တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားမှုများနှင့် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ဖူးသည့် မိတ္ထီလာသည် အာဏာရပါတီနှင့် ဗိုလ်ချုပ်ဟောင်းများဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီကြား အဓိကထားရမည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်    

 မိတ္ထီလာမြို.ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်း။  (ဓာတ်ပုံ - စိုးဇေယျာထွန်း / Reuters)

မကြာသေးမီနှစ်များက လူပေါင်းရာချီသေဆုံးခဲ့သည့် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ အပြင်းအထန်အားပြိုင်ခဲ့ကြသလို ယခုနှစ်ရွေးကောက်ပွဲတွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်လာမည့်မြို့ဖြစ်သည်။ 

ယခုနှစ်ရွေးကောက်ပွဲတွင် တပ်မဲရုံများကို တပ်အပြင် ပထမဆုံးအကြိမ် ထုတ်မည်ဖြစ်ရာ တပ်မိသားစုဝင် မဲဆန္ဒရှင်များ သောင်းချီရှိသည့် မိတ္ထီလာမြို့တွင် မဲရလဒ်အပေါ် အပြောင်းအလဲရှိမည်ဟူသော တွေးဆမှုများလည်း ရှိနေသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ထိုစဉ်က အစိုးရသတင်းစာများ၏ 'မိတ္ထီလာမြို့နှင့် မိတ္ထီလာလွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွှမ်းရမည်' ဆိုသော မျက်နှာဖုံးခေါင်းကြီးအတိုင်းပင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မိတ္ထီလာမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် အောင်ပွဲခံခဲ့သည်။ 

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် ဒေါက်တာဝင်းစိုးဦးသည် ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်းကို ဆန္ဒမဲအရေအတွက် လေးသောင်းနီးပါး ကွာဟချက်ဖြင့် အပြတ်အသတ်ရှံးနိမ့်ခဲ့သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ဇာတိမြေဖြစ်သည့် မိတ္ထီလာတွင် အပြတ်အသတ်ရှုံးခဲ့ရသည့်အတွက် ကြေကွဲရသည်ဟု လက်ရှိ NLD ပါတီနာယကတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်းက ပါတီဗဟိုအောင်နိုင်ရေးရုံးထိုင်ခဲ့သည့် ဦးဝင်းထိန်က ၎င်း၏ 'သံသရာတစ်ကွေ့' စာအုပ်တွင် ရေးသားထားသည်။ 

"ဘာကြောင့် ရှုံးရတယ်ဆိုတာကို ဆန်းစစ်တဲ့အခါ သူတို့ဘက်က စည်းရုံးရေး အပြတ်အသတ်လုပ်ခဲ့လို့လို့ ကောက်ချက်ချမိပါတယ်။ သမ္မတလုပ်နေတဲ့ မောင်သိန်းစိန်က မိတ္ထီလာမြို့ကို စည်းရုံးရေးကာလမှာ သုံးကြိမ်တောင်ရောက်ခဲ့ပါတယ်" ဟု ဦးဝင်းထိန်က ရေးသားထားသည်။ 

မိတ္ထီလာလွင်ပြင်ဟု ညွှန်းဆိုသော မိတ္ထီလာခရိုင်တွင် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များ ပါဝင်ပြီး အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၈ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၄ နေရာရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအရ မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်ပေါင်း ခုနှစ်သိန်းကျော်နှင့် မဲရုံပေါင်း ၁၀၆၉ ရုံ ရှိသည်။ တပ်မိသားစုဝင် မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော်ရှိပြီး သီးသန့်တပ်မဲရုံ ၁၈ ခုနှင့် အရပ်သားမဲဆန္ဒရှင်များဖြင့် ရောနှောနေသည့် မဲရုံ ၅ ခုရှိသည်။ မိတ္ထီလာခရိုင်တွင် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်း ၇၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ၏ ယုံကြည်ချက်  

‌မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်အတွင်း လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည့်အပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထိုအဖြစ်အပျက်မှာ နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်ဟု မိတ္ထီလာမြို့ခံများက ယူဆကြသည်။ 

0322myanmar-superjumbo.jpg

အဓိကရုဏ်းများဖြစ်ချိန် မိတ္ထီလာမြို့မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-စိုးဇေယျာထွန်း/ရိုက်တာ) 

ထိုပဋိပက္ခများ ဖြစ်ပွားပြီးနောက် မိတ္ထီလာမြို့တွင် ကျင်းပခဲ့သည့် ဟောပြောပွဲများတွင် အမျိုး၊ ဘာသာ၊ သာသနာ ဆိုသည့် စကားသံများ ကျယ်လောင်စွာထွက်ပေါ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ကိုစောင့်ရှောက်မည့် ပါတီများကိုသာ မဲထည့်ရန် နိုင်ငံရေးပါတီတချို့က လှုံ့ဆော်ခဲ့ကြသည်။ 

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင်မူ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၏ အသံများတိတ်ဆိတ်နေသည်ဟု မိတ္ထီလာမြို့ခံများက ပြောသည်။ 

လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးရဲထွန်းနိုင်၊ ပြည်သူ့လွတ်တော်မဲဆန္ဒနယ်အတွက် လက်ရှိလွှတ်တော်ကိုယ်စားလှယ် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာအတွက် ဦးအောင်ကျော်မိုးနှင့် ဦးစိုးသန်း ဆိုသူတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းနိုင်မှာ ပြည်ခိုင်ဖြိုးအသင်း တန်ခိုးထွားချိန် ၁၉၉၃ ခုနှစ်ကပင် အသင်းသားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မလှိုင်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းကိုပင် ရှုံးနိမ့်ခဲ့သည်။ နိုင်ငံရေးလောကမှ အနားယူပြီး ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေစဉ် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီက ပြန်လည်ကမ်းလှမ်းခဲ့သည်ဟု ဦးရဲထွန်းနိုင်က ပြောသည်။ 

"ပြည်ခိုင်ဖြိုးက အမျိုးသားနိုင်ငံရေးကို သေသေချာချာလုပ်တာမို့ ပြည်ခိုင်ဖြိုးနဲ့ပဲ တွဲပြီးလုပ်ဖြစ်တာပါ။ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းက ပြောသည်။ 

မိတ္ထိလာနှင့် မလှိုင်မြို့နယ်များပါဝင်သည့် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၇) အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မလှိုင်မြိုခံဖြစ်သည့်အလျောက် မြို့ခံများ၏ထောက်ခံမဲများ ရရှိမည်ဖြစ်သလို ပါတီပုံရိပ်ကြောင့် မိတ္ထီလာမှ မဲများလည်း ရရှိမည်ဟု ယူဆကြောင်း ဦးရဲထွန်းနိုင်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာမောင်သင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်ကို ဆန္ဒမဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။

"ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တို့တာဝန် အရေးသုံးပါးပေါ့နော်။ အဲဒါအပြင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက အမျိုး၊ ဘာသာ၊ သာသနာကို ဘယ်အဖွဲ့အစည်းက ပိုစောင့်ရှောက်နိုင်သလဲပေါ့။ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီရဲ့ အရည်အချင်းကို ကြည့်ပြီး မဲပေးကြပါလို့ ပြောချင်ပါတယ်" ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

ဒီချုပ်ကိုယ်စားလှယ်လောင်းများ၏ မျှော်လင့်ချက် 

‌ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည့် NLD ပါတီဝင် ဒေါက်တာဝင်းစိုးဦးမှာ လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ ပါတီအောင်နိုင်ရေးကိုသာ အဓိကထား ဆောင်ရွက်တော့မည်ဟု ဆိုသည်။ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဌအဖြစ်လည်း တာဝန်ယူထားသည်။ 

"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အောင်နိုင်ရေးကို ဖိဖိစီးစီးလုပ်နိုင်အောင်လို့ ဒီနေရာမှာ နေလိုက်တာ။ ကျွန်တော်ဝင်ကန်နေရင် အကုန်လုံးကို အပေါ်ကနေ မမြင်နိုင်ဘူး" ဟု ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

လာမည့်ရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုဝင်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားလွှတ်တော်နေရာအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးဘုန်းကျော်၊ ပြည်သူ့လွှတ်တော်နေရာအတွက် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဆင့်စိုး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင် ဦးလွင်မောင်မောင်နှင့် ဦးနေဝင်းထွန်း (ခ) ဦးမောင်မောင်ကြီးတို့ ဖြစ်သည်။ 

‌ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၈ ခုတွင် ကျေးရွာပေါင်း ၃၈၀ ခန့်ရှိ နေသည့်အတွက် ကျေးလက်လူထု မဲဆန္ဒရှင်များကို အလေးထားသွားမည်ဟု ဒေါက်တာဆင့်စိုးက ပြောသည်။ 

အာဏာရပါတီအနေဖြင့် ၂၀၁၅ မှ ၂၀၂၀ အတွင်း ကျေးလက်မီးလင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အဓိကထားဆောင်ရွက်ခဲ့သည့်အတွက် ကျေးလက်နေ ပြည်သူလူထု၏ ဆန္ဒမဲများ ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ပြောသည်။ 

"၂၀၁၅ နဲ့မတူညီတဲ့ ကျေးလက်လူထုရဲ့ ထောက်ခံမှုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဒေါက်တာဆင့်စိုးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလက ကိုယ်စားလှယ်လောင်းများထက် လာမည့်ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ပိုမိုအားရကျေနပ်သည်ဟု မိတ္ထီလာမြို့နယ် NLD ပါတီအတွင်း ရေးမှူး ဦးဇော်ဇော်အောင်က ပြောသည်။ 

သို့သော် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအများစုမှာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့်အတွက် အားသာချက်များစွာရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

"ပြည်ခိုင်ဖြိုးပါတီကတော့ လွှတ်တော်ကိုယ်စားလှယ် (လက်ရှိလွှတ်တော်ကိုယ်စားလှယ်) တွေဆိုတော့ ကွင်းဆင်းနိုင်တယ်။ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်တွေ သုံးစွဲနိုင်တယ်" ဟု ဦးဇော်ဇော်အောင်က ပြောသည်။ 

တပ်မဲရုံများနှင့် မိတ္ထီလာ 

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ လွတ်လပ်စွာ သွားလာနိုင်ရန်နှင့် ပွင့်လင်းမြင်သာစွာ မဲပေးခွင့်ရှိစေရန် တပ်မဲရုံ ၆၃၀ ကို တပ်စခန်းများပြင်ပတွင် ထားရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လကုန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

တပ်မဲဆန္ဒရှင် တစ်သောင်းငါးထောင်ကျော် ရှိနေသည့် မိတ္ထီလာခရိုင်တွင် သီးသန့်တပ်မဲရုံ ၁၈ ခုရှိနေပြီး အခြား မဲရုံ ၅ ခုမှာ အရပ်သားမဲဆန္ဒရှင်များနှင့် ရောနှောနေသည့် မဲရုံများဖြစ်သည်။ 

တပ်မဲရုံများ၏ မဲရလဒ်ကို စောင့်ကြည့်လာနိုင်မည်ဖြစ်၍ တပ်မဲရုံပြင်ပထုတ်လိုက်ခြင်းမှာ ရွေးကောက်ပွဲကို အနည်းငယ်သက်ရောက်မှု ရှိစေနိုင်သည်ဟု NLD ပါတီ၏ မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဌက ပြောသည်။ 

"တစ်ခုရှိတာကတော့ သူတို့ (တပ်မဲဆန္ဒရှင်များ) တကယ်မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပေါ်မှာတော့ မေးခွန်းထုတ်စရာရှိပါတယ်" ဟု ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်တွင်းမဲဆန္ဒရှင် အရေအတွက်စာရင်း စစ်ဆေးခွင့် မရခဲ့ရုံသာမက မဲရုံကိုယ်စားလှယ်ပင် မထားရှိနိုင်ခဲ့ကြောင်း၊ တပ်မဲရုံများမှ တစ်မဲမျှပင် မရရှိဘဲ ရှုံးနိမ့်ခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

"ဒီတပ်ရင်းမှူးတွေက ဖိအားရှိတယ်လေ။ အနီကိုပေးတဲ့မဲ တစ်မဲနှစ်မဲလောက်ပါရင် သူတို့အထုခံရတယ်။ By Force (အတင်းအကျပ်) နဲ့ဆိုတော့ ကျွန်တော်တို့ တစ်မဲမှ မရဘူး" ဒေါက်တာဝင်းစိုးဦးက ပြောသည်။ 

တပ်မဲရုံများ အပြင်ထုတ်လိုက်သည့်အတွက် ရွေးကောက်ပွဲရလဒ်ကို သက်ရောက်မှုရှိစေမည်ဖြစ်ပြီး တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ဦးချင်းဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ခွင့်အပေါ် သီးခြားမှတ်ချက် ပေးလိုခြင်းမရှိကြောင်း ဒေါက်တာဆင့်စိုးက ပြောသည်။ 

တပ်မဲရုံများ ပြင်ပထုတ်လိုက်ပြီး လွတ်လပ်စွာ မဲပေးခွင့်ရှိလာမည်ဆိုပါက ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ လေတပ်များမှ တပ်မတော်သား၏ ဆန္ဒမဲများ ၎င်းတို့ပါတီ ရရှိနိုင်မည်ဟု မိတ္ထီလာမြို့နယ် NLD ပါတီအတွင်းရေးမှူး ဦးဇော်ဇော်အောင်က ပြောသည်။ 

"တပ်မဲရုံသာ မှန်မှန်ကန်ကန် အပြင်ထုတ်ခွင့်ရမယ်၊ လွတ်လပ်စွာ မဲပေးခွင့်ရမယ်ဆိုရင်တော့ ခြေလျင်၊ ခြေမြန်တော့ အာမမခံဘူးပေါ့ဗျာ။ လက်ရုံးတပ်တွေ မှန်သမျှတော့ NLD ပဲနိုင်မှာ" ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ကြိုတင်မဲ၊ တပ်မဲနှင့် မဲဆန္ဒနယ် နှစ်ကြိမ်မဲပေးသူများ (Double Voter) များကြောင့်ဖြစ်သည်ဟုလည်း NLD က ဒေါက်တာဝင်းစိုးဦးက ယူဆနေသည်။ 

ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာမောင်သင်း ရရှိခဲ့သည့် ဆန္ဒမဲ သုံးသောင်းကျော်တွင် တပ်ရင်းတပ်ဖွဲ့များမှ ကြိုတင်မဲ နှစ်သောင်းကျော်နှင့် Double Voter များကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဒေါက်တာဝင်းစိုးဦးကို အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းမှာ တပ်မဲ၊ ကြိုတင်မဲများနှင့် သက်ဆိုင်ခြင်းမရှိဘဲ မိတ္ထီလာမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်များ အခိုင်အမာရှိနေသည်ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

တပ်မဲရုံများ အပြင်ထုတ်လိုက်သည့်အတွက် ရွေးကောက်ပွဲရလဒ် ထိခိုက်စေမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။ "အဲဒီတုန်းက ကျွန်တော်ရတာက တပ်မဲ ကိုးထောင်ကျော်ကျော်လောက်ပဲ။ တပ်မဲကြောင့် မဟုတ်ဘူးဆိုတာ ကျွန်တော် ရဲရဲပြောရဲပါတယ်" ဟု ဒေါက်တာမောင်သင်းက ပြောသည်။ 

ရှေ့တန်းရောက် တပ်မတော်သားများ၊ ရှေ့တန်းထွက်ခွာမည့် တပ်မတော်သားများ ကြိုတင်မဲပေးမည်၊ အဝေးရောက်ပေးမည်ကို မသိရှိရသေးသော်လည်း တပ်ရင်းတပ်ဖွဲ့များရှိ မဲဆန္ဒရှင်စာရင်းများ တိကျစေရန် ဆောင်ရွက်နေသည်ဟု မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမျိုးမင်းထိုက်က ပြောသည်။ 

"သူတို့ ကြိုတင်မဲတောင်းရင် ကြိုတင်မဲပေးရမှာပဲလေ။ သူတို့ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့က ခုချိန်ထိ မသိသေးဘူး" ဟု ၎င်းက ပြောသည်။ 

အဝေးရောက် တပ်မတော်သားများအတွက် ကြိုတင်မဲပေးလိုပါက သက်ဆိုင်ရာတပ်ရင်း တာဝန်ရှိသူများက ပုံစံ (၁၅) ဖြင့် ကြိုတင်တောင်းခံရမည်ဖြစ်ပြီး ကြိုတင်မဲလက်မှတ်များကို တစ်လနီးပါး ကြိုတင်ပြင်ဆင်ပေးရပြီး နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ဦးမျိုးမင်းထိုက်က ပြောသည်။ 

သို့သော် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် တပ်မတော်သားများအနေဖြင့် နီးစပ်ရာ မဲဆန္ဒနယ်များတွင် ကိုယ်တိုင်ဆန္ဒမဲပေးခွင့် ရရှိရန် ကြိုးစားခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ၎င်းက ပြောသည်။ 

"ရောက်တဲ့နေရာမှာ ပေးတာကတော့ ပိုပြီးတိကျတာပေါ့။ ဒီကနေထည့်ပေးလိုက်ရတာကတော့ သွားရလာရ စောင့်ရပြုရဆိုတော့ အခက်အခဲရှိတာပေါ့" ဟု ဦးမျိုးမင်းထိုက်က ပြောသည်။ 

အာဏာရပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ရွေးကောက်ပွဲအားပြိုင်မှုတွင် မိတ္ထီလာသည် စိတ်ဝင်တစား စောင့်ကြည့်ရမည့် မဲဆန္ဒနယ်ဖြစ်သည်။ 

"တခြားမဲဆန္ဒနယ်တွေမှာ သူတို့ (NLD) သောင်းပြိုကမ်းပြို နိုင်ထားသလို မိတ္ထီလာ မဲဆန္ဒနယ်မှာတော့ ကျွန်တော်တို့ပါတီက သောင်းပြိုကမ်းပြိုနိုင်ထားတာပဲ" ဟု ဒေါက်တာမောင်သင်းက ရယ်လျက်ပြောသည်။

အာဏာရပါတီဘက်မှ ဒေါက်တာဝင်းစိုးဦးက "ပြိုင်ဆိုင်မှုတော့ ပြင်းထန်လိမ့်မယ်။ ကျွန်တော်တို့တစ်ဦးချင်းကတော့ ဒီပွဲဟာ ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲပဲ။ နိုင်ကို နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ လုပ်နေပါတယ်" ဟု ဆိုသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading