ဝရမ်းပြေးဘူးလက်လှဆွေပိုင် ဂျာနယ်၏ အဓိကကြော်ငြာရှင်မှာ တပ်မတော်ဖြစ်နေ

ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးလှဆွေထုတ်ဝေခဲ့သည့် Bullet ဂျာနယ်နှင့် ဆင်တူယိုးမှား Golden Hand News ဂျာနယ်တို့၏ မျက်နှာဖုံးကြော်ငြာ အများစုမှာ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများဖြစ်  

Published on Aug 8, 2020
Published on Aug 8, 2020

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေထုတ်ဝေခဲ့သည့် Bullet News ဂျာနယ်နှင့် ဆင်တိုးယိုးမှား Golden Hand News ဂျာနယ်တို့တွင် တပ်မတော်စီးပွားရေးလုပ်ငန်း ကြော်ငြာများ အစဉ်တစိုက်ထည့်သွင်းခဲ့သည်။ 

ထိုဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိအစိုးရအပေါ် ရင့်ရင့်သီးသီးဝေဖန် ပုတ်ခတ်သည့်အရေးအသားများ ထည့်သွင်းဖော်ပြလေ့ရှိပြီး Bullet ဂျာနယ် ၁၅စောင်နှင့် Golden Hand ဂျာနယ် ၁၈ စောင်ကို Myanmar Now က အသေးစိတ်လေ့လာစိစစ်ခဲ့သည်။ 

ထိုဂျာနယ်များတွင် “အကြောင်းကရက်ဆက်မဟန် ဒေါင်းမ ပက်လက်လန်”၊ “အတိုင်ပင်ခံဆိုတာ ဘာလဲ၊ ဘယ်လဲ” ကဲ့သို့သော ခေါင်းစဉ်များ၊ မျက်နှာဖုံးခေါင်းစီးများ၊ တိုင်းပြည်၌ တပ်မတော်၏ နိုင်ငံရေးပါဝင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း အထူးပြုရေးသားထားသည့် ဆောင်းပါးများ ပါဝင်လေ့ရှိပြီး အဓိကကြော်ငြာရှင်မှာလည်း တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်း (MEC) တို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

Bullet ဂျာနယ်ကို ထုတ်ဝေသူမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းအဖြစ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ဦးလှဆွေဖြစ်သည်။ 

၂၀၁၃ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်၌ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် အဆိုတစ်ခုဆွေးနွေးရာတွင် ဦးလှဆွေက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ရွှေလက်ဖြင့် ခေါ်လို့မလာလျှင် ဘူးလက် (Bullet) ဖြင့်ခေါ်မည်ဟု ပြောဆိုခဲ့သဖြင့် ဘူးလက်လှဆွေဟု စတင်ခေါ်ဝေါ်သမုတ်ခြင်း ခံခဲ့ရသူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးလှဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်းကို ၎င်းမဲဆန္ဒနယ်၌ပင် အရေးနိမ့်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဦးလှဆွေသည် ပြန်ကြားရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ပြီးနောက် Bullet News Journal ကို ထုတ်ဝေခဲ့သည်။ 

ဘူးလက်လှဆွေထုတ်ဝေသည့် ထိုဘူးလက်ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်သည့်အရေးအသားများ ရဲရဲတင်းတင်း ထည့်သွင်းဖော်ပြခဲ့သည်။ 

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့လယ်ဆန္ဒပြပွဲတွင် ဘူးလက်လှဆွေက အစိုးရအဖွဲ့ အကြီးအကဲများရုံးထိုင်ရာ နေရာများပေါ်မှ အမေရိကန်က ဗုံးကြဲစေချင်ကြောင်း၊ အစိုးရအဖွဲ့ဝင်များကိုရည်ညွှန်းကာ “အကုန်လုံးသေပါစေ၊ အေးရော” ဟူသော  စကားလုံးများဖြင့် တက်ရောက်ဟောပြောခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။ 

ဖမ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ဘူးလက်လှဆွေမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။ ၎င်းကို ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ ရဲတပ်ဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးထံ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ဝရမ်းပြန်အပ်ခဲ့သည်။ 

ယနေ့တိုင် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည့် ဘူးလက်လှဆွေ၏ Bullet ဂျာနယ်မှာ ၎င်းကို ဖမ်းဝရမ်းထုတ်ပြီး နှစ်လနီးပါးကြာသည်အထိ အရှိန်မပြတ် ထွက်ရှိခဲ့သည်။ 

ဂျာနယ်ပုံမှန်ထွက်ရက်ဖြစ်သည့် ၂၀၁၉ အောက်တိုဘာ ၂၄ ရက်တွင်မူ Bullet ဂျာနယ်အစား ဦးလှဆွေ၏ နောက်ထပ်နာမည်ကျော်စကားလုံးတစ်ခုဖြစ်သည့် 'ရွှေလက်' ဟု အဓိပ္ပာယ်ရသည့် 'Golden Hand' ဂျာနယ် စတင်ထွက်ရှိလာသည်။ 

အဆိုပါဂျာနယ်အသစ်မှာ ဦးလှဆွေ၏ Bullet ဂျာနယ်နှင့် မျက်နှာဖုံးဒီဇိုင်း၊ တင်ဆက်ပုံ ဆင်တူနေသည့်အပြင် ရုံးအဖွဲ့၊ သတင်းအဖွဲ့၊ စာစီ၊ ဖြန့်ချိရေး ဝန်ထမ်းအားလုံးနီးပါးမှာလည်း ထပ်တူဖြစ်ပြီး ထုတ်ဝေသူနှင့် ထုတ်ဝေခွင့်လိုင်စင်အမှတ်သာ ပြောင်းလဲခဲ့သည်။ 

အဆိုပါဂျာနယ်နှစ်စောင်လုံး၏ အုပ်ချုပ်မှုအယ်ဒီတာမှာ ဦးသောင်းအေးဆိုသူဖြစ်ပြီး ဂျာနယ်တိုက်၏ ဥပဒေအကြံပေးမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဝင်းမြင့်ဖြစ်သည်။ 

Golden Hand News Journal ထုတ်ဝေသူနေရာတွင် ဦးလှဝင်းမောင်ဟုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ဦးလှဆွေဖမ်းဝရမ်းထုတ်ခံရပြီး တစ်လခန့်အကြာ ၂၀၁၉၊ စက်တင်ဘာ ၂၀ ရက်တွင် တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည်။

အဆိုပါဂျာနယ်နှစ်စောင်တွင် သတင်းအဖွဲ့ဝင်များ တူညီနေသည်နှင့်ပတ်သက်၍ တာဝန်ခံအယ်ဒီတာအဖြစ် ထမ်းဆောင်သူ ဦးအုပ်စိုးစံကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် “ဘဏ္ဍာရေးအခက်အခဲရှိလာချိန်မှာ ထုတ်ဝေသူနောက်တစ်ယောက် ပေါ်လာတော့ တစ်ဖွဲ့လုံး ပြောင်းရွှေ့လိုက်တဲ့သဘောမျိုးပါ။ ဘဏ္ဍာရေးအရ ပတ်သက်မှုမရှိတဲ့အတွက် အခုဂျာနယ် (Golden Hand News Journal) နဲ့ ဦးလှဆွေနဲ့ မဆိုင်ပါဘူး”ဟု ပြောသည်။

ဦးလှဆွေကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းမထုတ်မီ တစ်လခန့်အလို ၂၀၁၉ ဇူလိုင်လအတွင်း ထုတ်ဝေသည့် Bullet ဂျာနယ်မျက်နှာဖုံးတွင် “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး”ဟု ခေါင်းစဉ်တပ်ထားသည့် ဆောင်းပါးတစ်ပုဒ်ပါဝင်ပြီး တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်က လုပ်ကိုင်နေသည့် ရန်ကုန်မြို့လယ်ရှိ Central Hotel ကြော်ငြာကိုလည်း ထည့်သွင်းထားသည်။

အထက်ပါခေါင်းစဉ်ဖြင့်ဆောင်းပါးကို “ပါတီစုံဒီမိုကရေစီနိုင်ငံရေးမှာ အတိုက်အခံဘဝက အာဏာရပါတီကို လူထုထောက်ခံမှုကျဆင်းအောင် ထိုးနှက်ချက်တွေဟာ ကိုယ်တိုင်အာဏာရလာတဲ့အခါ ပြန်လည်ထိုးနှက်ခံရမယ့်အချက်တွေ ဖြစ်လာတတ်တာ မဆန်းပါဘူး”ဟူသော ကောက်စာဖြင့် မျက်နှာဖုံးတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဦးလှဆွေ ဖမ်းဝရမ်းထုတ်ခံရပြီး နောက်တစ်ရက် ၂၀၁၉ ဩဂုတ် ၈ ရက်နေ့ထုတ် ဂျာနယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် အမှုဖွင့်ခံခဲ့ရသော ရန်ကုန်မြို့လယ် ဟောပြောပွဲမှ ၎င်း၏ပြောဆိုချက်ကို ကောက်နုတ်ထားသည့်“အိမ်တွင်းနတ်ကသာ တန်ခိုးရှိရင် အဲ့ဒီအိမ်မှာ ဘယ်မိစ္ဆာကပြုစားနိုင်မှာလဲဟု ဘူးလက်လှဆွေက ပြော” ဟူသော သတင်းတစ်ပုဒ် ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။ 

ထို့အတူ စာမျက်နှာ ၁၅ တွင်လည်း ဦးလှဆွေကလောင်အမည်ဖြင့် NLD အစိုးရလက်ထက် ဝန်ထမ်းရာထူးတိုးပေးမှု အချို့အပေါ် ဝေဖန်ထားသည့် “ဘုလက်မှာတမ်း”ဟူသော စာတစ်ပုဒ်ပါဝင်ပြီး အခမ်းအနားတစ်ခုတွင် ဟောပြောနေသည့် ၎င်း၏ဓာတ်ပုံကိုပါ အသုံးပြုထားသည်။

တာဝန်ခံအယ်ဒီတာ ဦးအုပ်စိုးစံကမူ "ဂျာနယ်အသစ်အတွက် ပရိသတ်ကို စွဲဆောင်နိုင်ဖို့ အဟောင်းကို ပြန်သုံးထားတာပါ။ ဂျာနယ်အသစ်မှာ စာမျက်နှာနဲ့ စာမူမပြည့်တဲ့ ပြဿနာလည်းရှိတယ်လေ။ သူ့အပြင် တခြားစာမူအဟောင်းတွေလည်း ပါသေးတယ်”ဟု ပြောသည်။

အထက်ပါ Bullet ဂျာနယ်မျက်နှာဖုံးတွင်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၎င်း၏ ဗီဂါပလတ်စတစ် လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ(စဉ့်ကိုင်)မှ ထုတ်ကုန်များကို ကြော်ငြာထားသည်။

ထို့အတူ နောက်တစ်ပတ်ထုတ် Bullet ဂျာနယ်တွင် “ဘယ်သူမှနောက်ပြန် မလှည့်ချင်ကြပေမယ့် ရှေ့ဆက်သွားရင် ချောက်ထဲကျမှာ သေချာပြီဆိုရင်တော့ နောက်ပြန်လှည့်ကြရတာပဲမဟုတ်လား” ဟူသည့် အရေးအသားများပါဝင်သော ဆောင်းပါးတစ်ပုဒ်ပါဝင်သည်။

အထက်ပါဆောင်းပါး၏ခေါင်းစဉ်မှာ “ချောက်ထဲကျမှာ သေချာနေရင် နောက်ပြန်လှည့်ရန် ဝန်မလေးသင့်” ဖြစ်ပြီး ဂျာနယ်မျက်နှာဖုံးတွင် မြန်မာ့စီးပွားရေးဦးပိုင်၏ MYAWADDY TRADING LIMITED ကြော်ငြာ ထည့်သွင်းထားသည်။

ထို့အတူ 'ကကြိုးပြောင်းသည့် ဒေါင်းနတ်မယ်' ဟူသော ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် Bullet ဂျာနယ်တွင် ဖော်ပြခဲ့သည်။ 

အထက်ပါဆောင်းပါးကို 'မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့လည်း အာဏာရပါတီက မမှန်မကန် မဟုတ်မဟတ်တွေလုပ်နေရင် ငါ့မြင်းငါ့စိုင်း စစ်ကိုင်းရောက်ရောက်လုပ်နေရင် အတိုက်အခံတွေကိုပဲ မဲပေးလိုက်ခြင်းအားဖြင့် အာဏာရပါတီကို အာဏာမဲ့သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်' ဟူသော ကောက်စာဖြင့် လှုံ့ဆော်ရေးသားထားသည်။ 

နောက်ဆုံးထုတ်ဝေခဲ့သည့် Bullet ဂျာနယ်မျက်နှာဖုံးတွင်လည်း “သူလည်းသိ ငါလည်းသိ အများလည်းသိ ဆင်ခြင်ဉာဏ်နဲ့ဆုံးဖြတ်ကြ”ဟူသော ဆောင်းပါးကို “နိုင်ငံရေးလုပ်စားပွဲတွေမှာ တပ်မတော်က ပါတီတွေကြား ညပ်နေတယ်။ တပ်မတော်သာ နိုင်ငံရေးမျက်ခြေပြတ်သွားရင် တိုင်းပြည်ရဲ့အခြေအနေဟာ စုတ်ပြတ်သတ်သွားနိုင်တယ်” ဟူသော ကောက်စာဖြင့် ဖော်ပြထားပြီး MYAWADDY TRADING LIMITED ကြော်ငြာလည်း ထပ်မံထည့်သွင်းထားသည်။ 

၂၀၁၉ အောက်တိုဘာ ၂၄ ရက်တွင်  Golden Hand ဂျာနယ် စတင်ထွက်ရှိလာသည့်အခါတွင်လည်း မျက်နှာဖုံးကြေညာရှင်မှာ တပ်မတော်ပိုင် မြဝတီဘဏ်လီမိတက်ပင်ဖြစ်သည်။ 

Golden Hand News ဟူ၍ ပွဲဦးထွက်ခဲ့သည့် အဆိုပါဂျာနယ်တွင် ဦးလှဆွေကလောင်နှင့် ဓာတ်ပုံပါသုံးထားပြီး ဖေ့စ်ဘွတ်ခ်ကိုဝေဖန်ထားသည့်“ ဘုလက်မှာတမ်း” ဟူသော စာတစ်ပုဒ်ပါဝင်ပြီး အယ်ဒီတာမှတ်ချက်တွင် ၁၆.၈.၂၀၁၈ ၌ ဖော်ပြပြီးသည့် စာမူဖြစ်ကြောင်း ရေးသားထားသည်။ 

ထို့အတူ စာမျက်နှာလေးမျက်နှာဖြင့် ရိုက်နှိပ်ထားသည့် အချပ်ပို ရောင်စုံမျက်နှာဖုံးစာမျက်နှာများတွင်လည်း NLD ပါတီဝင် ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်အချို့ကို ရည်ညွှန်းရေးသားထားသည့် “ပေါက်လွှတ်ပဲစား အစိုးရမဖြစ်ဖို့ ပေါက်လွှတ်ပဲစား မပြောကြဖို့လိုသည်” ဟူသော ဆောင်းပါးခေါင်းစဉ်ကို ဖော်ပြထားပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ DAGON LEMON SPARKLING ကြော်ငြာထည့်သွင်းထားသည်။

စစ်အစိုးရလက်ထက် ၁၉၉၇ တွင်စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် လုပ်ငန်းများလုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) သည် ယခုအခါတွင် အစိုးရနှင့်သက်ဆိုင်ခြင်းမရှိတော့ပဲ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း ဇွန် ၂၂ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများက Myanmar Now ကို အတည်ပြုထားပြီးဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးထံမှ “ဒါကတော့ (MEC) တပ်မတော်ပိုင်းဆိုင်ရာနဲ့ သီးသန့်ပဲ သက်ဆိုင်ပါတယ်” ဟု ဆိုသော်လည်း မည်သည့်အချိန်အထိ အစိုးရပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်ခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင်မူ MEC သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းလီမိတက်အမည်ဖြင့် “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” အဖြစ် ၂၀၁၉ နှစ်ဆန်းပိုင်းတွင်မှတ်ပုံတင်ထားသည်ကို တွေ့ရှိရသည်။ 

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှာလည်း ၁၉၉၀ မှစ၍ တပ်မတော်က ထူထောင်ထားခြင်းဖြစ်ပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

"ကြော်ငြာခွင့် တားမြစ်ထားတာတွေကလွဲလို့ လုပ်ငန်းမှန်သမျှဆီကတော့ ကြော်ငြာကောက်တာပါပဲ။ ရရင် ကြော်ငြာမူဝါဒနဲ့ ကိုက်တယ်ဆိုရင် အကုန်ထည့်မှာပဲ" ဟု Golden Hand ဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးအုပ်စိုးစံက ပြောသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading