ပြည်နယ်တစ်ခုလုံးရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပရန် မသေချာသော်လည်း ရခိုင်တိုင်းရင်းသား ပါတီသုံးခုနှင့်အတူ  NLD ပါတီနှင့ USDP ပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည် 

Published on Aug 8, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ မဲရုံတစ်ရုံ (ဓာတ်ပုံ - ဖဒူထွန်းအောင်/Myanmar Now)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်ရှိ မဲရုံတစ်ရုံ (ဓာတ်ပုံ - ဖဒူထွန်းအောင်/Myanmar Now)

တိုက်ပွဲများကြောင့် ပြည်နည်တစ်ခုလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပရန် မသေချာ သေးသော်လည်း ရွေးကောက်ပွဲမှာမူ ပြိုင်ဆိုင်မှုပြင်းထန်မည့်အလားအလာရှိသည်။ 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင် အမျိုးသားပါတီတစ်ခုတည်းသာရှိခဲ့သော်လည်း ၂၀၂၀ တွင်မူ ရခိုင်တိုင်းရင်းသားပါတီ သုံးခုအထိရှိလာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများလည်း ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ပြိုင်ဆိုင်မှုပြင်းထန်မည်ဖြစ်သည်။ 

အကွဲအပြဲဇာတ်လမ်းများနှင့် တစ်ခုထက်ပိုသော ရခိုင်ပါတီများ

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်တိုင်းရင်းသားပါတီ သုံးခုအထိ ရှိနေသည်။ ၎င်းတို့မှာ ရခိုင်တစ်ပြည်လုံးကို ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ပြည် နယ်တောင်ပိုင်းကို အဓိကထားယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့ဖြစ်ကြသည်။ 

ရခိုင်အမျိုးသားပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းတည်ထောင်ခဲ့သည့်ပါတီဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အောင်ပွဲခံခဲ့ကြသည့်ပါတီများဖြစ်ပြီး ရခိုင်လူထုထောက်ခံမှုရရှိခဲ့သည့်ပါတီများလည်း ဖြစ်သည်။

ရခိုင်လူထု၏ဆန္ဒနှင့်အညီ ထိုပါတီနှစ်ခုပူးပေါင်းရေးအတွက် ၂၀၁၃ ခုနှစ် အကုန်ပိုင်းတွင် စတင်ညှိနှိုင်းခဲ့ကြပြီး ၂၀၁၄ တွင် ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းနိုင်ခဲ့ကြသည်။ ပါတီဥက္ကဋ္ဌတာဝန်ကို ဒေါက်တာအေးမောင်က ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၄၅ နေရာအထိ အနိုင်ရရှိခဲ့ပြီး ပြည်နယ်အစိုးရဖွဲ့ရန်ပင် တောင်း ဆိုခဲ့သည်။ 

သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)သည် ထိုလိုး လာချက်ကို လက်မခံဘဲ ၎င်းတို့ပါတီဝင်တစ်ဦးကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်ရသည်ဖြစ်ရာ NLD ပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ 

ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်ရသည်ကို လက်ခံသော်လည်း မည်သည့် လွှတ်တော်ကိုယ်စား လှယ်ကိုမဆို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်သည်ကိုထောက်ပြပြီး ရခိုင်အမျိုးသားပါတီက တောင်းဆိုခဲ့ခြင်းဖြစ် သည်။ ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရလျှင် အစိုးရအဖွဲ့ဝင် ပါဝင်ခြင်းမရှိဘဲ အတိုက်အခံအဖြစ် ရပ်တည်မည်ဟုလည်း ရခိုင်အမျိုးသားပါတီက ကြေညာခဲ့သည်။ 

ထိုကြေညာချက်နှင့်ပတ်သက်၍ ပါတီတွင်းရှိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအခြမ်းက သဘောမတူကြပေ။ သဘောမတူသူများကို ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခဲ့ရာမှစတင်ကာ ပါတီတွင်းအကွဲအပြဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နုတ်ထွက်သူများ၊ ထုတ်ပယ်ခံရသူ များပြားခဲ့သည်။ ထိုထုတ်ပယ်ခံရသူများက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ပြန်လည်ထူထောင်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ဒေါက်တာ‌အေးမောင်သည်လည်း ပါတီမှနုတ်ထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ခဲ့သည်။ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီသည် ၂၀၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီကို အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ 

နိုင်ငံရေးပါတီများ၏ ရခိုင်ရွေးကောက်ပွဲဝင်ပြိုင်မည့်အနေအထား 

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် အဆင်သင့်ပြုလုပ် ထားပြီး တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့် မြို့နယ်များတွင်မူ ရွေးကောက်ပွဲ ဖြစ်မဖြစ် မသိရသေးဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံး တာဝန်ရှိသူများ က ပြောသည်။ 

ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်စုစုပေါင်း ၆၃ ခုရှိပြီး ပြည်သူ့လွှတ်တော်နေရာ ၁၇ ခု၊ အမျိုးသားလွှတ်တော်နေရာ ၁၂ နှင့် ပြည်နယ်လွှတ်တော် ၃၄ နေရာရှိသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည်နယ်အတွင်း အမျိုးသားလွှတ်တော် ၅ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့် ပြည်နယ်လွှတ်တော် ၅ နေရာ ချန်လှပ်ထားသည်ကို တွေ့ရသည်။ 

အာဏာရပါတီက ချန်လှပ်ထားသည့် မဲဆန္ဒ နယ်မြေများမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များဖြစ်ပြီး လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် နေရာများလည်း ဖြစ်သည်။ ကိုယ်စားပြုကိုယ်စားလှယ်လောင်း မရှိသည့်အတွက် အဆိုပါနေရာများတွင် လစ်လပ်နေခြင်း ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်လောင်းစာရင်း အတိအကျထုတ်ပြန်ခြင်း မရှိ သေးသော်လည်း ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး စုစုပေါင်း ၇ နေရာခန့် အနိုင်ရရှိလိမ့်မည်ဟု ပြည်နယ်ပါတီဥက္ကဌ ဒေါက်တာစန်းရွှေက ပြောသည်။ 

"ပြိုင်ဆိုင်မှုက များလာမယ်။ များလာဖို့ဆိုတာက ANP ရှိတယ်။ ALD လည်းရှိတယ်။ ရခိုင်ပါတီ သုံးပါတီ လောက်ရှိတယ်။ NLD ကလည်း ဝင်ပြိုင်မယ်။ ရခိုင်ပါတီတွေအနေနဲ့ မဲကွဲနိုင်စရာရှိတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအပေါ်မှာလည်း ပြည်သူလူထုရဲ့သဘောထားက မူတည်တယ်ပေါ့လေ" ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသား ပါတီ (ANP) သည် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) က ရခိုင်ပြည်နယ်တောင်ပိုင်းကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်ရှိ မဲဆန္ဒယ်နယ် ၆၃ ခုလုံးအတွင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အများစု ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ လူငယ်များကို ပွဲထုတ်လာသည်။ 

ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းအရ လူငယ် ၂၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦး ပါဝင်သည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသာပါဝင်ပြီး လူသစ် ၇၅ ရာခိုင်နှုန်းအထိပါဝင် နေသည့်အတွက် လူစိတ်ဝင်စားမှုလည်း မြင့်တက်နေသည်။ 

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် လူထုထောက်ခံမှုအားကောင်းသော်လည်း တောင်ပိုင်းတွင်မူ ထောက်ခံမှုနည်းပါးသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပြည်နည်တောင်ပိုင်းတွင် အနိုင်ရရှိရန် မျှော်မှန်းထားသည်ဟု ANP ပါတီဥက္ကဌက ဆိုသည်။ 

“၂၀၁၅ ထက် ရခိုင်ပြည်နယ်မှာ ပိုပြီးနိုင်လာမယ်လို့ ယုံကြည်တယ်။ (ရခိုင်ပြည်နယ်တောင်ပိုင်းမှာ) ဒီချုပ်ပါတီ က ၂၀၁၅ မှာပဲ အနိုင်ရရှိခဲ့တာ။ ၂၀၂၀ မှာ အဲဒီမဲဆန္ဒနယ်တွေမှာ အဲဒီရလဒ်အတိုင်း ထွက်လာဖို့လို့ ကျွန်တော် မယူဆ။ ဒါကြောင့် ကျွန်တော်တို့ နိုင်နိုင်ခြေပိုများတယ်လို့ ပြောတာ”ဟု ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) သည် ရခိုင်ပါတီများအနက် အမတ်နေရာအနည်းဆုံးယှဥ်ပြိုင်မည့် ပါတီ ဖြစ်သည်။ အင်အားအနည်းဆုံးဆိုသော်လည်း ထုတ်ပြန်ခဲ့သည့် ကိုယ်စားလှယ်လောင်းစာရင်းကြောင့် လူထု အာရုံစိုက်မှု ရရှိနေသည့်ပါတီလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဟောင်း ‌ဒေါက်တာ တင်မာအောင်သည် ALD ပါတီကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်နေရာအတွက် တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  

ဒေါက်တာတင်မာအောင်သည် လက်ရှိတွင် ဒေါက်တာ စောမြအောင်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်၍ ပညာရေး၊ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသောကြောင့် ပြည်နယ်အတွင်း လူသိများသူ တစ်ယောက်လည်းဖြစ်သည်။ “ဝန်ကြီးချုပ်လောင်း” ဟုပင် ထင်ကြေးပေးမှုများလည်း ရှိနေသည်။ 

ALD ပါတီသည် ရခိုင်တောင်ပိုင်းမြို့နယ်များတွင် ထောက်ခံမှုပိုမိုရရှိမည်ဟု ယုံကြည်နေပြီး မာန်အောင်၊ ရမ်းဗြဲ နှင့် တောင်ကုတ်မြို့နယ်များတွင် လုံးဝအနိုင်ရရှိလိမ့်မည်ဟု မျှော်လင့်ထားသည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) သည် တောင်ကုတ်၊ ဂွနှင့် ကျောက်တော် သုံးမြို့နယ်မှလွဲ၍ ကျန် ၁၄ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၄၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၇) တွင် ထုတ်ပြန်ထားသည်။ 

အဆိုပါမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ပြည်နယ်လွှတ်တော် ၂၅ နေရာ၊ ပြည်သူ့လွှတ်တော် ၁၁ နေရာနှင့် အမျိုးသားလွှတ်တော် ၆ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း AFP ပါတီ၏ ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲများကြားက ရွေးကောက်ပွဲအလားအလာ  

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများ ပြင်းထန်းနေဆဲ မြို့နယ်များတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်မည်ကို နိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိကြသည်။ 

ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် မိမိတို့နှင့်ညှိနှိုင်းရမည်ဟု ယခင်က ပြောကြားထားသော်လည်း လက်ရှိတွင် ထိုဆုံးဖြတ်ချက်ကို ပစ်ပယ်လိုက်ပြီဖြစ်ကာ ညှိနှိုင်းမှုမရှိပါကလည်း ရွေးကောက်ပွဲဖြစ် မြောက်ရေး ထိရောက် သည့် အပစ်အခတ်ရပ်စဲမှု လုပ်ပေးမည်ဟု AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇူလိုင် ၁၂ က ပြုလုပ်ခဲ့ သည့် Chin Cabal Network Channel နှင့် အွန်လိုင်းတွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားထား သည်။ 

“ဒါကတော့ မြန်နိုင်ငံဒီမိုကရေစီ ဖြစ်စဥ်ကို ယုံကြည်လွန်းအားကြီးလို့ ရွေးကောက်ပွဲကို အရမ်းမျှော်လင့်ထားလို့ မဟုတ်ဘူး။ ကိုယ့်အမြင်နဲ့ကိုယ် ဒီရွေးကောက်ပွဲကို  ဖြစ်မြောက်အောင်ရပ်တည်ပေးမယ်ဆိုတဲ့သဘောထားက ရွေးကောက်ပွဲမရှိရင် ပြည်သူတွေအတွက် ကိုယ်စားပြုပြီး စကားပြောဆိုပေးဖို့အတွက် ကိုယ်စားလှယ်တွေ မရှိဘဲ ဖြစ်မယ်။ ဒါဆိုရင် ပြည်သူတွေအတွက် ပိုပြီး အခြေအနေဆိုးသွားမယ်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောခဲ့သည်။ 

ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရပ်တန့်ရန် အစီအစဥ်ရှိသလားဟု တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို မေးမြန်းရာတွင် လိုအပ်သည့်နေရာက လွဲပြီး တခြားနေရာများတွင် အပစ်အခတ် ရပ်စဲထားသည်ဟု ၎င်းက ဇူလိုင် ၁၃ တွင် Myanmar Now ကို ပြောသည်။

“အပစ်အခတ်ရပ်စဲပေးထားတယ်။ လိုအပ်တဲ့နေရာတွေကလွဲပြီး အပစ်အခတ်ရပ်စဲပေးထားတယ်လေဗျ။ ရခိုင်ပြည်နယ်မှာ AA က ဘာလုပ်နေတုန်း၊ ငြိမ်ငြိမ်နေလို့လား” ဟုလည်း ဗိုလ်ချုပ်ထွန်းထွန်းညီက မေးခွန်း ထုတ်သည်။ 

ထိုသို့ တိုက်ပွဲဖြစ်ပွားနေလျှင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ မလုံခြုံသောကြောင့် မဲဆန္ဒရှင်ပြည်သူများအနေ ဖြင့် မဲစာရင်းသွားရောက်ကြည့်ရှုရန်ပင် အခက်အခဲရှိနိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားသည့် အခြေအ နေကို ဦးတည်သွားနိုင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“အဓိက ပြည်သူဘဝလုံခြုံရမယ်။ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူတွေဟာ ခန္ဓာကိုယ်လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ရှိရမယ်။ လုံခြုံမှုမရှိရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ခက်ခဲပါတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု နေ့စဉ်တိုးလာနေသည့် အပြင် ပြီးခဲ့သည့်ရွေးကောက်ပွဲများကြောင့် ပြည်နယ်အတွင်း သိသာသောအပြောင်းအလဲများ မပေါ်ထွက်ခဲ့ သည့်အတွက်လည်း ရွေးကောက်ပွဲအ‌ပေါ်  စိတ်ဝင်စားမှုလျော့နည်းလျက်ရှိသည်။ 

“ကျွန်တော်တော့ မဲမပေးဘူး ဆုံးဖြတ်ထားတယ်။ ဘာလို့လဲဆိုတော့ မဲပေးလိုက်ရင်လည်း သိပ်အကျိုးမရှိဘူး ထင်တယ်။ လွှတ်တော်အမတ်တွေ တက်လာတယ်။ သူတို့အဆိုတွေတင်ပေမယ့် ထိရောက်မှု မရှိဘူးလေ။ အထက်က ပယ်ချလိုက်တာနဲ့ ဘာမှအကျိုးမရှိဘူးလို့ မြင်တယ်" ဟု ပုဏ္ဏားကျွန်းမြို့မှ ကိုစိုးမိုးကျော်က ပြောသည်။

အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ တွင် စတင်ကြေညာခဲ့သော်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဖြင့် လာရောက်ကြည့်ရှုသူအရေအတွက် နည်းပါးသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူက ပြောသည်။ 

ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ တစ်သန်းနှင့်ခြောက်သိန်းကျော်ရှိပြီး မဲရုံပေါင်း ၂၅၉၆ ရုံတွင် တပ်မဲရုံ ၆၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွန်းက ပြောသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိနေပြီး လူနေထိုင်ခြင်း မရှိသည့်ကျေးရွာများတွင် မဲစာရင်းကပ်နိုင်ခြင်း မရှိပေ။ အစိုးရအသိအမှတ်ပြု စစ်ရှောင်စခန်းများတွင် မဲစာရင်း ကပ်ထားသော်လည်း အခြားသော စခန်းများတွင် မဲစာရင်းကပ်ထားခြင်း မရှိပေ။ 

“အစိုးရအသိအမှတ်ပြု ထားတဲ့စခန်းတွေမှာကျတော့ အုပ်ချုပ်မှူးအဖွဲ့အစည်းနဲ့ စခန်းတာဝန်ခံနဲ့ ပြီးတော့ ဒီရွာက ဘယ်နှစ်ယောက်၊ ဟိုရွာက ဘယ်နှစ်ယောက် အတိအကျစာရင်းရှိတယ်ဆိုတော့ ကပ်ပေးလို့ အဆင်ပြေ တာပေါ့။ တစ်ချို့စခန်းတွေ မှာကျတော့ အဲလိုမျိုးမရှိဘူးလေ။ လူဦးရေ မသိ၊ တာဝန်ခံလည်းမသိတော့ သွားကပ် လို့မရဘူး။ ကပ်ရင် မဲစာရင်းတွေ ဖျက်ဆီးခံရမှာပေါ့ ”ဟု ဦးသူရိန်ထွန်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading