အိမ်အကူကိုရိုက်နှက်မှု ထောင် ၁၅ ရက်ချခြင်း ပြစ်ဒဏ်နည်းသဖြင့် ပြင်ဆင်ချက်တက်မည်

၂၀၁၈ နိုဝင်ဘာတွင် မရမ်းကုန်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ၁၂ နှစ်အရွယ် အိမ်အကူမိန်းကလေးနှိပ်စက်ခံရမှုတွင် တရားလိုနှင့် စွပ်စွဲခံရသူနှစ်ဖက်စလုံး သက်သေအထောက်အထား ခိုင်လုံစွာ ထွက်ဆိုနိုင်ခြင်းမရှိဟု တရားသူကြီးက သုံးသပ်ထားသည်

မည်သည့်အချိန်က မည်သို့ရရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်းမရှိဟုဆိုသည့် မိန်းကလေးငယ်၏ လက်ပေါ်ရှိ ဒဏ်ရာအချို့ (ဓာတ်ပုံ- ဦးဆန်းကိုကို) 
မည်သည့်အချိန်က မည်သို့ရရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်းမရှိဟုဆိုသည့် မိန်းကလေးငယ်၏ လက်ပေါ်ရှိ ဒဏ်ရာအချို့ (ဓာတ်ပုံ- ဦးဆန်းကိုကို) 

၁၂ နှစ်အရွယ် အိမ်အကူမိန်းကလေးကို မျက်နှာဖူးယောင်အောင် ကန်ကျောက်သည်ဆိုကာ အိမ်ရှင် မသိင်္ဂီထွန်းကို ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် ပြင်ဆင်ချက်တက်မည်ဟု တရားလိုက ပြောသည်။ 

၂၀၁၈ နိုဝင်ဘာတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချယ်ရီလမ်းရှိ အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့သည့် ယင်းအမှုကို မြို့နယ်တရားရုံးက တစ်နှစ် ရှစ်လခန့်ကြာ စစ်ဆေးပြီးနောက် ယခုနှစ် ဇူလိုင် ၁၀ တွင် သာမန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ 

တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်သည် နည်းလွန်း၍ နောက်ထပ်ပြစ်မှုများ မဖြစ်ပေါ်စေရန် တားဆီးရာမရောက်သဖြင့် တရားလိုလည်းဖြစ် ကနဦးတိုင်တန်းသူလည်းဖြစ်သည့် ရာအိမ်မှူး ဦးဆန်းကိုကိုက ခရိုင်အဆင့်တရားရုံး၌ ပြင်ဆင်ချက်တက်မည်ဟု Myanmar Now ကို ပြောသည်။ ပြင်ဆင်ချက်မှာ အမိန့်ချမှတ်ပြီး နှစ်လအတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။ 

“နှစ်နှစ်နီးပါး အမှုရင်ဆိုင်ရတာ ချလိုက်တော့ ၁၅ ရက်ဆိုတော့ ရုံးချိန်းတိုင်း သွားနေရတယ်။ ဖြစ်လာတော့ ဥပဒေက ဘယ်လိုမဏ္ဍိုင်နဲ့ ဘယ်လိုတွေ လုပ်ကြလဲ မသိဘူး။ တော်တော်စိတ်ပျက်တယ်။ တရားသူကြီးကို ကျွန်တော် ကြည့်ပြီး တော်တော် စိတ်မကောင်းဖြစ်တယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး” ဟု ဦးဆန်းကိုကိုက ပြောသည်။

အိမ်အကူမိန်းကလေးငယ်၏ ခန္ဓာကိုယ်တွင် ရရှိထားသည့် ဒဏ်ရာများကို အိမ်ရှင် မသိင်္ဂီထွန်းက ပြုလုပ်ကြောင်း သက်သေထင်ရှားစွာ မရှိဘဲ တစ်ဆင့်ကြားစကား ထွက်ဆိုချက်များသာရှိခြင်း၊ စွပ်စွဲခံရသူ အိမ်ရှင်မသိင်္ဂီထွန်းကလည်း ၎င်း မပြုလုပ်ကြောင်း သက်သေခိုင်လုံစွာ မတင်ပြနိုင်ခဲ့ကြောင်း တရားသူကြီး၏ စီရင်ချက်မှတ်တမ်းတွင် ရေးသားထားသည်။

တရားခံမှာ ယခင်ပြစ်မှုဟောင်း မရှိခြင်း၊ အမျိုးသမီးတစ်ဦးဖြစ်ခြင်း၊ နစ်နာသူများနှင့် ဆွေမျိုးတော်စပ်ကြသဖြင့် အမှုကျေအေးရုပ်သိမ်းလိုကြောင်း နစ်နာသူ မိသားစုဝင်များက တင်ပြခြင်း၊ ပြစ်ဒဏ်ချမှတ်ရာတွင် အကျင့်စာရိတ္တပြုပြင်ရေးဟူသော တရားစီရင်ရေးမူအရ ပြစ်မှုကျူးလွန်ပါက ပြစ်ဒဏ်ချမှတ်ခံရမည်ကိုသိစေရန် ထောင် ၁၅ ရက် ချမှတ်ခဲ့သည်ဟု စီရင်ချက်မှတ်တမ်းအရ သိရသည်။ 

ထောင်ဒဏ် ၁၅ ရက်ကို ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုသဖြင့် ၃၃ နှစ်အရွယ် တရားခံ မသိင်္ဂီထွန်းမှာ အမိန့်ချသည့်နေ့တွင်ပင် လွတ်မြောက်ခဲ့သည်။ 

သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ မှာ  ပြစ်မှုထင်ရှားပါက တစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်ထောင်ကျပ်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

ရာအိမ်မှူး ဦးဆန်းကိုကိုက တရားလိုပြု၍ တရားစွဲဆိုခဲ့သော်လည်း နစ်နာသူ မိန်းကလေး၏ မိခင်နှင့်ဖခင်က အချိန်ကြာရှည်စွာ အမှုမရင်ဆိုင်လိုခြင်း၊ စွပ်စွဲခံရသူမှာ ဆွေမျိုးဖြစ်၍ အပြစ် မရစေလိုသဖြင့် တရားသူကြီးထံ အမှုကျေအေးရုပ်သိမ်းခွင့် လျှောက်ထားခဲ့ပြီး တရားသူကြီးကလည်း ယင်းအချက်ကို ထည့်သွင်းသုံးသပ်ထားကြောင်း အမှုစီရင်ချက်မှတ်တမ်းအရ သိရသည်။  

အိမ်အကူမိန်းကလေးငယ်ကို တစ်လလျှင် ကျပ် ၃၀,၀၀၀ ဖြင့်၂၀၁၇ တွင် ခေါ်ယူခဲ့သည်ဟု တရားလိုဦးဆန်းကိုကိုက ထွက်ဆိုထားသော်လည်း နစ်နာသူ၏ မိဘများနှင့် စွပ်စွဲခံရသူများကမူ ငွေကြေးဖြင့် ခေါ်ယူခြင်း မဟုတ်ကြောင်း ထွက်ဆိုထားသည်ကို စီရင်ချက်မှတ်တမ်းတွင် တွေ့ရသည်။

အိမ်ရှင်အမျိုးသမီးမှာ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုတွင် စာရင်းကိုင်အဖြစ် လုပ်ကိုင်ပြီး ဆွေမျိုးနီးစပ်တော်သည်ဟုဆိုသော အိမ်အကူမိန်းကလေးငယ်မှာ ၎င်း၏အိမ်၌ တစ်နှစ်ကျော်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် အမှုကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

စီရင်ချက်မှတ်တမ်းများအရ အိမ်အကူမိန်းကလေး၏မိခင်နှင့် ကျူးလွန်သူအိမ်ရှင်မှာ ယောင်းမ တော်စပ်ကြောင်း သိရသည်။ 

အမှုတိုင်တန်းမှုအစ

မိန်းကလေးငယ်သည် မျက်နှာဖူးယောင်ဒဏ်ရာများဖြင့် ဈေးဝယ်ထွက်သည်ကို မြင်တွေ့သူ ရပ်ကွက်အတွင်းနေသူတစ်ဦးနှင့် ဆယ်အိမ်မှူးများက ရာအိမ်မှူးထံ တိုင်ကြားခဲ့ပြီး မသိင်္ဂီထွန်းသည် အိမ်အကူကို ရိုက်နှက်ခြင်း၊ ရေနွေးပူလောင်းခြင်း၊ ဓားဖြင့်မွှမ်းခြင်း၊ မီးပူကပ်ခြင်းတို့ ပြုလုပ်သည်ဆိုကာ ရာအိမ်မှူးဦးဆန်းကိုကိုက ဘုရင့်နောင်ရဲစခန်းမှတစ်ဆင့် အမှုဖွင့်တိုင်တန်းခဲ့သည်။

အိမ်အကူ မိန်းကလေး၏ ညာမျက်လုံး၊ နဖူးတို့တွင် ဖူးယောင်ဒဏ်ရာများရှိပြီး လက်မောင်းတို့တွင် ဓားနှင့်မွှမ်းသည်ဆိုသော အမာရွတ်များ၊ ကျောတွင် ရေနွေးပူဖြင့် လောင်းထားသည်ဆိုသော အမာရွတ်များ၊ ဒူးကို မီးပူဖြင့် ကပ်သည်ဆိုသော ဒဏ်ရာဟောင်းများကိုလည်း တွေ့ရ၍ တရားစွဲဆိုခဲ့ကြောင်း ဦးဆန်းကိုကိုက ဓာတ်ပုံများ ပြသပြီး Myanmar Now ကို ပြောသည်။

အိမ်ရှင် မသိင်္ဂီထွန်းသည် ၎င်းကို ရေချိုးခန်း၌ ပက်လက်လှန်စေကာ ခြေထောက်ဖြင့် တက်နင်းခြင်း၊ မျက်နှာကို နင်းခြင်းတို့ ပြုလုပ်ကြောင်း၊ ခေါင်းကို ဓားနှောင့်ဖြင့် ခေါက်ခြင်း၊ ရေနွေးပူဖြင့် လောင်းခြင်း၊ လက်မောင်းကို ဓားဖြင့်မွှမ်းခြင်း၊ မီးပူဖြင့်ကပ်ခြင်းတို့ ပြုလုပ်ကြောင်း ကာယကံရှင်မိန်းကလေးငယ်က ထွက်ဆိုထားသည်ကို တရားရုံးစီရင်ချက်မှတ်တမ်းများအရ သိရသည်။

အိမ်အကူ မိန်းကလေး၏ မိခင်က ၎င်းသမီးမှာ မသိင်္ဂီထွန်းထံ မရောက်ခင် နဖူးရှိဒဏ်ရာမှ လွဲ၍ မည်သည့် ဒဏ်ရာမှ မရှိကြောင်း၊ မသိင်္ဂီထွန်းထံ ရောက်သည့်အခါ မီးပူထိုးမိသည့် ဒဏ်ရာ၊ ရေနွေးပူလောင်သည့် ဒဏ်ရာများ တွေ့ရပြီး ကလေးထိန်းရာမှ ရေနွေးပူလောင်သည့် ဒဏ်ရာများဟု သိရကြောင်း ထွက်ဆိုထားသည်။  

မိန်းကလေး၏ အဘွားဆိုသူကမူ အိမ်အကူ မိန်းကလေး၏ နဖူးရှိ ဒဏ်ရာနှင့် ခန္ဓာကိုယ်ရှိ အမာရွတ်များမှာ မူလကတည်းက ရှိသည့် ဒဏ်ရာများ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဓားဖြင့်မွှမ်းခြင်း၊ ရေနွေးပူလောင်းခြင်းစသည့် အပူလောင်အမာရွတ်များ၊ ခေါင်းရှိ ဒဏ်ရာများမှာ မည်သည့်အချိန်က မည်သို့ရကြောင်း ထင်ရှားပေါ်ပေါက်ခြင်း မရှိသည့်အပြင် အိမ်အကူ မိန်းကလေးတစ်ဦးတည်း၏ ထွက်ဆိုချက်တစ်ခုတည်းသာ ရှိ၍ အထောက်အထား သက်သေခံချက် မရှိဟု စီရင်ချက်တွင် ဖော်ပြထားသည်။ 

တရားလိုရာအိမ်မှူး ဦးဆန်းကိုကိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များမှာ တစ်ဆင့်ကြားဖြစ်၍ သက်သေခံအဖြစ် အသုံးမပြုနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အိမ်အကူမိန်းကလေး၏ ထွက်ဆိုချက်တွင် တရားခံကို စိတ်မဆိုးကြောင်း၊ ၎င်းကို နှိပ်စက်သည့်အကြောင်း မိဘများကို မတိုင်ကြားခဲ့သလို ထိုအိမ်တွင် ဆက်မနေလိုကြောင်းလည်း မပြောခဲ့၍ တရားခံ သိင်္ဂီထွန်းက ဓားဖြင့် မွှမ်းသည်၊ ရေနွေးပူဖြင့် လောင်းသည်ဆိုသော ထွက်ချက်မှာ ယုတ္တိမရှိကြောင်း၊ ထို့ကြောင့် ယင်းဒဏ်ရာအမာရွတ်ဟောင်းများကို မသိင်္ဂီထွန်းက ပြုလုပ်သည်ဟု ကောက်ယူပါက တရားမျှတမည်မဟုတ်ကြောင်း တရားသူကြီး၏ သုံးသပ်ချက်ကို စီရင်ချက်တွင် တွေ့ရသည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading