ဖွတ်ကျောပြာစုတောင်သူများနှင့် တပ်မတော်ကြားက မြေယာပဋိပက္ခ

ကန့်ဘလူမြို့နယ်တွင် လယ်မြေဧက ၈၀၀ ကျော်ကို တစ်ဧက ကျပ် ၂၀၀၀ လျော်ကြေးဖြင့် သိမ်းဆည်းခဲ့သည်ဖြစ်ရာ ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးပေးရန်နှင့် ပိုလျှံမြေများ ပြန်လည်လုပ်ကိုင်ခွင့်ပေးရန် တောင်သူ ၁၈၀ ကျော်က တောင်းဆိုလျက်ရှိသည်

Published on Aug 13, 2020
ကန့်ဘလူမြို့နယ် ပျဉ်းတော်ရွာအနီး သကြားစက်ရုံအနောက်ဘက် လယ်ကွင်းများအတွင်း ကောက်စိုက်နေသူ လယ်သူမအချို့ (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now) 
ကန့်ဘလူမြို့နယ် ပျဉ်းတော်ရွာအနီး သကြားစက်ရုံအနောက်ဘက် လယ်ကွင်းများအတွင်း ကောက်စိုက်နေသူ လယ်သူမအချို့ (ဓာတ်ပုံ- ရန်မိုးနိုင်/ Myanmar Now) 

မြန်မာနိုင်ငံသည် စစ်အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည်ဆိုသော်လည်း တပ်မတော်၏ ဩဇာအာဏာမှာ နိုင်ငံရေးတွင်သာမက စီးပွားရေးနယ်ပယ်တွင်ပါ အကြီးအကျယ်လွှမ်းမိုးနေဆဲဖြစ်သည်။ 

တပ်မတော်နှင့် ပြည်သူတို့ အကြီးမားဆုံးပွတ်တိုက်မှုဖြစ်နေသည့် ကိစ္စရပ်တစ်ခုမှာ မြေယာပြဿနာဖြစ်နေပြီး စစ်အစိုးရခေတ်တစ်လျှောက် မြေယာသိမ်းဆည်းခံခဲ့ရသော ပြည်သူတို့သည် နိုင်ငံရေးအကူးအပြောင်းဖြစ်ပြီဆိုသည်နှင့်တပြိုင်နက် ဆန္ဒပြခြင်း၊ ၎င်းတို့ပိုင်ဆိုင်ခဲ့သော မြေယာများတွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းဖြင့် တန်ပြန်လာခဲ့ကြသည်။

၂၀၁၄ ခုနှစ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာ ထွန်တုံးတိုက်ပွဲတွင် တပ်မတော်သားများက လှံစွပ်တပ်ထားသော သေနတ်များဖြင့် လယ်သမားများကို ချိန်ရွယ်ကာ တိုက်ပွဲဝင်အသင့်အနေအထား ဟန်ပြင်ထားသည့် မြင်ကွင်းမှာ ခြောက်ခြားဖွယ်ပင် ဖြစ်သည်။ 

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာလေးရွာမှ လယ်မြေဧက ၈၀၀ ကျော်ကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ သကြားစက်ရုံစီမံကိန်းအတွက် တပ်မတော်က လွန်ခဲ့သည့် ၁၉၉၉ ခုနှစ်တွင် သိမ်းယူခဲ့သည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းတပင်၊ ချောင်းကန်၊ ပျဉ်းတော်နှင့် သလဲဦးကျေးရွာများမှ စုစုပေါင်းတောင်သူ ၁၈၃ ဦး၏ လယ်မြေများ သိမ်းယူခံခဲ့ရသည်။  

တောင်သူတစ်ဦးဖြစ်သူ ကိုမိုးလွင်သည်လည်း လယ်ငါးဧက အသိမ်းခံခဲ့ရသည်။ သိမ်းခံရသည့်အချိန်တွင် သူ၏ စပါးပင်များမှာ မှည့်လုလုအချိန်ဖြစ်သည်။ ရနိုင်သမျှရိတ်သိမ်းဖို့ အချိန်တစ်ရက်သာရခဲ့သည်။ နောက်တနေ့တွင် မြေထိုးစက် ဘူဒိုဇာတစ်စီးက ကျဲကျဲတောက် နေရောင်အောက်တွင် သူ၏စပါးပင်များကို ထိုးဖျက်ခဲ့သည်။ ကိုမိုးလွင်မှာ စပါးပင်များကိုသာ ရနိုင်သမျှ အလုအယက်ရိတ်သိမ်းခဲ့ရာ မှည့်လုနီးစပါး နှစ်ဧကခန့်သာ ရိတ်သိမ်းနိုင်ခဲ့သည်။ 

လယ်ကွင်းကို လာဖျက်ချိန်တွင် ဘူဒိုဇာမောင်းသူတစ်ဦးအပြင် လုံခြုံရေးတာဝန်ယူထားသူအချို့လည်း ပါဝင်သည်ဟု ကိုမိုးလွင်ကဆိုသည်။ ဘူဒိုဇာမောင်းသူကို ခပ်ဖြေးဖြေးမောင်းရန် အသနားခံသော်လည်း မရသည့်အတွက် ရိတ်နိုင်သမျှဖြင့်သာ တင်းတိမ်ခဲ့ရသည်ဟုဆိုသည်။ 

“သီးနှံအဖျားလေးတွေ မှည့်တဲ့အချိန်မှာ သူတို့က ကိုယ့်မြေကို သိမ်းပြီးပြီ။ ရိတ်ကြ၊ ရိတ်ကြ ကားတွေနဲ့ ထိုးဖျက်မှာလည်း ဆိုရော။ အဲ့ဒီနောက်တော့ ကား (ဘူဒိုဇာ) နဲ့ တောက်လျှောက်ထိုးဖျက်တော့တာပဲ။ ပြောလည်းပြော ဖျက်လည်းဖျက်တာပဲ” ဟု လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က အဖြစ်အပျက်ကို ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာမှ ၄၅ နှစ်အရွယ် ကိုမိုးလွင်က ပြန်ပြောင်းပြောပြသည်။ 

မှည့်လုဆဲစပါးခင်းများကို ထိုးဖျက်နေချိန်တွင် ဒေါသထွက်သော်လည်း မည်သို့မျှမတုံ့ပြန်နိုင်ခဲ့ဘဲ ရှေ့ကစပါးခင်းကိုသာ “ခပ်ကုတ်ကုတ်ပဲရိတ်နေရတာပဲ” ဟု ကိုမိုးလွင်က ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောပြသည်။

“ထွန်စက်မြင်လေ စိတ်ထဲမှာ မကောင်းလေ။ စိတ်တိုလေပဲ။ ဘာလို့လဲဆို ထွန်စက်အပြာကိုမြင်တိုင်း ဒီထွန်စက်နဲ့ပဲ ငါ့လယ်တွေကို ဖျက်တာဆိုပြီး အဲလိုပဲ ကျွန်တော့်စိတ်ထဲမှာတွေးမိတာ" ဟု ၎င်းက ပြောသည်။ 

ကြိုတင်အကြောင်းကြား အသိပေးခြင်းမရှိဘဲ လယ်မြေများ အတင်းအကျပ်သိမ်းယူခဲ့သည့်အပြင် တပ်မတော်ကပေးသည့် မြေယာလျော်ကြေးမှာလည်း ပမာဏနည်းပါးလွန်းသည်ဖြစ်ရာ လယ်မြေသိမ်းဆည်းခံရသည့် တောင်သူများ ဒုက္ခမျိုးစုံကြုံခဲ့ရသည်။ မြေယာလျော်ကြေးကို ကာလပေါက်ဈေးနှင့်အညီ ဖြစ်စေရန်နှင့် ပိုလျှံမြေများကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် ဒေသခံတောင်သူများက တောင်းဆိုခဲ့ကြသည်။ 

ကန့်ဘလူသကြားစက်တည်ဆောက်ရန်အတွက် မြေဧက ရှစ်ရာကျော် သိမ်းဆည်းရုံသာမက သကြားထုတ်လုပ်ရေး ကုန်ကြမ်းဖြစ်သည့် ကြံစိုက်ပျိုးနိုင်ရန် ကန့်ဘလူမြို့နယ်အတွင်းရှိ ငှက်ပျောတိုင်၊ ခအုန်းတောနှင့် ပေကြီးရွာတို့မှ မြေဧက ၁၃,၀၀၀ ကျော်ကိုလည်း တပ်မတော်က ၁၉၉၉ တွင် သိမ်းဆည်းခဲ့သည်။ တစ်ဖန် သိမ်းဆည်းထားသည့် မြေပေါ်တွင် သီးစားထပ်မံချထားသည့်အတွက် သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ရန် ဒေသခံများက ၂၀၁၀ နောက်ပိုင်းတွင် စတင်တောင်းဆိုခဲ့ကြသည်။

ထို့အပြင် သိမ်းဆည်းထားသည့် လယ်ယာမြေများပေါ်တွင် မူလပိုင်ရှင်များက ဝင်ရောက်ထွန်ယက်သည့်အတွက် သီးစားချထားသူများက တောင်သူ ၅၆ ဦးကို ၂၀၁၄ တွင် တရားစွဲဆိုခဲ့သည်။ 

လက်ရှိအစိုးရသက်တမ်း လေးနှစ်တာအတွင်း တပ်မတော်က မြေဧက နှစ်သိန်းရှစ်သောင်းကျော်ကို ပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ လေးနှစ်တာကာလ ဆောင်ရွက်ချက်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့သည်။ 

သို့သော် မြေယာစွန့်လွှတ်ရန်သို့မဟုတ် မြေယာလျော်ကြေးပေးရန် ကန့်ဘလူမြို့နယ် တောင်သူများ၏ အစဉ်တစ်စိုက် တောင်းဆိုချက်များသည်ကား ယနေ့အချိန်ထိ အရာထင်လာခြင်း မရှိသေးပေ။ 

တစ်ဧက ကျပ်နှစ်ထောင်ဖြင့် မြေသိမ်းခဲ့ 

မြန်မာနိုင်ငံတွင် သကြားဖြူထုတ်လုပ်နိုင်သည့် စက်ရုံနှစ်ခုသာရှိသည့်အနက် ကန့်ဘလူသကြားစက်ရုံလည်း အပါအဝင်ဖြစ်သည်။ ထိုသကြားစက်ရုံကို ၂၀၀၁ တွင် စတင်လည်ပတ်နိုင်ခဲ့ပြီး ရာသီချိန်တွင် တစ်နေ့လျှင် တန်ချိန် ၂,၈၀၀ ခန့် ကြိတ်နိုင်ကြောင်း MEC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

တပ်မတော်ပိုင် ထိုသကြားစက်ရုံစီမံကိန်းအတွက် ၁၉၉၉ ခုနှစ်က မြေသိမ်းခဲ့ရာတွင် မြေယာလျော်ကြေးအဖြစ် တစ်ဧက ၂၀၀၀ ကျပ်သာ ပေးခဲ့သည်။ ကာလပေါက်ဈေးနှင့် အဆမတန်ကွာခြားနေသည့် ထိုလျော်ကြေးငွေကို 'မယူမနေရ' အတင်းအကျပ်ပေးလျော်ခဲ့သည်ဟု မြေသိမ်းခံတောင်သူတစ်ဦးဖြစ်သည့် ကန့်ဘလူမြို့နယ် ချောင်းကန်ကျေးရွာမှ ဦးအောင်ကျော်ဌေးက Myanmar Now ကို ပြောသည်။

“ကာလပေါက်စျေးမဟုတ်တော့ မကြည်ဖြူဘူး။ ကြောက်လို့သာ ယူခဲ့ရတာ။ သူတို့ကလည်း ခြိမ်းခြောက်တယ်။ လက်မှတ်မထိုးရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ချမယ်ဆိုတော့ ဦးကြီးတို့လည်း ကြောက်တော့ ယူခဲ့ရတာပဲ” ဟု ဦးအောင်ကျော်ဌေးက ပြောသည်။ 

"သကြားစက်ရုံတည်ဆောက်ရန် (.....) မြေဧကကို ကြည်ဖြူစွာလှူဒါန်းပြီး လုပ်ကိုင်စားသောက်ရန် (.....) ဧကမြေ ကျန်ရှိသေးသည်" ဟု ရေးသားထားသည့် စာရွက်ပေါ်တွင် အတင်းအကျပ်လက်မှတ်ရေးထိုးစေခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

လက်မှတ်မထိုးသည့် ဒေသခံများကို ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းသို့ ခေါ်ယူပြီး ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် လက်မှတ်ထိုးခဲ့ရသူများတွင် ၎င်း၏ဖခင်လည်း ပါဝင်ခဲ့သည်ဟု ကိုမိုးလွင်က ပြောသည်။ 

“အချုပ်ထဲ ချမယ်ဆိုလို့ အဖေ (လက်မှတ်) ထိုးခဲ့ရတယ်။ ဆုံးတာလည်း အဲ့ဒီစိတ်နဲ့ပဲ” ဟု ၎င်းကပြောသည်။ ကိုမိုးလွင်၏ ဖခင်ဖြစ်သူ ဦးစိန်ရင်မှာ သကြားစက်ရုံစီမံကိန်းအတွက် မြေယာသိမ်းဆည်းခံရသည့်စိတ်ဖြင့်ပင် ၂၀၁၅ ခုနှစ်က သေဆုံးခဲ့သည်ဟု ဆိုသည်။ 

၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေအရ  အများပြည်သူအကျိုးပြုလုပ်ငန်းများအတွက် မြေယာသိမ်းဆည်းပါက ကြိုတင်အကြောင်းကြားရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ကန့်ဘလူသကြားစီမံကိန်းအတွက် မြေသိမ်းဆည်းရာတွင် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဟု ကန့်ဘလူမြို့နယ်ကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းက Myanmar Now ကို ပြောသည်။ 

“ဒီမြေကို သိမ်းမယ်ဆိုရင် သိမ်းမယ့်အကြောင်းကို ထင်သာမြင်သာရှိတဲ့နေရာမှာ ကပ်ရမယ်။ ပြီးရင် ကန့်ကွက်လွှာတွေခေါ်ရမယ်။ ဒီလုပ်ငန်းစဉ်အဆင့်ဆင့်ကို မဆောင်ရွက်ခဲ့ဘူး။ သူတို့ရဲ့ သိမ်းဆည်းမြေဖိုင်ထဲမှာတော့ ဒီလုပ်ငန်းတွေပါပြီးသား။ ဒါပေမယ့် မြေပြင်မှာတော့ ဒီလုပ်ငန်းတွေကို မဆောင်ရွက်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။ 

စွန့်လွှတ်ရန်မရှိကြောင်း 

‌ကန့်ဘလူသကြားစက်စီမံကိန်း သိမ်းဆည်းမြေများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ယခုနှစ် ဇူလိုင် ၁၄ ရက်တွင် လွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့သည်။ 

မြေယာသိမ်းဆည်းစဉ်က ကာလပေါက်ဈေး တစ်ဧက ကျပ်ရှစ်သောင်းရှိနေချိန်တွင် တစ်ဧက ကျပ် ၂,၀၀၀ နှုန်းသာပေးခဲ့ပြီး မြေအစားပေးခဲ့ခြင်းမရှိသည့်အပြင် စိုက်ပျိုးထားသည့် သီးပင်စားပင်များ ပျက်စီးခဲ့သည့်အတွက် နစ်နာမှုလည်း ကြုံတွေ့ခဲ့ရသည်ဟု လွှတ်တော်၌မေးခွန်းမေးမြန်းစဉ် ဦးဝင်းအောင်က ပြောသည်။

"ဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ်နေကြတဲ့ တောင်သူများရဲ့ ဒဏ်ရာတွေကို လူမှုရေးတရားမျှတမှုရှုထောင့်ကနေ ကြည့်ပြီးတော့ ကုစားပေးဖို့ တာဝန်ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ 

ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်ကလည်း ထိုက်သင့်သည့် မြေယာလျော်ကြေးပေးချေနိုင်ရန်နှင့် မစိုက်ပျိုးနိုင်သည့် ပိုလျှံမြေများကို ပြန်လည်ပေးအပ်ရန် အကြုံပြုထားသည်ဟု ထိုကော်မရှင်၏ အစီရင်ခံစာကို ကိုးကားလျက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောကြားခဲ့သည်။ 

ခရိုင်မြေပြန်စစ် (လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ) ၏စစ်ဆေးမှုများအရ ပိုလျှံမြေဧက ၁၀၀ တွင် သီးစားချထားခြင်း၊ ငါးကန်တူးဖော်ထားခြင်းများရှိနေသည်ဟုလည်း ၎င်းက ပြောသည်။ 

"မြေပြန်စစ်အဆင့်ဆင့်က ပိုလျှံမြေတွေကို ပြန်လည်ပေးအပ်သင့်ကြောင်း ဆုံးဖြတ်ထားပြီး ကြန့်ကြာနေလို့ မေးခွန်းမေးရတာဖြစ်ပါတယ်" ဟုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပြောခဲ့သည်။ 

သို့သော် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မြင့်နွယ်က သိမ်းဆည်းမြေများနှင့်ပတ်သက်၍ လျော်ကြေးငွေထပ်မံပေးရန်မရှိကြောင်းနှင့် ပြန်လည်စွန့်လွှတ်ရန်မရှိကြောင်း လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။

"အဆိုပါမြေများမှာ သကြားစက်ရုံအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနအမိန့်ရရှိပြီးသော မြေများဖြစ်ခြင်း၊ လက်ရှိတွင် သကြားစက်ရုံလည်ပတ်လျက်ရှိခြင်း၊ မျိုးကြံစိုက်ပျိုးမြေများဖြစ်ခြင်း၊ မြေလဲလှယ်စိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်ထားမှုကြောင့် ပိုလျှံမြေမရှိပါကြောင်းနှင့် မြေစတင်သိမ်းဆည်းစဉ်ကပင် ခေတ်ကာလနှင့်လျော်ညီသော လျော်ကြေးငွေများပေးလျော်ပြီးဖြစ်ကြောင်း" ဟု ၎င်းက ဖြေကြားခဲ့သည်။

လယ်ပိုင်ရှင်မှ နေ့စားအလုပ်သမားဘဝ

မြေသိမ်းခံတောင်သူများမှာ နည်းပါးလွန်းသော လျော်ကြေးငွေကြောင့် လယ်ပိုင်ရှင်ဘဝမှ နေ့ချင်းညချင်း နေ့စားအလုပ်သမားဖြစ်ခဲ့ကြရသည်။ ထိုအထဲတွင် ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာမှ ဦးပွားမိသားစုလည်း အပါအဝင်ဖြစ်သည်။ 

သားအကြီးဆုံးကို ကျောင်းထုတ်ပြီးနောက် ဦးပွားတို့သားအဖ လမ်းခင်းကျောက်ထုသည့် နေ့စားအလုပ်သမားဘဝဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းခဲ့ရသည်ဟု ဆိုသည်။ 

“အကြီးဆုံးကောင်က စာတော်တယ်။ နှစ်တိုင်းဆုရတယ်။ ခုကိုဓါတ်ပုံလေးတွေရှိသေးတယ်။ အဲ့ဒါကို ငါးတန်းကနေ ဟိုဘက် ဆက်မထားနိုင်တော့ဘူး။ ကျွန်တော်လည်း နုတ် (ကျောင်းထုတ်) လိုက်ရတယ်။ ဆရာမတွေက မနုတ်ဖို့ ပြောတယ်။ ဘယ်လိုမှ အဆင်မပြ” ဟု သိမ်းဆည်းခံလယ်ကွင်းများကို လှမ်းမျှော်ကြည့်ရင်း ဦးပွားက ပြောသည်။ 

ဦးပွားပိုင်ဆိုင်သည့် လယ် ၁၁ ဧကအနက် ကိုးဧကခွဲကျော် သိမ်းဆည်းခံခဲ့ရသည်။ စီးပွားရေးချွတ်ချုံကျပြီး သားသမီးများ၏ ပညာရေးလည်း ခါးဆက်ပြတ်ခဲ့ရသည်ဟု ဦးပွားက ပြောသည်။ 

“ကိုယ့်ပစ္စည်းကို နှမြောဆင်းရဲပေါ့ဗျာ။ ရချင်တာပေါ့။ ပြန်ရရင် ကျွန်တော်တို့က စပါးပဲလုပ်မှာ။ ကိုယ့်လယ်လေးကို နှမြောတယ်။ မဖြစ်မနေမို့သာ" ဟု ၎င်းက ဆိုသည်။ 

မြေငါးဧက သိမ်းဆည်းခံခဲ့ရသူ ကိုမိုးလွင်သည်လည်း လက်ရှိအချိန်တွင် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသည်ဟု ဆိုသည်။ "သူများဆီက တစ်သိန်းနှစ်သိန်းရမှ ဆိုတာက ဘဝရဲ့ဝမ်းစာရေးက အင်မတန်ပင်ပန်းတယ်” ဟု ၎င်းက ဆိုသည်။

"ကိုယ့်မြေလေးကိုယ် ပြန်ရချင်တာ။ မြေမပေးလည်း လျော်ကြေးငွေလေး ခေတ်ကာလပေါက်ဈေးလေးတော့ ရချင်တာ။ အဲဒါလေးတွေရခဲ့ရင်တော့ ဘယ်လိုမှတရားစွဲဆိုစရာလည်း မလိုဘူး။ အဆင်ပြေသွားမှာ" ဟု ကိုမိုးလွင်က သူ့မျှော်လင့်ချက်ကို ပြောပြသည်။ 

ပိုလျှံမြေများ ပြန်လည်ရရှိရေးနှင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေးရရှိရန် မြေသိမ်းခံတောင်သူများက ဆန္ဒပြခဲ့ကြသည့်နည်းတူ လွှတ်တော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့လည်း အကြိမ်ကြိမ်စာတင်ခဲ့ကြသည်။ 

“တောင်သူတွေက ထိခိုက်နစ်နာခဲ့ကြတာလေ။ သူတို့ဘဝတစ်လျှောက်လုံး ဒီမြေ ဒီယာ ဒီလယ်ကွင်းပေါ်မှာပဲ ဘိုးစဉ်ဘောင်ဆက်အသက်မွေးပြီးတော့ လယ်တစ်ရိုးတည်းကိုပဲ စိုက်ခဲ့ပျိုးခဲ့ မိသားစုအသိုက်အမြုံလေးတွေ တည်ဆောက်ခဲ့ကြတာ။ သိမ်းလိုက်ခဲ့အခါ သူတို့ဘဝအသိုက်အမြုံတွေ ပျက်သွားတယ်" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ဩဂုတ် ၁၁ တွင် Myanmar Now ကို ပြောသည်။ 

ပိုလျှံမြေအငြင်းပွားမှု 

စက်ရုံအတွက် ကုန်ကြမ်းဖြစ်သည့် မျိုးကြံစိုက်ပျိုးမြေဖြစ်ခြင်းနှင့် မြေလဲလှယ်စိုက်ပျိုးခြင်းကြောင့် ပိုလျှံမြေမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ဖြေကြားထားသော်လည်း မြေလဲစနစ်ဖြင့် စိုက်ပျိုးနေခြင်းမဟုတ်ဟု ဒေသခံများက ယုံကြည်နေကြသည်။ 

စက်ရုံစီမံကိန်းအတွက် သိမ်းဆည်းခဲ့သည့်မြေများမှာ သဲဆန်သည့် လယ်မြေများဖြစ်သည့်အတွက် ကြံစိုက်ပျိုးရန် သင့်လျော်သည့် မြေမဟုတ်ဟုလည်း ဒေသခံများက ဆိုသည်။ 

"သဲကျတ်တီး (ကျတ်တီးမြေ) တွေဆိုတော့ ရေလောင်းလေ မာလေကျစ်လေ။ ကြံမတတ်တော့ဘူး။ စပါးဆိုတာက ပျိုးနုတ်မြေကြီးပေါ်တင်ထားရုံနဲ့ မြေကြီးက အစိုဓာတ်ရှိရင် ကပ်ပြီးအမြစ်ဆွဲသွားတာ။ စပါးပင်အမြစ်က နှစ်လက်မ မဝင်ဘူး။ ကြံက အဲလိုမဟုတ်ဘူး။ ဒီမြေမျိုးနဲ့ကြံက ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတယ်" ဟု ချောင်းကန်ကျေးရွာမှ ဦးအောင်ကျော်ဌေးက ပြောသည်။ 

စက်ရုံနယ်နိမိတ်အတွင်း မည်သည့်အပင်မျှ စိုက်ပျိုးထားခြင်းမရှိသည့် လယ်ကွင်းများရှိနေသည့်အပြင် ပိုလျှံမြေပေါ်တွင် စက်ရုံက သီးစားချထားခြင်းအပေါ် ဒေသခံများက ကျေနပ်မှုမရှိကြောင်း ဒေါက်တာကျော်သူဟန်ထွန်းက ပြောသည်။ 

“နှစ်စဉ်မစိုက်ဘူး။ စက်ရုံက ပြောင်းတို့၊ နှမ်းတို့စိုက်ပြီး သူတို့အတွက်သုံးတယ်။ အဲ့ဒါကို တောင်သူတွေက တော်တော်မကျေမနပ်ဖြစ်တယ်။ ပြီးခဲ့တဲ့အစိုးရသက်တမ်းက တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးခဲ့တာရှိတယ်” ဟု ၎င်းက ထောက်ပြသည်။

အဆိုပါသိမ်းဆည်းမြေနှင့်ပတ်သက်၍ မေးမြန်းခွင့်ရရန် သကြားစက်ရုံတာဝန်ရှိသူများထံ Myanmar Now က ဇူလိုင် ၂၃ တွင် တရားဝင်စာတင်ခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိပေ။ 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ တပ်မြေနှင့် စပ်လျဉ်းသည့် မူဝါဒတွင် “တပ်ပိုင်မြေအဖြစ် ပိုမိုသိမ်းဆည်းထားသည့် မြေများတွင် အရပ်သားများကို သီးစားချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများ လုံးဝမပြုလုပ်ရန်” ဟု ပါရှိသည်။ 

ကန့်ဘလူသကြားစက်ရုံက သီးစားချထားသည့် ကြံစိုက်ခင်းသို့ နွားများဝင်ရောက်ဖျက်ဆီးမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ဒေသခံတောင်သူသုံးဦး တရားစွဲခံခဲ့ရပြီး ငွေကျပ် ၂၇ သိန်း ပေးလျော်ခဲ့ရသည်။ 

သိမ်းဆည်းမြေ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက လွှတ်တော်၌ ပြန်လည်ဖြေကြားပြီးနောက် နောက်တစ်ဆင့်တိုးမြှင့်လုပ်ဆောင်ရန် ဒေသခံများက ကြိုးပမ်းလျက်ရှိသည်။ 

“ဥပဒေဘောင်ထဲကနေ ဆက်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ MEC ကို တောင်သူအဖွဲ့က တရားစွဲဖို့ စုရုံးနေကြတယ်” ဟု ဦးအောင်ကျော်ဌေးက ပြောသည်။ 

ကန့်ဘလူသကြားစက် မြေသိမ်းဆည်းမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်၌လည်း ထိုအချိန်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် လက်ရှိစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မေးမြန်းခဲ့ဖူးသည်။ 

သိမ်းဆည်းစဉ်က ဥပဒေနှင့်မညီသည့်အတွက် နစ်နာကြေးပေးရန် မြေပြင်တွင်ကွင်းဆင်းဆောင်ရွက်နေသည်ဟု ထိုစဉ်က (၂၀၁၃ နိုဝင်ဘာ) လွှတ်တော်၌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြန်လည်ဖြေကြားခဲ့သည်။ 

သို့သော် ၇ နှစ်ကြာပြီးသည့်တိုင် တောင်သူများတောင်းဆိုထားသည့် ကာလပေါက်ဈေးနှင့်ညီမျှသော လျော်ကြေးငွေ မရရှိသေးပေ။  

လွှတ်တော်သက်တမ်းနှစ်ခုအတွင်း ဝန်ကြီးဌာနတစ်ခုတည်း (ကာကွယ်ရေးဝန်ကြီးဌာန)၏အဖြေ ကွဲလွဲနေသည်မှာ 'လုံးဝ လက်ခံနိုင်စရာမရှိဘူး' ဟု ဒေါက်တာ ကျော်သူဟန်ထွန်းက ပြောသည်။ 

“တကယ်တမ်း တပ်မတော်ကို ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရတွေက ကောင်းကောင်းမွန်မွန် ညှိနှိုင်းပေါင်းစပ်လို့ ရပြီဆိုရင် ဒီပြဿနာတွေက ပြေလည်သွားမယ်လို့ထင်တယ်။ အခုတော့ ဗဟိုမြေစစ်က ဒီလိုဆုံးဖြတ်ချက်ချလည်း တပ်မတော်က မလိုက်နာဘူး။ မလိုက်နာတော့ ဘာဖြစ်လဲဆိုတဲ့ပုံစံက ပြဿနာ တော်တော်လည်းကြီးပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading