နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သမာသမတ်ကျပြီး ပွင့်လင်းမြင်သာမှုရှိစေရန် အရေးကြီးသည်ဟုလည်း ဥရောပသမဂ္ဂတာဝန်ရှိသူက ပြောသည်
ဥရောပသမဂ္ဂ (အီးယူ) က ကမ္ဘောဒီးယားနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေးကို ယခုလဒုတိယပတ်အတွင်း ရုတ်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံကိုလည်း စောင့်ကြည့်စစ်ဆေးမှုတိုးမြှင့်ထားကြောင်း အီးယူတာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်အရေးတွင် လူအခွင့်အရေးချိုးဖောက်မှုများရှိသည်ဟူသော နိုင်ငံတကာ၏ စွပ်စွဲချက်များကြာင့် မြန်မာကို ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး (Generalized System of Preferences - GSP) ရုတ်သိမ်းရန် အီးယူက ပြီးခဲ့သည့်နှစ်များအတွင်း ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံက ရရှိထားသည့် GSP နှင့်ပတ်သက်၍ ဥရောပသမဂ္ဂကို Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဆက်လက်စောင့်ကြည့်နေသည်ဟု အကြောင်းပြန်ကြားခဲ့သည်။
"အီးယူက ဆက်လက်စောင့်ကြည့်မှု တိုးမြှင့်ထားဆဲဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရ ခွင့်ပြုနိုင်သည်နှင့်တပြိုင်နက် စောင့်ကြည့်လေ့လာရေးလုပ်ငန်းများ စတင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသည်။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အီးယူက ဆက်လက်ကူညီအားပေးနေချိန်တွင် မြန်မာအနေဖြင့် EBA (လက်နက်မှအပ ကျန်ကုန်ပစ္စည်းများတင်ပို့ရာတွင် အခွန်သက်သာခွင့်) ကို မယူသင့်ပေ" ဟု ပြန်လည်ဖြေကြားထားသည်။


ဥရောပသမဂ္ဂအနေဖြင့် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သမာသမတ်ကျပြီး အားလုံးပါဝင်နိုင်သော ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးသည်ဟုလည်း အီးယူတာဝန်ရှိသူက ပြောသည်။
မြန်မာအပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများကို ပေးအပ်သည့် အီးယူ၏ ကုန်သွယ်မှုအထူးအခွင့်အရေးသည် လက်နက်နှင့် လက်နက်ခဲယမ်းပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများ အီးယူစျေးကွက်သို့ တင်ပို့ရောင်းချရာတွင် အခွန်အခသက်သာခွင့် ရရှိမည်ဖြစ်သော်လည်း အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်ပါက ပြန်လည်ရုတ်သိမ်းနိုင်ကြောင်း အီးယူက ဆိုသည်။


ရခိုင်ပြည်နယ်အရေးနှင့် အခြားပဋိပက္ခဖြစ်ပွားရာနေရာများတွင် လူအခွင့်အရေးဆိုင်ရာချိုးဖောက်မှုများအပေါ် အစိုးရ၏ တာဝန်ခံမှုနှင့် လူသားခြင်းစာနာမှုဆိုင်ရာလက်လှမ်းမီမှုအခွင့်အရေးများနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိပြီး ထိုစိုးရိမ်မှုများကို အီးယူက ရှင်းလင်းစွာထုတ်ဖော်ပြောဆိုကာ မြန်မာအစိုးရနှင့် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အီးယူ၏ ကုန်သွယ်မှုအထူးအခွင့်ရေးရရှိသည့် မြန်မာ၊ ဘင်္ဂလားဒေရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် ၂၀၂၀ ဖေဖော်ဝါရီလတွင် အီးယူက နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်သည့် ကုန်သွယ်မှုအထူးအခွင့်အရေးအစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
သို့သော် ကမ္ဘောဒီယားနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ကုန်သွယ်မှုအထူးအခွင့်အရေးပေးထားမှုကို ဩဂုတ် ၁၃ တွင် ဥရောပသမဂ္ဂက ပြန်လည်ရုတ်သိမ်းခဲ့သည်။
အီးယူသည် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အားပေးထောက်ခံပြီး အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်နယ်အရေးနှင့် လက်နက်ပဋိပက္ခဒေသများတွင် လူ့အခွင့်အရေးလေးစားလိုက်နာမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိသဖြင့် GSP အခွင့်အရေးအပေါ်ဆုံးဖြတ်ချက်ချရန် ဝိရောဓိဖြစ်နေပုံရကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။
မြန်မာနိုင်ငံအပေါ် အီးယူက စောင့်ကြည့်နေဆဲဖြစ်သောကြောင့် လူအခွင့်ရေးချိုးဖောက်မှု မဖြစ်ရန်လိုအပ်ပြီး ယင်းသို့ဖြစ်ပေါ်ပါက အခွန်သက်သာခွင့်ရုတ်သိမ်းခံရကာ မြန်မာပို့ကုန်လုပ်ငန်းများ အထိနာနိုင်ကြောင်း ၎င်းက ဆိုသည်။
“အီးယူမှာ ကျွန်တော်သိသလောက် ၁၂ ဒသမ ၅ ရာခိုင်နှုန်းထင်တယ်၊ အခွန်သက်သာခွင့်ရတော့ ဒီဥစ္စာကို ဆက်မရတော့ရင် မြန်မာနိုင်ငံရဲ့ထွက်ကုန်တွေဟာ စျေးကြီးပြီးတော့ ယှဉ်ပြိုင်လို့မရပါဘူး။ အခွန်တွေနဲ့ဆိုရင် မယှဉ်ပြိုင်နိုင်ဘူး။ မယှဉ်ပြိုင်နိုင်ရင် မြန်မာနိုင်ငံအတွက် ဝင်ငွေကျဆင်းသွားမယ့်သဘောရှိပါတယ်” ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။
GSP အခွင့်အရေး ပြန်လည်သုံးသပ်ရာတွင် အီးယူအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အလုပ်သမားအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များကောက်ယူခြင်း၊ မြေပြင်အချက်အလက်များစုဆောင်းခြင်း စသည်တို့ဆောင်ရွက်ရပြီး ပြီးခဲ့သည့် ၂၀၁၉ တွင် UMFCCI သို့ အီးယူအဖွဲ့ဝင်များ လာရောက်တွေဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အီးယူစျေးကွက်သို့ ငါး၊ ပုဇွန်၊ ရေထွက်ကုန်များ၊ ဆန်၊ ပဲမျိုးစုံ၊ လယ်ယာထွက်ကုန်နှင့် လက်ခစားစနစ်ဖြင့်ချုပ်လုပ်သည့် ဖိနပ်၊ အိတ်၊ အဝတ်အထည်များကို တင်ပို့ရောင်းချနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉ တွင် မြန်မာနှင့် ကမ္ဘောဒီယားနိုင်ငံမှ အခွန်သက်သာခွင့်ဖြင့် တင်ပို့ရောင်းချသည့် ဆန်များကြောင့် အီးယူအဖွဲ့ဝင် ဆန်ထုတ်လုပ်သည့်နိုင်ငံများ စျေးကွက်ဝေစုကျဆင်းသည်ဟုဆိုကာ အခွန်ပြန်လည်ကောက်ခံရန် ဆုံးဖြတ်ခဲ့သည်။
အီးယူစျေးကွက်သို့တင်ပို့သည့် မြန်မာ့ဆန်များအနက် ဆန်လုံးရှည်ကို အခွန်ပြန်လည်ကောက်ခံခြင်းဖြစ်ပြီး ဆန်လုံးလတ်နှင့် ဆန်ကွဲကိုမူ အခွန်မကောက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြင့်တင့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။
အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာကို ပေးအပ်သည့် GSP အခွင့်အရေးကို ပြန်လည်ရုတ်သိမ်းရန် အီးယူက သုံးသပ်နေသော်လည်း စီးပွားကူးသန်းကမူ GSP အခွင့်အရေးဆက်လက်ပေးရန် တောင်းဆိုထားကြောင်း ၎င်းက ဆိုသည်။
ဥရောပသမဂ္ဂက GSP အခွင့်အရေးရုတ်သိမ်းပါက မြန်မာပို့ကုန်လုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး အထူးသဖြင့် အီးယူစျေးကွက်ကို အဓိကထားတင်ပို့နေသည့် လက်ခစားအထည်ချုပ်တင်ပို့မှုမှာ ထိခိုက်မှုကြီးမားနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။
ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှုကြောင့် အထည်ချုပ်ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာအော်ဒါလျော့နည်းခြင်းကြောင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းမှာ အကြီးအကျယ်အထိနာလျက်ရှိပြီး ယင်းထိခိုက်မှုကို ပြန်လည်နာလန်ထူရန် အားယူချိန်တွင် GSP အခွင့်အရေးဆုံးရှုံးသွားမည်ဆိုပါက စျေးကွက်ဝေစုလျော့ကျကာ ပိုမိုရုန်းကန်ရနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးထွန်းအောင်က ပြောသည်။
“GSP အထောက်အအကူရရင်တော့ အားနည်းနည်းဖြစ်တာပေါ့။ GSP အထောက်အကူမဖြစ်ဘူးဆိုရင် ပိုရုန်းရနိုင်ခြေရှိတာပေါ့။ နောက်တစ်ခါ Market Share (စျေးကွက်ဝေစု) နည်းနိုင်ခြေရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က မနက်ဖြန်တောင် ကိုယ်ပိုင်တာမဟုတ်တော့ အနာဂါတ်ကို Predict (ခန့်မှန်း)လုပ်ဖို့က သိပ်တော့မလွယ်ဘူးဗျ” ဟု ၎င်းက ပြောသည်။
၂၀၁၃ တွင် အီးယူကပေးအပ်သည့် GSP အခွင့်အရေးရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှုမှာ တဟုန်ထိုးတိုးတက်ခဲ့ပြီး ၂၀၁၂ တွင် အထည်ချုပ်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၉၀၀ သာရှိရာမှ ၂၀၁၇ တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ တိုးတက်လာကြောင်း Investment Myanmar Summit 2019 အချက်အလက်များအရ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ မြန်မာနိုင်ငံ၏ အထည်ချုပ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလျံအထိ မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ကို ၁၉၈၆ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံဖြိုးတိုးတက်မှုဆိုင်ရာညီလာခံ (UNCTAD) ဒုတိယအကြိမ်ညီလာခံတွင် စတင်ပြဌာန်းခဲ့ပြီး အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံအပါအဝင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၃၉ ခုက ပေးအပ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အင်တာနက်စာမျက်နာတွင် ဖော်ပြထားသည်။
အဓမ္မလုပ်အားပေးစေခိုင်းမှုများကြောင့် ၁၉၉၇ တွင် မြန်မာနိုင်ငံအပေါ်ပေးအပ်ထားသည့် GSP အခွင့်အရေးကို အီးယူက ရုတ်သိမ်းခဲ့ပြီး ၂၀၁၃ တွင် ပြန်လည်ခွင့်ပြုခဲ့ရာမှ ယခုအခါ တကျော့ပြန်ရုတ်သိမ်းခံရမည့်အရေးနှင့် ကြုံနေရခြင်းဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












