ယုန်လေး၏ သီချင်းဗီဒီယိုကို Facebook စာမျက်နှာငါးခုက တစ်ပြိုင်နက်တင်ခဲ့

အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ် သီချင်းဗီဒီယိုကို ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် Facebook စာမျက်နှာနှစ်ခု၊ တပ်မတော်အကြောင်း ထောက်ခံရေးသားနေသည့် စာမျက်နှာငါးခု၊ NLD ကို ရေးသားတိုက်ခိုက်နေသည့် စာမျက်နှာငါးခုကလည်း ပြန်တင်ခဲ့ကြသည်

Published on Aug 6, 2020
"ငါတို့အားလုံးရဲ့မြေ” တေးသီချင်းဗီဒီယိုပါ ဇာတ်ကွက်တစ်ခု
"ငါတို့အားလုံးရဲ့မြေ” တေးသီချင်းဗီဒီယိုပါ ဇာတ်ကွက်တစ်ခု

ဝါဒဖြန့်ချိရေးအသွင်ပေါက်သည့် တေးသီချင်းရုပ်သံကို အဆိုတော်ယုန်လေး၏ Facebook စာမျက်နှာတွင် တင်သည့်အချိန်နှင့် မိနစ်မခြားဘဲ တပ်ချုပ်၏ သမီးဖြစ်သူရှယ်ယာပါသည့် ကုမ္ပဏီနှင့် ၎င်း၏ စီးပွားရေးမိတ်ဖက်များပိုင်ကုမ္ပဏီများ၏ အနုပညာလုပ်ငန်းများအကြောင်း ဖော်ပြပေးနေသည့် Facebook စာမျက်နှာကလည်း တစ်ပြိုင်နက်တည်း လွှင့်တင်ခဲ့သည်။

အချိန်အားဖြင့် ၁၄ မိနစ်ခန့်ကြာမြင့်သည့် “ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီမြန်မာပြည်)” ဂီတဗီဒီယိုကို အဆိုတော်ယုန်လေးက ၎င်း၏ Facebook အကောင့်တွင် ဩဂုတ် ၄ နံနက် ၁၀ နာရီ ၅ မိနစ်တိတိတွင် လွှင့်တင်ခဲ့ပြီး ‘Valentino Entertainment Group’ အမည်ရှိ Facebook စာမျက်နှာကလည်း နံနက် ၁၀ နာရီ ၅ မိနစ်တွင် တစ်ချိန်တည်း လွှင့်တင်ခဲ့သည်။

“Valentino Entertainment Group” Facebook စာမျက်နှာသည် ၂၀၁၆ ဇွန်လကတည်းက “ငကွဲ Vs ငပြဲ” အမည်ဖြင့် စာမျက်နှာပြုလုပ်ထားခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလကုန်အထိ ဟာသဗီဒီယိုများသာ တင်နေခဲ့သည်။ ၂၀၂၀ မတ် ၂၄ တွင် Valentino Movie Entertainment ဟု စာမျက်နှာအမည်ကို စတင်ပြောင်းလဲခဲ့ပြီး ဧပြီတွင် ‘Valentino Entertainment Group’ ဟု အမည်ထပ်မံပြောင်းလဲခဲ့သည်။ အဆိုပါစာမျက်နှာကို Follow လုပ်ထားသူအရေအတွက် ၄ သိန်းခွဲကျော် ရှိသည်။

အဆိုပါ Facebook စာမျက်နှာသည် ၂၀၂၀ မတ်လမှစတင်ကာ Myanmar Media 7 ၊ V7 Entertainment ၊ King 7 Dynasty Production နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သမီးရှယ်ယာပါဝင်ထားသည့် 7th Sense Creation တို့က စီစဉ်ထုတ်လုပ်သည့် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ၏ နမူနာအမြည်း (trailer) များ၊ ယုန်လေးအပါအဝင် အဆိုတော်အချို့၏ သီချင်းဗီဒီယိုများအများစုကိုသာ ဆက်တိုက်ထုတ်လွှင့်လာခဲ့သည်။

တပ်ချုပ်၏သမီး ဒေါ်ခင်သီရိသက်မွန်၊ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဦးစံကိုကိုတင့်ဆန်းတို့နှင့်အတူ 7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးကို ပူးပေါင်းထူထောင်ထားကြသည့် ဦးဝေမင်းမောင်နှင့် ဦးနိုင်ဖြိုးကျော် (ခေါ်) ဦးကိုကိုနိုင်တို့က Myanmar Media 7 ၊ King 7 Dynasty Production နှင့် V7 Entertainment ထုတ်လုပ်ရေးကုမ္ပဏီတို့ကို ပိုင်ဆိုင်သည်။

ထိုတေးသရုပ်ဖော်ရုပ်သံတွင် ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားပြီး မျက်နှာဖုံးစွပ်မသမာသူအချို့က လုပ်ကြံရာ တပ်မတော်က လာရောက်ကယ်တင်လိုက်သည်ဟု ဇာတ်အိမ်ဆင်ထားသည်။

ထိုတေးသရုပ်ဖော်ရုပ်သံကို “Valentino Entertainment Group” အပါအဝင် “Yone Lay” ၊ “Special 9” ၊ “သတိ - အန္တရာယ်ရှိသည်” နှင့် “Original Gangster” စသည့် Facebook မျက်နှာငါးခုက တပြိုင်နက်တည်း တင်ခဲ့သည်။

“Yone Lay” စာမျက်နှာမှာ အဆိုတော်ယုန်လေး၏ တရားဝင်စာမျက်နှာဖြစ်ပြီး “သတိ - အန္တရာယ်ရှိသည်” နှင့် “Special 9” တို့မှာ ယုန်လေးက ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးထားသည့် ရုပ်ရှင်ကားများ၏အမည်ဖြင့် ဖွင့်ထားသော Facebook စာမျက်နှာများဖြစ်သည်။ “Original Gangster” စာမျက်နှာသည်လည်း ယုန်လေး ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားအမည်ဖြင့် ဖွင့်ထားခြင်းဖြစ်သည်။

ယုန်လေးသည် အဆိုပါအငြင်းပွားဖွယ်ဂီတဗီဒီယိုကို ၎င်း၏ အကောင့်နှင့် Original Gangster စာမျက်နှာတွင် ဩဂုတ် ၅ မနက်ပိုင်းအထိ တင်ထားခဲ့ပြီး ဂီတဗီဒီယိုနှင့် ပတ်သက်၍ မွန်းလွဲပိုင်းတွင် Live လွှင့်တောင်းပန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့သည်။ ယုန်လေးက ဂီတဗီဒီယိုကို ၎င်း၏ အကောင့်နှင့်စာမျက်နှာများတွင် ဖြုတ်ချခဲ့ပြီးနောက် “Valentino Entertainment Group” ၏ စာမျက်နှာကလည်း ဖြုတ်ချခဲ့သည်။

တပ်ချုပ်သမီး ရှယ်ယာပါဝင်သည့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ယုန်လေး၏ ဗီဒီယို တင်ထားသည့် “Valentino Entertainment Group” စာမျက်နှာတို့ ဆက်စပ်မှုရှိမရှိ မေးမြန်းနိုင်ရန် ယင်းကုမ္ပဏီတွင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝေမင်းမောင်ကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်မဖြေကြားခဲ့ပေ။

7Day သတင်းဌာန၏ ဩဂုတ် ၅ သတင်းတစ်ပုဒ်တွင်မူ ယုန်လေး၏ အငြင်းပွားဖွယ်သီချင်းဗီဒီယိုနှင့် ပတ်သက်ဆက်စပ်မှု မရှိကြောင်း ဦးဝေမင်းမောင်က ဖြေကြားထားသည်။

ဝေဖန်ခံရသည့် ဇာတ်ကွက်များ

မြန်မာပြည်သူများက ပါတီစွဲ၊ အလံစွဲမထားဘဲ စိတ်ဓာတ်များကို ပြောင်းလဲမှသာ စည်းလုံးညီညွတ်မှုအားဖြင့် နိုင်ငံ၏ အလင်းလက်ဆုံး၊ အတောက်ပဆုံး နေ့ရက်များသို့ ရောက်ရှိမည်ဟူသည့် အဓိပ္ပါယ်ဖြင့် သီချင်းကို အဆိုတော်ယုန်လေးက သရုပ်ဖော်ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံရသောကြောင့် လုပ်ငန်းရှင်သာမက အခြေခံလူတန်းစား အလုပ်သမားများ ဒုက္ခရောက်ရပုံဖြင့် တေးသရုပ်ဖော်ဇာတ်လမ်းကို စတင်ထားသည်။

သို့သော် “သူဌေးတွေမမုန်းပါနဲ့ သူတို့ရဲ့နောက်မှာ အခြေခံလူတန်းစားများစွာ”၊ “ခြံဝန်းတစ်ခုမှာ ခြံခတ်မှလုံခြုံမှာ တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိရင် လုံခြုံမလား”၊ “အဘဘောမစစ်ခွေးလို့လှုံ့ဆော်ပြီး မင်းတို့သိပ်ပျော်နေကြ ထမိန်ခြုံလို့ထပ်ပြော တိုင်းပြည်ရဲ့အမှိုက်တွေ ကြိတ်ပျော်နေတာ ဒါနိုင်ငံတော်ပြိုကွဲမှုကိုဖိတ်ခေါ်နေတာ မကောင်းဘူး မလုပ်နဲ့”၊ “ငါတို့ဦးညွတ်တဲ့အလံက ခြင်္သေ့၊ ခွပ်ဒေါင်း မဟုတ်ဘူး အကုန်ပယ်တယ်”၊ “နိုင်ငံအတွက်မရှိသင့်တဲ့ လော်ဘီတစ်ဖက်ပိတ်များ”၊ “တစ်မျိုးသားလုံးက စိတ်ဓာတ်များကို ပြင်ဆင်နေတုန်းမှာ အာဏာရှင်များက တစ်ချက်လောက်ငဲ့ကာ ဆင်ခြင်ပေးပါ” စသဖြင့် အဓိပ္ပါယ်ကောက်ယူရခက်သည့် သီချင်းစာသားများသည် အများပြည်သူနှင့် လူမှုကွန်ရက်အသုံးပြုသူများကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

သရုပ်ဖော်ဇာတ်လမ်းထဲတွင် “ငါတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံပါ ခေါင်းမာမနေပါနဲ့” ၊ “မင်းသေချာစဉ်းစားပါ... မင်းကို ကာကွယ်ပေးမယ့်သူ ဘယ်သူမှ မရှိဘူး” ၊ “မင်းမလိုက်လျောရင် မင်းအတွက် အန္တရာယ်ရှိတယ်” ဟူသည့် စကားများဖြင့် ခေါင်းဆောင်အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ထားသည့် ဇာတ်ကွက်များလည်း ပါဝင်သည်။

ယုန်လေး၏ အငြင်းပွားဖွယ်သီချင်းဗီဒီယိုကို Facebook စာမျက်နှာ ၁၄ ခုကလည်း ပြန်တင်ထားပြီး ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် စာမျက်နှာနှစ်ခု၊ တပ်မတော်အကြောင်း ထောက်ခံရေးသားနေသည့် စာမျက်နှာငါးခု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို တိုက်ခိုက်ရေးသားနေသည့် စာမျက်နှာငါးခုနှင့် အခြားစာမျက်နှာနှစ်ခု ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရန် ဆော်ဩပေးနေသည့် စာမျက်နှာများဖြစ်သည့် “၂၀၂၀ USDP ကို မဲပေးပါ” နှင့် အပြာရောင်အမှန်ခြစ်ရရှိထားသည့် “USDP Women Committee” တို့က အဆိုပါဗီဒီယိုကို ပြန်လည်တင်ခဲ့ကြသည်။

တပ်မတော်အကြောင်း ထောက်ခံရေးသားနေသော စာမျက်နှာငါးခုမှာ “Myanmar Power”၊ “ပုလဲရွှေပြည်”၊ “For Our Motherland”၊ “Twenty-four seven media”၊ “တပ်မတော်နှင့် စစ်သတင်းများ” ဖြစ်သည်။

NLD ပါတီကို တိုက်ခိုက်ရေးသားနေသည့် စာမျက်နှာများဖြစ်သော “သတင်းစုံ Myanmar”၊ “ရွှေမြန်မာမီဒီယာ”၊ “Dollar Rate - ယနေ့ငွေဈေး”၊ “ဖြစ်ရပ်မှန်-သတင်း”၊ “Myanmar Hard Talk” တို့အပြင် “Best Gadgets Now”နှင့် “News Myanmar” အမည်ရှိ စာမျက်နှာများကလည်း တင်ထားသည်ကို တွေ့ရသည်။

အဆိုတော် ယုန်လေးနှင့် သိကျွမ်းမှုမရှိသလို ယင်းဗီဒီယိုနှင့်လည်း ပတ်သက်မှု မရှိသည့်အပြင် ငွေကြေးပံ့ပိုးထားခြင်းလည်းမရှိဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က Myanmar Now ကို ပြောသည်။

“ဘာမှမပတ်သက်ဘူး။ သူက ဒါအနုပညာရှင်ပဲလေ။၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်တုန်းကလည်း အနုပညာရှင်တွေက ပြောင်းလဲချိန်တန်ပြီဆိုပြီး ရိုက်ကြတာပဲမဟုတ်လား။ အဲ့တုန်းက NLD က ထောက်ပံ့ပြီး NLD ရဲ့ ငွေကြေးနဲ့ရိုက်တာလား အဲဒါဆို၊ မေးစရာရှိတာကလေ” ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသည့် စာမျက်နှာများက အဆိုပါဗီဒီယိုကို တင်ခြင်းမှာလည်း မဲဆွယ်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း၊ ၎င်းကိုယ်တိုင်လည်း ဗီဒီယိုက ပေးချင်သည့် သတင်းစကား (Message) ဖြစ်သော စည်းလုံးညီညွတ်မှုအားကို သဘောကျသဖြင့် ကိုယ်ပိုင်အကောင့်တွင် ပြန်လည်ရှယ်ထားသည်ဟု ဒေါ်နန်းမြမြမီမီဇော်က ဆက်ပြောသည်။

သီချင်းဗီဒီယိုတွင် ပါဝင်သည့် ကုန်ပစ္စည်းအမှတ်တံဆိပ်နှစ်ခု TaoMungkorn (လိပ်နဂါးတံဆိပ်အမွှေးတိုင်) နှင့် WOW (အဆီကျဗိုက်ချပ်ဖြည့်စွက်စာများ) သည် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းက ကိုယ်စားလှယ်ယူကာ မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဖြူးရောင်းချနေသည်။

“တစ်စုံတစ်ခုများ ဖြစ်ခဲ့မည်ဆိုလျှင်လည်း ကျွန်တော်ယုန်လေးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်ပါသည်ခင်ဗျာ” ဟူသော ဗီဒီယို၏ အဆုံးတွင် ပါဝင်သည့် စာသားအရ ဗီဒီယို၏ နိုင်ငံရေးဆိုင်ရာဖော်ပြမှုများသည် ၎င်းတို့၏ ကုမ္ပဏီနှင့် မသက်ဆိုင်ဟု မြန်မာနိုင်ငံသို့ WOW အမှတ်တံဆိပ် အဆီကျဗိုက်ချပ်ဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချရေးတာဝန်ယူထားသည့် ကိုစိုင်းက Myanmar Now ကို ပြောသည်။

“ကိုယုန်လေးရဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ အဲ့အကြောင်းအရာတွေက ဒီဘက်က (ကုမ္ပဏီ) နဲ့ မသက်ဆိုင်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါက သူ့တစ်ယောက်တည်းရဲ့ ယူဆချက်ပေါ့နော်” ဟု ၎င်းကပြောသည်။

သီချင်းဗီဒီယိုကို ပုံဖော်ခဲ့ကြသူများ

သီချင်းဗီဒီယိုကို Myanmar Idol သီချင်းဆိုပြိုင်ပွဲများတွင် နောက်ဆုံးစကာတင် ဖြစ်ခဲ့သူများ အပါအဝင် အဆိုတော် ၂၇ ဦး၊ နာမည်ကြီးသရုပ်ဆောင် မို့မို့မြင့်အောင်၊ သားညီ၊ ညီနန္ဒတို့ အပါအဝင် ၃၀ ကျော်နှင့် ထုတ်လုပ်ရေးအဖွဲ့ဝင် (Crew) ၉ ဦးခန့် စုစုပေါင်း ၇၀ ခန့်ဖြင့် ရိုက်ကူးထားသည်။

သီချင်းစာသား ရေးသားသူမှာ အဆိုတော်ယုန်လေးဖြစ်ပြီး သရုပ်ဖော်ဇာတ်လမ်းကိုလည်း ၎င်းကပင် ရေးသားပြီး ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားသည်။ တေးဂီတပိုင်းကို အဆိုတော်မိုးမိုးနှင့် သရုပ်ဆောင်နေတိုး၏ Story Board ရိုက်ကူးရေးစတူရီယိုမှ သားငယ်တို့က တာဝန်ယူထားသည်။

သီချင်းဗီဒီယိုထုတ်လုပ်မှုအတွက် မည်သည့်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီကမျှ ငွေကြေးထောက်ပံ့မှု မရှိပါဟု သီချင်းဗီဒီယိုနှင့် ပတ်သက်၍ Facebook စာမျက်နှာမှတဆင့် ယုန်လေးက ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ပြီး တောင်းပန်ခဲ့စဉ် ပြောကြားခဲ့သည်။

၎င်းအနေဖြင့် “ပေါင်းစည်းရေး စည်းရုံးရေး” စိတ်ကူးဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ခု ထပ်မံရိုက်ကူးရန် အစီအစဉ်ရှိသော်လည်း ဝေဖန်မှုများကြောင့် လက်လျှော့လိုက်ပြီဟုလည်း ယုန်လေးက ပြောခဲ့သည်။

“ကျိန်းသေတာ တစ်ခုကတော့ ကျွန်တော့်ကို ဘယ်အဖွဲ့အစည်း ဘယ်ပါတီကမှ၊ ဘယ်သူကမှ ကျွန်တော့်ကို ဝယ်လို့မရပါဘူး။ ကျွန်တော့်စိတ်ဓာတ်ကို ရင်းတဲ့လူတွေ (ရင်းနှီးသူ) သိမှာပါ။ ကျွန်တော် ဘယ်သူ့ခိုင်းစေမှုမှ မလုပ်ပါဘူး။ နောက်တစ်ခုက ပါဝင်တဲ့ လူတိုင်းလည်း တစ်ကျပ်တစ်ပြားမှ မရကြပါဘူး။ မေတ္တာနှင့် ပါဝင်ကူညီတာပါ” ဟု ဆိုသည်။

သို့သော်လည်း သီချင်း၏ သရုပ်ဖော်ဗီဒီယိုကို ယုန်လေး၏ တောင်းဆိုချက်ကြောင့် ပုံမှန်တည်းဖြတ်ခဈေးနှုန်း ကျပ်တစ်သိန်းခွဲဖြင့် တည်းဖြတ်ပေးခဲ့သည်ဟု ယခင်ကလည်း ယုန်လေး၏ သီချင်းဗီဒီယိုများကို တည်းဖြတ်ပေးလေ့ရှိသည့် တည်းဖြတ်သူ အတင့် (Atint) က Myanmar Now ကို ပြောသည်။

“သူကဒါရိုက်တာလေ။ သူ့အိုင်ဒီယာ ဘယ်လိုပေါ်သလဲ ကျွန်တော်တော့မသိဘူး။ သူဆက်ခိုင်းတာတော့ ကျွန်တော် ဆက်ပေးတာပဲ ရှိတာလေ” ဟု ၎င်းကပြောသည်။

၎င်းသည် အလွတ်တန်းဗီဒီယိုတည်းဖြတ်သူအဖြစ် လုပ်ကိုင်နေပြီး 7th Sense Creation၊ Myanmar Media 7 စသည့် ထုတ်လုပ်ရေးလုပ်ငန်းများနှင့်လည်း ပတ်သက်ခြင်းမရှိဟု အတင့်က ပြောသည်။

သီချင်းဗီဒီယိုတွင် ပါဝင်သီဆိုပေးခဲ့သည့် အဆိုတော်ချမ်းချမ်းကလည်း စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး အခကြေးငွေ လုံးဝမယူခဲ့ကြောင်း ယမန်နေ့က ဖုန်းဖြင့်ပြောသည်။

“Dress code (အဝတ်အစားသတ်မှတ်ချက်) က အဖြူဝတ်ရမယ်၊ ဘယ်ပါတီစွဲမှ မရှိဘူး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုအတွက် မဲပေးဖို့၊ တာဝန်ကျေဖို့ ကျွန်မတို့က သီချင်းတစ်ပုဒ်ဆိုပေးရမယ်ဆိုလို့ ဆိုပေးတယ်။ ဒါပဲ။ ကျန်တာ ဇာတ်လမ်းရိုက်တဲ့အပိုင်း ကျွန်မတို့နဲ့ မဆိုင်ဘူး” ဟု ချမ်းချမ်းက Myanmar Now ကို ပြောသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရန်ကုန်မြို့ရှိ Transporter Bar တွင် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ရိုက်ကူးခဲ့သည်ဟုလည်း ချမ်းချမ်းက ဆက်ပြောသည်။

ချမ်းချမ်းအပြင် အဆိုတော်ပိုးမီနှင့် အနုပညာရှင်အချို့ကလည်း ဂီတဗီဒီယိုကို ပုံဖော်သည့်ဇာတ်လမ်းနှင့်ပတ်သက်၍ ကြိုတင်မသိခဲ့ကြောင်း ၎င်းတို့၏ Facebook အကောင့်များ သို့မဟုတ် သတင်းဌာနများမှတစ်ဆင့် ဖြေရှင်းခဲ့ကြသည်။

သီချင်းဗီဒီယိုနှင့် ပတ်သက်၍ Myanmar Now က ယုန်လေးအပြင် တေးဂီတပိုင်းတာဝန်ယူသူ (Music Producer) များဖြစ်သည့် မိုးမိုးနှင့် သားငယ် (Story Board)၊ အဆိုတော်အဖြစ်ပါဝင်သည့် မူးလာ၊ သရုပ်ဆောင်အဖြစ်ပါဝင်သည့် သားညီတို့နှင့် ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာမှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးကမူ ယုန်လေး၏ သီချင်းဗီဒီယိုနှင့်ပတ်သက်၍ ကြိုတင်မသိထားကြောင်းပြောသည်။

“ရိုက်ခွင့် ဒီမှာ (အစည်းအရုံးမှာ) တင်မထားဘူး။ ယုန်လေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှပြောစရာမရှိဘူး” ဟု ၎င်းကပြောသည်။

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုထားခြင်းဖြစ်ပြီး ရိုက်ကူးမည့် နေရာ၊ အချိန်နှင့် လူအရေအတွက်တို့ကို ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ တစ်ပတ်ကြိုတင်အကြောင်းကြားရမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရုပ်ရှင်၊ ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရာတွင် လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်ချက် ၂၉ ချက်ကို ထုတ်ပြန်ထားကြောင်း ဇူလိုင် ၂၈ တွင် ပြုလုပ်ခဲ့သည့် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ရုပ်ရှင်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး Video Conferencing (ဗီဒီယိုအစည်းအဝေး) တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့သည်။

အဆိုတော်ယုန်လေး၏ သီချင်းဗီဒီယိုရိုက်ကူးမှုသည် ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ရုပ်ရှင်အစည်းအရုံးတို့က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ထားခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ပြောခဲ့ကြောင်း ဧရာဝတီသတင်းဌာန၏ ဩဂုတ် ၅ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

(Myanmar Now ၏ အချက်အလက်စစ်ဆေးသည့်သတင်းထောက် သော်ဇင်မျိုး ပူးပေါင်းရေးသားသည်)

(မှတ်ချက်- မူလသတင်းတွင် "Music producer" ကို တေးသီချင်းထုတ်လုပ်သူဟု ရေးသားဖော်ပြခဲ့သော်လည်း အဆိုတော်မိုးမိုးက "တေးဂီတတီးခတ်သူ" ဟု ပြင်ဆင်ပေးရန် Myanmar Now ကို ဆက်သွယ်လာသဖြင့် "တေးဂီတပိုင်းတာဝန်ယူသူ" ဟု ပြန်လည်ပြင်ဆင်ထားပါသည်)

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading