ယုန်လေး၏ သီချင်းဗီဒီယိုပါ အဓိကဇာတ်ဝင်ခန်းကို PARKROYAL ဟိုတယ်တွင်ရိုက်ကူးခဲ့

Covid 19 နှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ သီချင်းဗီဒီယို ရိုက်ကူးခဲ့သည့်အပေါ် အရေးယူခြင်းသည် တိုင်းဒေသကြီးအဆင့်ကော်မတီနှင့်သာဆိုင်သည်ဟု ဆိုသည် 

ငါတို့အားလုံး၏မြေ တေးသီချင်းရုပ်သံပါမြင်ကွင်းနှင့် Park Royal ရန်ကုန်ဟိုတယ်၏ မြင်ကွင်းတစ်စိတ်တစ်ပိုင်းကို နှိုင်းယှဉ်ပြထားပုံ (ဓာတ်ပုံ-Myanmar Now)

အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ် သီချင်းဗီဒီယိုတွင် သရုပ်ဆောင် ၂၀ ကျော် ပါဝင်သရုပ်ဆောင်ထားသည့် နောက်ဆုံးဇာတ်ဝင်ခန်းကို ရန်ကုန်မြို့ အလံပြဘုရားလမ်းနှင့် ယောမင်းကြီးလမ်းထောင့်ရှိ PARKROYAL ဟိုတယ်၌ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ၁၀ နာရီကျော်ကြာ အချိန်ယူရိုက်ကူးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မသမာသူများကလုပ်ကြံရာတွင် တပ်မတော်က ကယ်တင်ခဲ့သည်ဟု ဖော်ညွန်းထားသော ထိုသီချင်းဗီဒီယိုတွင် ပါဝင်သည့်ရိုက်ကွင်းများကို လေ့လာရာ PARKROYAL ဟိုတယ်ရှိ ခန်းမကျယ်တစ်ခုနှင့် ခန်းမအဝင်အထွက်နေရာများ ထပ်တူ တူညီနေကြောင်းတွေ့ရှိခဲ့သည်။ 

အဆိုပါဟိုတယ်သို့ Myanmar Now သတင်းထောက်တစ်ဦးက ကိုယ်တိုင်သွားရောက်လေ့လာချက်အရ ရိုက်ကွင်းနေရာများသည် ဟိုတယ် Ballroom ခန်းမအတွင်းနှင့် အပြင်ဘက်လျှောက်လမ်းတွင် ခင်းကျင်းထားသော မွှေးထူကော်ဇောအဆင်များ၊ နံရံကပ်အလှဆင် စတုရန်းကွက်များမှာ ထပ်တူကျသည်ကို တွေ့ရသည်။ 

ထို့ပြင် ခန်းမအပြင်ဘက်လျှောက်လမ်းရှိ အလှဆင်ထားသည့် ပန်းအိုးနှင့် ပန်းချီကားချပ်များသည်လည်း သီးချင်းဗီဒီယိုပါ ဇာတ်ဝင်အခန်းများနှင့် တစ်ထပ်တည်းကျနေသည်။ 

ဟိုတယ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းတစ်ဦးက အဆိုပါသီချင်းဗီဒီယိုကို ဇူလိုင် ၂၃ ရက်နေ့တွင် ရိုက်ကူးခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်းလည်း Myanmar Now ကို ထုတ်ဖော်ပြောကြားထားသည်။ 

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်နေသူ ၁၀ ဦးခန့်ကို ဟိုတယ်ခန်းမအနီးတွင် တွေ့ရှိခဲ့ရပြီး၊ ည ၁၀ နာရီအထိ ဆက်လက်ရိုက်ကူးကြသည်ဟု အမည်မဖော်လိုသူ အဆိုပါမျက်မြင်သက်သေက အတည်ပြုပြောကြားသည်။ 

ကနဉီးစုံစမ်းမေးမြန်းရာတွင် ဟိုတယ်တာဝန်ရှိသူတစ်ဦးက အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုရိုက်ကူးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်မပြောကြားလိုကြောင်းနှင့် ရိုက်ကူးရေးအတွက် အချိန်နာရီဝက်ခန့်သာ အခန်းနေရာ ငှားရမ်းခဲ့သည်ဟု ဆိုခဲ့သည်။ 

အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့်ပတ်သက်၍ PARKROYAL ဟိုတယ်တာဝန်ရှိသူများထံ နည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

သီချင်းဗီဒီယိုကို PARKROYAL Yangon ဟိုတယ်တွင် ည ၁၁ နာရီခန့်အထိ ရိုက်ကူးခဲ့ကြောင်း သီချင်းဗီဒီယို၏ သရုပ်ဖော်ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ညီနန္ဒက ဩဂုတ် ၅ ရက်က ပြုလုပ်ခဲ့သည့် Myanmar Celebrity TV နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

“အစ်ကိုတို့ PARKROYAL မှာ ရိုက်ကြတယ်၊ အစ်ကိုက ၂ နာရီရောက်တယ်၊ ယုန်လေး ပထမပြောတာ နေ့တစ်ဝက်ပဲပေါ့နော်။ တကယ်တမ်း ည ၁၁ နာရီထိ ရောက်သွားတယ်” ဟု ၎င်းက အဆိုပါအင်တာဗျူးတွင်ပြောသည်။

ဟိုတယ်၏ အရောင်းမန်နေဂျာ၊ ဈေးကွက်နှင့် ဆက်သွယ်ရေးမန်နေဂျာ၊ လုံခြုံရေးမန်နေဂျာ စသည့်တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် စင်ကာပူရှိ ရုံးကို အီးမေးလ်မှတဆင့် တိုက်ရိုက်မေးမြန်းရန် ဈေးကွက်နှင့် ဆက်သွယ်ရေးမန်နေဂျာ ဦးအောင်သူထက်က ပြန်ကြားခဲ့သည်။ 

ထိုသီချင်းဗီဒီယိုရိုက်ကူးခဲ့သည့် နေရာများ၊ ရရှိခဲ့သည့်ငွေကြေးပမာဏနှင့်ပတ်သက်၍ မေးမြန်းရာတွင် အများစုက အသေးစိတ်ပြောဆိုရန် ငြင်းဆိုကြသည်။ သရုပ်ဖော်ဇာတ်လမ်းတွင် အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဦးဝင်းမြိုင်က ၎င်းပါဝင်ခဲ့သည့် ဇာတ်ဝင်ခန်း မည်သည့်နေရာတွင်ရိုက်ကူးခဲ့သည်ကို 'ကောင်းကောင်း မမှတ်မိတော့' ဟု ဆိုသည်။

အဆိုတော်များနှင့် တီးဝိုင်းအဖွဲ့သား စုစုပေါင်း ၂၅ ဦး ပါဝင်သီဆိုသရုပ်ဆောင်ထားသည့် ရိုက်ကွင်းအပိုင်းကို တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်ရှီ Transporter Bar & Restaurant တွင် ဇူလိုင် ၂၀ က ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း အဆိုတော်ချမ်းချမ်းက အတည်ပြုထားသည်။

အဆိုပါ Transporter Bar ကို Myanmar Now က သွားရောက်လေ့လာခဲ့ရာတွင် မကြာမီက ဆောက်လုပ်ထားသည့် အဆောက်အအုံသစ်ဖြစ်သည်ကို တွေ့ရှိရသည်။ လက်ရှိတွင် မြေညီထပ်၌ တီဝိုင်းဖျော်ဖြေမှုနှင့်အတူတွဲလျက် စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊ ဖွင့်လှစ်ခြင်းမရှိသေးသည့် ပထမထပ်တွင် ကလပ်နှင့် KTV အခန်းများ၊ ဒုတိယထပ်နှင့် အပေါ်ဆုံးထပ်တွင် အခမ်းအနားများကျင်းပရန်အထိ ကျယ်ဝန်းသည့် အမိုးဖွင့်စားသောက်ဆိုင် ဖွင့်လှစ်ရန် လျာထားသည်ဟု ဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ထိုသီချင်းရုပ်သံကို Transporter Bar တွင် မရိုက်ကူးမီ တစ်ပတ်ကျော်ခန့်က သီချင်းကို သရုပ်ဆောင်နေတိုးပိုင် Story Board စတူဒီယို၌ အသံသွင်းခဲ့ကြောင်း အဆိုတော်ချမ်းချမ်းက Myanmar Now ကိုပြောသည်။ 

"ဘယ်သူပြီးရင် ဘာဆိုမယ် ဘာဆိုမယ်လို့ ပြထားတာမရှိဘူး။ ကျွန်မလာတဲ့အချိန်မှာ သူက (ယုန်လေး) စာသား ကောက်ရေးပေးတယ်။ ရေးပေးတဲ့ဟာကို အစ်မက ဆိုလိုက်တယ်ပေါ့နော်။ ရိုက်လည်းပြီးရော နောက်နေ့ကျ ဖုန်းဆက်တယ်။ အဆင်မပြေဘူးတဲ့။  အားလုံးတူတူ စုပြီးတော့ ရိုက်မယ်တဲ့" ဟု ၎င်းက ပြောသည်။ 

သီချင်းဗီဒီယိုအရ အခြားအတည်ပြုနိုင်သော ရိုက်ကွင်းနေရာမှာ Bulgogi Brothers  အမည်ရှိ ကိုရီးယားစားသောက်ဆိုင်နှင့် စမ်းချောင်းမြို့နယ် နာနတ်တောလမ်းရှိ Arrival Bar ဖြစ်သည်။ 

PARKROYAL Yangon ဟိုတယ်ကို ရန်ကုန်တွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် Pan Pacific ကုမ္ပဏီလုပ်ငန်းစုက ပိုင်ဆိုင်ပြီး၊ ထိုလုပ်ငန်းစုများကို စင်ကာပူ၏ အထင်ကရဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်အုပ်စုက ပိုင်ဆိုင်ထားသည်။ UOB ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကိုလည်း PARKROYAL Yangon ဟိုတယ်၌ ဖွင့်လှစ်ထားသည်။ 

ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များတွင် လုပ်ငန်းခွင်သို့သွားခြင်း၊ ဈေးရောင်းဈေးဝယ်၊ ကုန်စည်ပို့ဆောင်ရေး၊ တရားစီရင်ရေး၊ Covid-19 ရောဂါ ကာကွယ်/နှိမ်နင်းရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ ဆေးရုံဆေးခန်းသွားခြင်းနှင့် နာရေးကိစ္စများမှလွဲ၍ လူငါးဦးထက် ပိုမစုရန် ပါရှိသည်။ 

ဝေဖန်မှုမြင့်တက်ခဲ့သည့် အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုကို ဩဂုတ်လ ၄ ရက်နေ့တွင် Facebook စာမျက်နှာများမှတဆင့် ထုတ်လွှင်ခဲ့ခြင်းဖြစ်ပြီး ဝါဒဖြန့်ချိရေးအသွင်ပေါက်သည့် အဆိုပါသီချင်းဗီဒီယို၏ ဇာတ်လမ်းဇာတ်ကွက်များ ရိုက်ကူးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များ အသက်ဝင်နေဆဲအချိန်ဖြစ်သည်။ 

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်နေ့မှသာ  ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရိုက်ကူးမည့် နေရာ၊ အချိန်နှင့် လူအရေအတွက်ကို ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ တစ်ပတ်ကြိုတင် အကြောင်းကြားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကူးစက်မြန်ရောဂါ Covid-19 ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်များအရ ပိတ်ပင်ထားသည့် ကာလအတွင်း ထိုသို့ သီချင်းဗီဒီယိုရိုက်ကူးခဲ့ခြင်းအပေါ် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

“အရေးယူတာကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရယ်၊ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီရယ်ပေါ့ အဲ့ဘက်ကပဲ ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အမှုဆောင်အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်တို့ထံ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

ကိုဗစ်ကာလတွင် စည်းကမ်းမလိုက်နာဘဲ သီချင်းဗီဒီယိုရိုက်ကူးခဲ့သည့်အတွက် အဆိုတော်ယုန်လေးကို ရိုက်ကူးရေး တစ်နှစ်ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဩဂုတ် ၈ ရက်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ 

Covid 19 နှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့်အပြင် အခါအားလျော်စွာ သတိပေးချက်များလည်း ထုတ်ပြန်လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်အရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေတို့ဖြင့် အရေးယူခံရသူ ၈,၆၀၀ ကျော် ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading