စက်လှေပြန်တွေ့သဖြင့် အမှုဖွင့်ပြီး တစ်နာရီအကြာတွင် အမှုပိတ်ခဲ့သော်လည်း ရဲစခန်းက လက်မခံဘဲ စွပ်စွဲခံရသူကို ဆက်လက်ထိန်းသိမ်းပြီး ရိုက်နှက်စစ်ဆေးခဲ့မှုကြောင့် သေဆုံးခဲ့သည်ဟု မိသားစုဝင်များက ပြောသည်
စက်လှေခိုးမှုဖြင့် စွပ်စွဲခံရသူ ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦး ရဲအချုပ်တွင် သုံးရက်ကြာ ရိုက်နှက်စစ်ဆေးခံရပြီးနောက် သေဆုံးခဲ့မှုကို ဧရာဝတီတိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးရှိ ဒုရဲမှူးကြီးထွန်းရွှေက ပြောသည်။
ကိုကျော်သက်ဦးသည် စက်လှေခိုးမှုသံသယဖြင့် ဩဂုတ် ၆ ညနေပိုင်းတွင် ဘိုကလေးမြို့နယ် မြင်းကကုန်းနယ်မြေရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီး သုံးရက်အကြာ ဩဂုတ် ၉ မနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

မြင်းကကုန်းနယ်မြေရဲစခန်းအချုပ်တွင် ရဲစခန်းမှုးအပါအဝင် ရဲဝန်ထမ်း လေးဦးက ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီးနောက် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု မိသားစုဝင်များက စွပ်စွဲထားသည်။
ယခုအမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး ရဲအချုပ်အတွင်း သေဆုံးသဖြင့် နစ်နာသည်ဟု ယူဆပါက ကာယကံရှင်များကိုယ်တိုင် တိုင်ကြားနိုင်သည်ဟု ဒုရဲမှူးကြီးထွန်းရွှေက ပြောသည်။


“တိုင်တဲ့အလုပ်ကတော့ သူတို့အလုပ်ပဲလေ။ စစ်ရမယ့်အလုပ်က ကျွန်တော်တို့အလုပ်ပါ။ ကျူးလွန်လို့ရှိရင်တော့ ကျွန်တော်တို့က အရေးယူရမှာပေါ့” ဟု ၎င်းက ပြောသည်။
သေဆုံးသူ ကိုကျော်သက်ဦးသည် စစ်တပ်မှ အပြီးနုတ်ထွက်ထားသူတစ်ဦးဖြစ်ပြီး မြင်းကကုန်းကျေးရွာသို့ ပြန်ရောက်သည်မှာ တစ်လခန့်သာကြာသေးသဖြင့် ဒေသခံများက ၎င်းကို ကောင်းစွာ မသိရှိကြကြောင်း၊ စက်လှေယူစီးသည်ကို ခိုးသည်ဟု ထင်မှတ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်သူ ၎င်း၏ဦးလေး ဦးအငယ်လေးက ပြောသည်။


ကိုကျော်သက်ဦးကို စက်လှေခိုးမှုဖြင့် အမှုဖွင့်ပြီး တစ်နာရီခန့်အကြာတွင် ၎င်းနှင့် ဆွေမျိုးတော်စပ်သည်ဟု သိရှိရသည့်အပြင် စက်လှေလည်း ပြန်တွေ့သဖြင့် အမှုပြန်ပိတ်ခဲ့သော်လည်း ရဲစခန်းက အမှုပိတ်မပေးခဲ့ကြောင်း အမှုဖွင့်သူ ဦးအငယ်လေးက ဆိုသည်။
သေဆုံးသူ၏ဖခင် ဦးဖိုးလုံးက ၎င်း၏သားကိုတွေ့လိုသဖြင့် ရဲစခန်းအတွင်း အချုပ်ခံထားရစဉ် တစ်ရက်လျှင် သုံးကြိမ်ခန့် သွားရောက် တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရခဲ့ကြောင်းပြောသည်။
“အမှုဖွင့်တဲ့ ကာယကံရှင် ပြန်အမှုပိတ်တော့လည်း ‘ဒါ ခင်ဗျားနဲ့ မဆိုင်တော့ဘူး။ ကာယကံရှင်နဲ့ပဲ ဆိုင်တယ်’ ဆိုပြီး အမှုပိတ်မခံဘူး။ ကျွန်တော်တို့မိဘတွေ သွားတွေ့တော့လည်း အတွေ့မခံဘူး။ သေတဲ့အထိကို ကျွန်တော်တို့ တွေ့ခွင့်မရခဲ့ဘူး” ဟု ဦးဖိုးလုံးကပြောသည်။
၎င်း၏သား သေဆုံးပြီး ဩဂုတ် ၉ တွင် ရင်ခွဲရုံရောက်မှသာ အလောင်းကိုကြည့်ရှုခွင့်ရခဲ့ပြီး ကိုယ်ပေါ်တွင်တွေ့ရသည့် ဒဏ်ရာများအရ ၎င်း၏သားကို မသေမချင်း တာဝန်ကျရဲဝန်ထမ်းများက ရိုက်နှက်နှိပ်စက်ခဲ့သည်ဟု ထင်မှတ်ကြောင်း ဦးဖိုးလုံးက ပြောသည်။
လက်ရှိတွင် သေသူအလောင်းကို မြင်းကကုန်းဆေးရုံ၌ ရင်ခွဲစစ်ဆေးခဲ့ပြီး ဆေးစစ်ချက်ကို ရက်သတ္တပတ်ခန့်အကြာတွင် ရနိုင်မည်ဟု ရဲစခန်းတာဝန်ရှိသူက ဆိုကြောင်း ဦးဖိုးလုံးကပြောသည်။
“ဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးတဲ့ အဖြေတော့ပေါ်လာမှာပေါ့။ Facebook ပေါ်မှာတွေ့နေတဲ့ နံရိုးတွေကျိုးသွားတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးတော့ ဒါကတော့ Facebook ပေါ်စာသားပဲလေ” ဟု သေသူ၏ ဒဏ်ရာများနှင့် ပတ်သက်၍ ဒုရဲမှူးကြီးထွန်းရွှေက မှတ်ချက်ပြုသည်။
ကိုကျော်သက်ဦးကို ရဲဝန်ထမ်းလေးဦးက “နေ့ညမနား” အလှည့်ကျရိုက်နှက်ခဲ့သည်ကို ၎င်းအချုပ်ကျနေစဉ်အတွင်း မြင်တွေ့ခဲ့ရသည်ဟု ထိုရဲစခန်းအချုပ်တွင်ပင် ပစ္စည်းပျောက်မှုကြောင့် တစ်ညနှင့်နှစ်ရက် အချုပ်ခံခဲ့ရသော ၆၆ နှစ်အရွယ် ဦးကျော်သောင်းက ဆိုသည်။
ထိုရဲဝန်ထမ်းလေးဦးက ၎င်းကို ည ၈ နာရီမှ ၁၂ နာရီအထိ ရိုက်နှက်ခဲ့ပြီးနောက် ကိုကျော်သက်ဦးထံ သွားရောက်ပြီး ဆက်လက်ရိုက်နှက်နှိပ်စက်ခဲ့ကြသည်ဟု ဦးကျော်သောင်းကပြောသည်။
“ဒူးခေါင်းအောက်မှာ ကျောက်စရစ်ခဲတွေခံပြီးတော့ ကျွန်တော့်ကို ချတယ်။ စစ်တော့ ကျွန်တော်မှန်တာပြောပြန်တော့လည်း ဖိနပ်ချွတ်ပြီးတော့ ပါးကို ဘယ်ပြန် ညာပြန်ရိုက်တယ်။ ကျွန်တော့်ကို ရိုက်ပြီးပြီဆို အချုပ်ထဲထည့်ပြီးတော့ ကျော်သက်ဦးကိုလည်း ကျွန်တော့်လိုထားပြီးတော့ လက်ကိုနောက်ပစ်ပြီး လက်ထိပ်လည်းခတ်ထားတယ်။ ခြေထောက်တွေလည်း ခတ်ထားတယ်။ သူတို့ အဲ့ဒီကတည်းက ရိုက်တာ မိုးလင်းတဲ့အထိ မပြီးတော့ဘူး။ ကောင်လေးဆိုရင် ‘နာလွန်းလို့ သေပါပြီဗျာ’ဆိုပြီး အော်သံကို ကျွန်တော်သေးပေါက်ထတော့ ကြားလိုက်ရတယ်” ဟု ဦးကျော်သောင်းက ပြောသည်။
ကိုကျော်သက်ဦးသည် ၂၀၁၅ တွင် စစ်တပ်ထဲဝင်ခဲ့ပြီး ကိုယ်ပိုင်နံပါတ် တ-၅၁၂၇၀၄ ဖြင့် ဗဟန်း ၉၀၅ တပ်တွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ခြေထောက်ဒဏ်ရာရသဖြင့် ဆေးမှတ်ချက်ဖြင့် တပ်မှထွက်လာသူဖြစ်ပြီး ၎င်းသည် ၅နှစ်ခန့်သာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဆေးပင်စင်လစာ ခံစားခွင့်မရဟု ဦးဖိုးလုံးက ပြောသည်။
အိမ်ခြေ ၂,၀၀၀ ခန့်ရှိသည့် မြင်းကကုန်းကျေးရွာသည် ဧရာဝတီမြစ်နံဘေးတွင် ရှိပြီး ဘိုကလေးမြို့မှ ကိုးမိုင်ခန့်အကွာတွင် ရှိသည်။ ယင်းရဲစခန်းတွင် ရဲဝန်ထမ်း ၁၀ ဦးခန့်ရှိပြီး အချုပ်သား သေဆုံးမှုဖြစ်စဉ်များလည်းရှိရာ ယခုသေဆုံးမှုသည် သုံးကြိမ်မြောက်ဟု ဒေသခံများကဆိုသည်။
ယခုအမှုဖြစ်စဉ်တွင် ဦးဆောင်ပါဝင်နှိပ်စက်သူဟု သေဆုံးသူ၏ ဖခင်က စွပ်စွဲထားသည့် မြင်းကကုန်းရဲစခန်းမှူး ရဲအုပ်ဇော်မျိုးထက်သည် ထိုရွာသို့ တာဝန်ကျပြောင်းရွှေ့လာသည်မှာ တစ်လခန့်သာရှိသေးသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် သားဖြစ်သူသေဆုံးမှုနှင့်ပတ်သက်ပြီး တိုင်းရဲမှူးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဟု ဦးဖိုးလုံးက ပြောသည်။
"ဘာမှမသိရဘဲ ကလေး သေဆုံးသွားတယ်။ ဒီအတိုင်း ဆက်အေးသွားရင် ကျွန်တော်တို့ဘက်မှာ အရမ်းနစ်နာသွားမယ်လေ" ဟု ၎င်းက ပြောသည်။
ထိုသို့ အချုပ်အတွင်းသေဆုံးသူ ကိုကျော်သက်ဦးနှင့်ပတ်သက်၍ တရားမျှတမှုဖော်ဆောင်ပေးရန် တစ်ရွာတည်းနေ ၇၅နှစ်အရွယ် ဦးသန်းမြင့်က ထိုကျေးရွာတွင်ပင် ယမန်နေ့က တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
ပြီးခဲ့သည့် နှစ်များတွင်လည်း ဧရာဝတီတိုင်းအတွင်းရှိ ရဲအချုပ်ခန်းများတွင် ရိုက်နှက် နှိပ်စက်စစ်ဆေးခံရမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် အနာတရဖြစ်မှုများ ရှိသော်လည်း ကျူးလွန်သူ ရဲဝန်ထမ်းများကို အရေးယူမှု အားနည်းသည်။
၂၀၁၈ ဇွန်အတွင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ငါးဖမ်းပိုက်များ ပျောက်ဆုံးမှုဖြင့် ခေါ်ယူစစ်ဆေးခံရသော ကိုဇော်မင်းထွန်းဆိုသူ သေဆုံးခဲ့သည်။
၂၀၁၉ မတ်လအတွင်း မူးယစ်ရမ်းကားနေသဖြင့် ဝါးခယ်မရဲစခန်းတွင် ထိန်းသိမ်းထားရာမှ ဦးကျော်အေးဆိုသူမှာ အချုပ်ခံရပြီး တစ်ပတ်အကြာတွင် ဦးခေါင်းဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့၏ နှိပ်စက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြေရှင်းပေးရသည့် ဧရာဝတီတိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်ရန်လည်း စီစဉ်နေသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











