းရန်ပင် ရောက်မလာခဲ့ဟု သာကေတမြို့နယ်စည်ပင်ဥက္ကဋ္ဌက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကမူ အစိုးရစီမံကိန်းများဖြင့်မလွတ်ကင်းသော နေရာများကိုသာ ပြန်ယူမည်ဟုပြောသည်။

“လိုအပ်ရင်တော့ ကျွန်တော်တို့ ပြန်ယူမယ်။ မလိုအပ်လို့ သူတို့ကလည်းမပေးဘူးဆိုရင်တော့ အတင်းကြီးလည်း မလုပ်ချင်ဘူးလေ။ တစ်ဖက်ပါတီ ဖြစ်နေတာကိုး” ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင်မြေပေါ်ရှိ ဂရန်မဲ့ ပြည်ခိုင်ဖြိုးအဆောက်အအုံများ

စစ်ဗိုလ်ချုပ်များဦးစီးကာ ၁၉၉၃ တွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့သည်။

ပြည်ခိုင်ဖြိုးလူမှုရေးအသင်းအဖြစ်ရှိစဉ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်းလက်ထက် ၂၀၀၇ ဝန်းကျင်က ဆောက်လုပ်ခဲ့သည့် ဖြိုးစေတနာဆေးခန်း အဆောက်အအုံ ၄၅ လုံးကို ပါတီပိုင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆေးခန်းများကို ဗဟန်း၊ တာမွေ၊ လှိုင်သာယာ၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ လှိုင်၊ အရှေ့ဒဂုံ၊ ပုဇွန်တောင်၊ အင်းစိန်၊ ဒေါပုံ၊ သာကေတ၊ ဆိပ်ကမ်းမြို့နယ် စသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အစုံတွင်တွေ့ရသည်။

ရန်ကုန်တိုင်းအစိုးရ၏ လမ်းစီမံကိန်းနှင့်မလွတ်သည့် ဗဟန်းမြို့နယ်ရှိ ဖြိုးစေတနာဆေးခန်းနှစ်ခုမှာ ဖယ်ရှားပေးခဲ့ရပြီး တာမွေမြို့နယ်ရှိ အလားတူ ဆေးခန်းတစ်ခုကိုလည်း ယခုအပတ်အတွင်း နောက်ဆုံးထားဖယ်ရှားရန် မြို့နယ်စည်ပင်က အကြောင်းကြားထားသည်။

တာမွေမြို့နယ်တွင် အများပိုင်မြေပေါ် ကျူးအဆောက်အအုံဖြစ်နေသည့် ဖြိုးစေတနာဆေးခန်းအပြင် အခြားအဆောက်အအုံနှစ်ခုမှာလည်း စည်ပင်၏ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးပြီးဖြစ်သဖြင့် ဖယ်ရှားရန် စည်ပင်မြေယာကော်မတီက ညွှန်ကြားထားသည်။

လှိုင်သာယာမြို့နယ် နဝဒေးအိမ်ရာမျက်နာချင်းဆိုင် ဗန်းမော်အတွင်းဝန်လမ်းနှင့် ရေဥက္ကံကျေးရွာ ကျောင်းလမ်းရှိ အိုးအိမ်တိုက်တန်း မြေညီထပ်အခန်းတစ်ခုတွင် ပြည်ခိုင်ဖြိုးပိုင် “ဖြိုးစေတနာဆေးခန်း” ဟု ဆိုင်းဘုတ်တပ်ထားသော်လည်း ပုလင်းခွံရောင်းဝယ်ရေးလုပ်ငန်းတစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ တစ်လလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ငှားရမ်းထားသည်ဟု တိုက်တန်းနေသူတစ်ဦးက Myanmar Now ကို ပြောသည်။

ယခင် ဆိပ်ကမ်းမြို့နယ်ဟောင်း (ယခု လမ်းမတော်မြို့နယ်) မော်တင်ရပ်ကွက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေပေါ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ဆိပ်ကမ်းမြို့နယ်ရုံးကို လက်ရှိအစိုးရလက်ထက်တွင် အကြိမ်အကြိမ်စာပို့ ဖယ်ရှားခိုင်းခဲ့သည်။

သို့သော် ယနေ့အထိ ဖယ်ရှားမပေးသဖြင့် မြေနေရာပေါ်ရှိ ပြည်ခိုင်ဖြိုးပိုင်အဆောက်အအုံကို အစိုးရက ကာလတန်ကြေးဖြင့်ဝယ်ယူပြီး မြေနေရာကို ပြန်လည်ရယူရန် ဈေးနှုန်းညှိနှိုင်းနေဆဲ ဖြစ်သည်။

ထို့အတူ ခရမ်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးမြေနေရာကိုလည်း သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်ကြားချက်ကြောင့် ရန်ကုန်တိုင်းအစိုးရ၏ ညွှန်ကြားချက်ဖြင့် အများပိုင်အဖြစ် ပြန်လည်သိမ်းယူခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီပိုင်ဆေးခန်း ၄၅ ခုအပါအဝင် ငှားရမ်းထားသော ပါတီပိုင်ဆိုင်ခန်းများကို မြို့တော်စည်ပင်သို့ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးအခွန်ဆောင်စနစ်ဖြင့် ခွင့်ပြုပေးခဲ့သော်လည်း ၂၀၁၆ မှစကာ သက်တမ်းတိုးခွင့်မပြုတော့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာသာရေးကော်မတီတာဝန်ရှိသူများက ပြောသည်။

“စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် ပရဟိတလုပ်တာပဲဖြစ်ဖြစ် ဘယ်မြေဖြစ်ဖြစ် သက်တမ်းကုန်ရင် သက်တမ်းတိုးရတယ်။ စည်ပင်ကလည်း သက်တမ်းတိုးတဲ့အတွက် ထားလို့ရတာမျိုးဆိုရင် ထားတယ်။ မရဘူးဆိုရင်‌တော့ တိုးမပေးတော့ဘူးပေါ့” ဟု ရန်ကုန်မြို့တော်စည်ပင်၏ မြေယာကော်မတီဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောသည်။

သို့သော် ဗဟန်း၊ တာမွေ၊ ပုဇွန်တောင်၊ သာကေတ၊ တောင်ဒဂုံ မြို့နယ်စည်ပင်ဥက္ကဋ္ဌများကမူ ပြည်ခိုင်ဖြိုးက အခွန်ဆောင်ထားသောစာရင်းများ မတွေ့ရဟုဆိုသည်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အဆောက်အအုံများနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ - ၃၁၀ (ခ)အရ ကော်မတီက စည်းကမ်းသတ်မှတ်၍ ခွင့်ပြုထားသည့် မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်များ သက်တမ်းကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထား ရယူခြင်းမရှိဘဲ အဆောက်အအုံဆောက်ထားပြီး ဆက်လက်နေထိုင်ပါက နေ့စဉ်ငွေဒဏ် ကျပ် ၁၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ ချမှတ်ရမည်ဟုပါရှိသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ရထားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သုံးစွဲပါက သုံးစွဲသည့် နိုင်ငံရေးပါတီကို အပြီးဖျက်သိမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့အရေးယူနိုင်ရန်မှာ ယင်းသို့အသုံးပြုနေသည့်ဒေသမှ မဲဆန္ဒရှင်တစ်ဦးက တိုင်ကြားရန် လိုအပ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က မှတ်ချက်ပြုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်အင်အား ငါးသန်းနီးပါးရှိထားကာ နိုင်ငံရေးပါတီ တစ်ရာနီးပါး ရှိသည့်အနက် ငွေကြေးအင်အားအတောင့်တင်းဆုံးပါတီတစ်ခုဖြစ်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading