နိုင်ငံရေးဆိုင်ရာ လုပ်ကြံသတင်းများတွင် အစ္စလာမ်ဘာသာဝင်များ ပစ်မှတ်ထားခံနေရ

ရွေးကောက်ပွဲအချိန် နီးလာသည်နှင့်အမျှ ပါတီကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများကို တိုက်ခိုက်သည့် ဘာသာရေးအခြေခံလုပ်ကြံသတင်းအများအပြား လူမှုကွန်ရက်တွင် ပျံ့နှံ့မှုအားကောင်းနေသည်

Published on Aug 4, 2020
စက်တင်ဘာတွင် မွတ်စလင်ပြည်လုံးကျွတ်ညီလာခံကျင်းပမည်ကို NLD အားဖြည့်ကူညီမည်ဆိုသည့် လုပ်ကြံသတင်း
စက်တင်ဘာတွင် မွတ်စလင်ပြည်လုံးကျွတ်ညီလာခံကျင်းပမည်ကို NLD အားဖြည့်ကူညီမည်ဆိုသည့် လုပ်ကြံသတင်း

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးဆိုင်ရာသတင်းတု ဖြန့်ဝေမှုများသည်လည်း တစ်နေ့ထက်တစ်နေ့ များပြားလာနေသည်။ ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီးသည်နောက် ပါတီတစ်ခုနှင့်တစ်ခု သတင်းတု သတင်းမှားများဖြင့် တိုက်ခိုက်နေမှုများသည် ယနေ့အချိန်အထိ ရာထောင်ချီရှိနေသည်။ ယင်းသတင်းတုအများစုသည် အစ္စလမ်ဘာသာဝင်များကို ဦးတည်တိုက်နေသည့် လုပ်ကြံသတင်းများ ဖြစ်နေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲကိုယ်စာလှယ်လောင်းစာရင်း မထုတ်ပြန်သေးချိန်တွင် NLD ပါတီတွင် မွတ်စလင်အမတ်လောင်း ၅၀ ရာခိုင်နှုန်းကျော်ပါဝင်မည် ဆိုသည့် သတင်းတုများအပါအဝင် မွတ်စလင်အမတ်လောင်းများ ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ကို ဖိအားပေး ထိခိုက်စေသည့် သတင်းတု သတင်းမှားအများအပြားဖြန့်ခဲ့ကြသည်။

အဆိုပါ သတင်းတု ဖြန့်ဝေသူများသည် သူတို့၏ အကောင့်များတွင် အမျိုးသားရေးသမားများအဖြစ် ဖော်ပြထားကြပြီး အမျိုးသားရေး အမည်တပ်ထားသည့် Facebook Group များ၊ တပ်မတော်ကို ထောက်ခံသူများအဖြစ် အမည်တပ်ထားသည့် Group များတွင် အဆိုပါ သတင်းမှား သတင်းတုနှင့် လုပ်ကြံသတင်းများကို ဖြန့်ဝေနေကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ အာဏာရပါက မွတ်စလင်နိုင်ငံဖြစ်မည်ဟု ရေးသားထားသည့်စာများ ဖြန့်ဝေပြီး NLD ကို မဲမပေးရန် လှုံ့ဆော်မှုများရှိခဲ့သည်။ NLD ပါတီ၏ ထိုအချိန်က ကိုယ်စားလှယ်လောင်းများတွင် အစ္စလာမ်ဘာသာဝင်များ မပါရှိခဲ့‌ပေ။ ယင်းကဲ့သို့မပါရှိခြင်းသည် ဘာသာရေးအရတိုက်ခိုက်မှုများကြောင့် မပါရှိခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိခဲ့သည်။ သို့သော် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်သူများစာရင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် အစ္စလာမ်ဘာသာဝင်နှစ်ဦး ပါဝင်လာခဲ့သည်။

ယင်းကဲ့သို့ NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစ္စလာမ်ဘာသာဝင်နှစ်ဦး ပါဝင်လာသည့်အ‌ပေါ် တိုက်ခိုက်မှုများထွက်ပေါ်လာပြီး ကိုယ်စားလောင်းနှစ်ဦးဖြစ်သည့် ဒေါ်ဝင်းမြမြနှင့် ကိုစည်သူမောင်ကို သတင်းတုသတင်းမှားများဖြင့် အဓိကထား တိုက်ခိုက်လာကြသည်။

တိုက်ခိုက်နေသည့် သတင်းတုသတင်းမှားများတွင် “သတင်းထောက်မောင်ပါကြီးနဲ့ ကျောင်းသားလေးကိုစည်သူမောင် မဲဆောက်မှာ ဖောက်ခွဲရေးသင်တန်းတက်စဉ် အမှတ်တရပါဓာတ်ပုံတဲ့ဗျ” ဟုရေးသားသည့် ဓာတ်ပုံဖြင့် သတင်းတုသည် ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ယင်းသတင်းတုကို Zaw Thet Linn account က ဇူလိုင် ၂၃ တွင် ဖြန့်ဝေထားသည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုများအရ ကိုစည်သူမောင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ခြင်းကြောင့် စစ်အစိုးရ၏ဖမ်းဆီး ထောင်ချမှုကိုခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်ခဲ့သည်။ ဖောက်ခွဲရေးကိစ္စ ကဲ့သို့သော အမှုမျိုးဖြင့် အရေးယူခံရသည်ဆိုသည့် အချက်အလက်များမရှိပေ။

ထို့အပြင် ယင်းဓာတ်ပုံသည် ရှစ်လေးလုံး ငွေရတုအခမ်းအနားဖြစ်မြောက်ရေးခရီးစဉ်တွင် ရိုက်ကူးထားကြောင်း ကိုစည်သူမောင်၏ Facebook အကောင့်တွင် ၂၀၁၄ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် တင်ထားသည်ကိုတွေ့ရပြီး ယင်း ခရီးစဉ်နှင့်ပတ်သက်သည့်ဓာတ်ပုံအချို့ကိုလည်း ၂၀၁၄ ဧပြီတွင် တင်ထားခဲ့သည်ကို ကိုစည်သူမောင်၏ Facebook အကောင့်တွင်တွေ့နိုင်သည်။ Myanmar Now က ကိုစည်သူမောင်ထံ အဆက်သွယ်အတည်ပြုသည့်အခါ သတင်းမှားသာဖြစ်ကြောင်း ၎င်းကပြောသည်။

ရှစ်လေးလုံးငွေရတုအခမ်းအနားဖြစ်မြောက်ရေးကော်မတီတွင် ၎င်းပါဝင်ခဲ့သဖြင့် တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်ခဲ့စဉ် ကိုပါကြီးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ကိုစည်သူမောင်က ပြောသည်။

“ကိုပါကြီးက ၈၈ မျိုးဆက်ဖြစ်တယ်။ သုံးရောင်ခြယ်ကျောင်းသားမျိုးဆက်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ကော်မတီမှာကလည်း ၈၈ မျိုးဆက်တွေပါတော့ ကိုပါကြီးနဲ့ဆုံကြ စကားပြောကြ အမှတ်တရဓာတ်ပုံရိုက်ကြတာပါ။ အဲ့ဒါကို သူတို့တမင်ဖန်တီးလိုက်တာပါ” ဟု ကိုစည်သူမောင်က ပြောသည်။

ပျံ့နှံ့နေသည့်သတင်းတုတွင် ပါဝင်သည့် အခြားဓာတ်ပုံတစ်ပုံမှာမူ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဆိုသည်။

“နောက်တစ်ပုံက ဓါတ်တော်ချိုင့်ရေတံခွန်ကို သူငယ်ချင်းတွေနဲ့အတူတူဆင်းရင်း အမှတ်တရရိုက်ထားတာ နိုင်ငံခြားသူပါတော့ သူတို့က သူပုန်စခန်းတစ်ခု ဆိုပြီးတော့ ဖန်တီးပြီးသုံးလိုက်တာ” ဟု ၎င်းကပြောသည်။

ထို့အပြင် “မွတ်အမတ် ၄၈ ဦီး NLD ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည်” ၊ “၂၀၂၀ NLD ပါတီအနိုင်ရပါက မွစ္စလင်ရေးရာဝန်ကြီးခန့်မည်” ၊ “အကုန်ဖွင့်ချလိုက်ရင် NLD တဖွဲ့လုံးထောင်နန်းစံရမယ်”၊ “စက်တင်ဘာတွင် ကျင်းပမည့် မွတ်စလင် ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေး NLD ပါတီ အားဖြည့်ကူညီမည်” စသည့် သတင်းတုများသည်လည်း ပျံ့နှံ့မှုအားကောင်းခဲ့ပြီး လူမျိုးရေးဘာသာရေး အမုန်းစကားများပါ ရေးသားထားကြသည်။

ယင်းသတင်းတုများနှင့်ပတ်သက်ပြီး NLD ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင် ထံ ဆက်သွယ်မေးမြန်းသည့်အခါ ၎င်းသတင်းများသည် မဟုတ်မမှန်ကြောင်း ပြောသည်။

“‌အဲ့ဒါတွေက တမင်လုပ်နေတာဗျ။ မဟုတ်ပါဘူး။ မွတ်စလင်အမတ် လက်ချိုးရေလို့တောင်ရပါတယ်။ ကျွန်တော်တို့ထဲမှာပါတဲ့ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ်က ကျွန်တော်သိသလောက် နှစ်ယောက်ပဲပါပါတယ်။ မူစလင်ရေးရာဝန်ကြီးဌာနဆိုတာ မဟုတ်တာဘဲ။ အဲ့ဒီဟာတွေက သတင်းမှားတွေပါ” ဟု မုံရွာအောင်ရှင်ကပြောသည်။

သတင်းတုအများစုကို Radio Free Myanmar (RFM) ဆိုသည့် အမှတ်တံဆိပ်ဖြင့်ဖြန့်ဝေလေ့ရှိသည်။ ယင်း Radio Free Myanmar ဆိုသည့် အမှတ်တံဆိပ်ဖြင့် အယောင်ဆောင်သတင်းဌာနသည် Facebook စာမျက်နှာနှင့် ဝက်ဆိုက်အမှန်တကယ်မရှိဘဲ အကောင့်တုများမှတဆင့် သတင်းတုဖြန့်ဝေရန် အသုံးပြုနေခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်ခင်ကြည်နှင့် မိသားစုများဟု ရေးသားထားသည့် ဓာတ်ပုံဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အဘိုး အဖွားများသည် မူစလင်များဖြစ်သည်ဆိုသော သတင်းတုကိုလည်း ဖြန့်ဝေနေသည်ကိုတွေ့ရသည်။ Myanmar Now ၏အချက်အလက်စစ်ဆေးမှုများအရ အဆိုပါဓာတ်ပုံသည် တစ်စိတ်တစ်ပိုင်း ဖြတ်တောက်ထားသည့်ဓာတ်ပုံ ဖြစ်သည်။

ဓာတ်ပုံအပြည့်အစုံတွင် လူ ၁၀ ဦးပါရှိပြီး သတင်းတုတွင်ဖော်ပြထားသည့် ဒေါ်ခင်ကြည်၏ မိခင် မွတ်စလင်ဘာသာဝင်ဆိုသူမှာ ဦးရာဇတ်၏ ဇနီးဖြစ်သည်။ ထို့အပြင် ဒေါ်ခင်ကြည်၏ဖခင်ဟု ဖော်ပြထားသူမှာလည်း အမှန်မဟုတ်ဘဲ ဝန်ကြီးချုပ်‌ဟောင်း ဦးနုဖြစ်ကြောင်းတွေ့ရသည်။ ယင်း သတင်းတုကို လူထုဟစ်တိုင် ဆိုသည့် Facebook စာမျက်နှာက ဇွန် ၁၇ တွင် ဖြန့်ဝေခဲ့သည်။ ၎င်း စာမျက်နှာသည်လည်း မကြာခဏဆိုသလို နိုင်ငံရေးသတင်းတုများဖြန့်ဝေနေသည့် စာမျက်နှာဖြစ်သည်။

ရွေးကောက်ပွဲနီးလာချိန်တိုင်းတွင် ပါတီတစ်ခုနှင့်တစ်ခု တိုက်ခိုက်သည့် အမုန်းစကားများ၊ သတင်းတုများတွင် အစ္စလာမ်ဘာသာဝင်များသည် အဓိကပစ်မှတ်ထားခံရလေ့ရှိသည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင် ဘာသာ‌ရေး လူမျိုးရေးအရမဲဆွယ်စည်းရုံး၊ ဘာသာရေး လူမျိုးရေးအ‌ပေါ်မူတည်ပြီး မဲပေးရန်၊ မဲမပေးရန် လှုံ့ဆော်မှုများကို တားမြစ်ထားသော်လည်း လူမှုကွန်ရက်တွင် ဘာသာရေး၊ လူမျိုးရေးခွဲခြားကာ မဲပေးရန် ၊မဲမပေးရန် လှုံ့ဆော်မှု အများအပြားရှိနေသည်။

ဒီမိုကရေစီနှင့်လူအခွင့်အရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသည်လည်း လူမျိုးရေးဘာသာရေးခွဲခြားတိုက်ခိုက်မှုများခံနေရပြီး ၎င်းသည် NLD တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့် သတင်းတုလည်း ပျံ့နှံ့ခဲ့သည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အ‌ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်လောင်း ၂၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။ ပါတီလုပ်ငန်းများလုပ်ဆောင်သည့်အခါ လူမျိုးရေး ဘာသာရေးခွဲခြားတိုက်ခိုက်မှုများ၊ သတင်းတုများဖြင့်တိုက်ခိုက်နေမှုများကြောင့် မွတ်စလင်အမတ်လောင်းများအတွက် အတားအဆီးများရှိနေသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

“အဲ့ဒီလိုတိုက်ခိုက်လို့ လူတွေက မလုပ်ရဲဘူးပေါ့။ အမတ်လောင်းစာရင်းမသွင်းရဲဘူး။ မနည်း စည်းရုံးပြီးတော့ လုပ်မယ့်သူကိုရှာရတယ်။ နိုင်ငံရေးရာသီရောက်တိုင်း ကျွန်တော်တို့ကို ဒီလိုတိုက်ခိုက်မှုတွေက အစဉ်အလာဓလေ့ဖြစ်နေပြီ” ဟု ဦးကျော်မင်းကပြောသည်။

ဘာသာတရားဆိုသည်မှာ လူတစ်ဦးချင်းစီ၏ တစ်သီးပုဂ္ဂလရွေးချယ်မှုသာဖြစ်ပြီး နိုင်ငံရေးနှင့် မရောယှက်သင့်ဟု NLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ပြောသည်။

“နိုင်ငံရေးလုပ်တဲ့အခါမှာ ကျွန်တော်မြင်တာက ဘာသာရေးက နိုင်ငံရေးထဲကို ဆွဲမခေါ်လာသင့်ဘူး။ သူတို့ ယုံကြည်ရာဘာသာတရားရှိမယ်။ ဒါပေမယ့် နိုင်ငံရေးမှာကျတော့ ဘာသာရေးကိုအခြေခံတဲ့ နိုင်ငံရေးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တားမြစ်ပါတယ်”

ရွေးကောက်ပွဲကာလတွင်လည်း ဘာသာနှင့်လူမျိုးကို အခြေခံပြီး မဲဆွယ်ခွင့် မရှိသည့်အပြင် ယခုကဲ့သို့ ဘာသာရေးလူမျိုးရေးအရ ခွဲခြားပြီး ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများကို သတင်းတုများဖြင့် တိုက်ခိုက်မှုများကို ရွေးကော်ပွဲကော်မရှင်အနေဖြင့်လည်း ထိထိရောက်ရောက် အရေးယူရန် မျှော်လင့်သည်ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ လူမျိုးရေးနှင့် ဘာသာရေးအခြေပြုလှုံ့ဆော်တိုက်ခိုက်နေသူများသည် အခြေခံဥပဒေ၏ ခွင့်ပြုထားချက်ကို ချိုးဖောက်နေကြခြင်းဖြစ်သည်ဟု NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဆိုသည်။

“အခုလိုဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်ရှိအတိုင်းထားဖို့ လိုလားတဲ့ သူတွေပါ။ လက်ရှိ အခြေခံဥပဒေဟာ ဘာသာ၊ လူမျိုး၊ အသားအရောင် ဒါတွေအတွက် ခွဲခြားမှုကို လုံးဝ ခွင့်မပြုပါဘူး။ သူတို့ ထောက်ခံကာကွယ်နေတဲ့ အခြေခံဥပဒေက ခွင့်ပြုထားတဲ့အချက်ကို သူတို့က ပြန်ပြီး ကန့်ကွက်နေတာက ရှေ့နဲ့နောက် ပြောစကား မညီတာပဲဖြစ်ပါတယ်” ဟု သူကပြောသည်။

ထိုကဲ့သို့ သတင်းတု သတင်းမှားများလျှော့ချနိုင်ရန် Facebook နှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။ သို့သော်လည်း ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးအရ တိုက်ခိုက်နေသည့်သတင်းတု သတင်းမှားများ များပြားလာမှုအပေါ် အရေးယူမှုနှင့် မည်ကဲ့သို့လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သို့သော်လည်း တိုင်းပြည်နှင့် ရွေးကောက်ပွဲအတွက် အန္တရာယ်ကြီးသည့် ထိုကဲ့သို့သော သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် ဖြန့်ချိရန် ငွေကြေးအမြောက်အမြားသုံးစွဲကာ စေခိုင်းနေသူများရှိသည်ကို သိရှိထားပြီး မည်သူ့ကိုမဆို ဖော်ထုတ်အရေးယူမည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လနှင့် ဇူလိုင်လများအတွင်း နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading