“ အလုပ်သမား ၁၃၀၀ ကျော်ရှိသည့် စက်ရုံတွသ် ဆန္ဒပြသူ ၃၀၀ ကျော်ရှိသည်ဟု အလုပ်သမားများက ပြောသော်လည်း စက်ရုံဘက်က လူ ၇၀ ခန့်သာ ဆန္ဒပြနေခြင်းဖြစ်သည်ဟုဆိုသည်”
(ရန်ကုန်) - အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များကို အကြောင်းရှာ အလုပ်ထုတ်သည်ဟုဆိုကာ ရန်ကုန်မြို့ ဒဂုံတောင်ပိုင်း စက်မှုဇုန်ရှိ Emerald footwear mfg co. ltd ပိုင် ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမားများသည် ယမန်နေ့က စတင်ပြီး စက်ရုံအတွင်း ဆန္ဒပြနေကြသည်။
အလုပ်သမားများက ဥပဒေပါ ခွင့်ရက်များပေးရန်၊ စက်ရုံအလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးရန်၊ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများကို အကြောင်းမဲ့ အလုပ်မှ ထုတ်မှုကို ရပ်တန့်ရန်နှင့် စက်ရုံ၏ ဝန်ထမ်းရေးရာ မန်နေဂျာကို အလုပ်မှထုတ်ပယ်ပေးရန် စသည့်တောင်းဆိုချက်များ တောင်းဆိုနေကြသည်။

“ကျွန်မတို့အနေနဲ့ကတော့ ဥပဒေပါ ခံစားခွင့်တွေကိုပဲတောင်းဆိုတာ။ ဒါကိုမှ စက်ရုံဘက်က မလိုက်လျောဘူးဆိုရင် သပိတ်မှောက်တာကို မြှင့်မယ်။ လိုအပ်ရင် ရန်ကုန်တိုင်းဝန်ကြီးချုပ်အထိ ဆက်တောင်းဆိုမယ်။ ဥပဒေအရ ခုံသမာဓိအဖွဲ့ထိ သွားဆိုလည်း သွားမယ်” ဟု စက်ရုံအလုပ်သမား သမဂ္ဂ ဘဏ္ဍာရေးမှူး မမျိုးသီတာနိုင်က ပြောသည်။
ကျောက်စိမ်းဖိနပ်စက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး တရုတ်တိုင်ပေ(ထိုင်ဝမ်)၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်၊ ဂျပန်၊ ဗိယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံစျေးကွက်သို့ ဖြန့်ချိနေသည့် ဖိနပ်များကို ထုတ်လုပ်နေသော စက်ရုံတစ်ခုဖြစ်ကြောင်း ၄င်းကဆိုသည်။


လက်ရှိအချိန်တွင် စက်ရုံအတွင်းဘက်တွင်သာ အလုပ်သမား ၃၀၀ ကျော်က ဆန္ဒထုတ်ဖော်နေကြပြီး လိုအပ်လျှင် သပိတ်စခန်းများပင် ဖွင့်လှစ်သွားမည်ဟု သူက ဆက်ပြောသည်။ သို့သော် စက်ရုံတာဝန်ခံ၏ အဆိုအရ ဆန္ဒပြအလုပ်သမား ၇၀ ခန့်သာရှိသည်ဟုဆိုသည်။


“ကျွန်မတို့နဲ့ လုံးဝအဆင်မပြေတဲ့ HR မန်နေဂျာကို ကျွန်မတို့ အလိုမရှိတော့ဘူး။ သူ့ကိုဖြုတ်ပေးဖို့လိုတယ်။ သူ့ကြောင့် စက်ရုံတွင်းမှာ သမဂ္ဂကို အသိအမှတ်ပြုမခံရတာ။ သမဂ္ဂကို စက်ရုံတိုင်းက အသိအမှတ်ပြုဖို့ဆိုတာ ဥပဒေပါ အခွင့်အရေးပါ” ဟု သူကဆိုသည်။
လက်တလောတွင် ညှိနှိုင်းဆဲအခြေအနေဖြစ်သည့်အတွက် မည်သည့်မှတ်ချက်မှမပြုလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း တောင်းဆိုကြသော အလုပ်သမားများနှင့် အလုပ်ရှင်အကြား ပြေလည်သွားစေချင်သည့် ဆန္ဒရှိပါကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံမှ တာဝန်ခံ ဦးပြားက ပြောသည်။
HR မန်နေဂျာသည် အလုပ်ရှင်မှ တိုက်ရိုက်ခန့်အပ်ထားသူဖြစ်သည့်အပြင် ဆန္ဒပြနေကြသည့် အလုပ်သမားများ တောင်းဆိုနေသော နှစ်တိုးကြေး ကျပ် ၂၀၀၀၀ ဆိုသည်က ဥပဒေတွင် အတိအကျ မပြဌာန်းထားသည့် အချက်ဖြစ်သည့်အတွက် အလုပ်ရှင်၏ဆန္ဒသဘောထားပေါ်တွင် မူတည်ပါကြောင်း သူက ဆက်ပြောသည်။
“တောင်းဆိုတာကတော့ သူတို့လိုချင်တာကို တောင်းကြတာပေါ့။ အလုပ်ရှင်သူဌေးကလည်း သူပေးနိုင်တာ ပေးမှာပေါ့။ အားလုံးညှိနှိုင်းရင် ရနိုင်မယ်လို့တော့ ထင်ပါတယ်။ HR မန်နေဂျာကို အလိုမရှိဘူးဆိုရအောင်လည်း သူက ဘာပြစ်ချက်တွေ လုပ်နေလို့လဲ။ အဓိက အားလုံး ယုံကြည်မှုအပေါ် မူတည်ပါတယ်။ အခုထိတော့ အခြေအတင်ဖြစ်နေတာကြောင့် ညှိနေတုန်းပါပဲ” ဟု သူကဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













