တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအတွက် မဲရုံ ၆၃၂ ရုံ ထားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာသော်လည်း တပ်ပြင်ပ မထုတ်ပေးနိုင်သည့် မဲရုံများရှိသည်ဟု တပ်မတော်က ပြောဆိုထားဖူးသည်
ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လွတ်လပ်စွာသွားလာနိုင်စေရန် တပ်မဲရုံ ၆၃၂ ရုံ ကို တပ်ပြင်ပတွင် ထားရှိမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၃၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အရပ်သားမဲဆန္ဒနရှင်များနှင့်အတူ ဆန္ဒမဲပေးနိုင်ရန် တပ်ရင်း တပ်ဖွဲ့များ၏ ပြင်ပတွင် မဲရုံသတ်မှတ်ပေးရန် အချက်များပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ချက်များကို ပြီးခဲ့သည့်နှစ် လွှတ်တော်အစည်းအဝေးများတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။

တပ်ရင်းတပ်ဖွဲ့များရှိ တပ်မတော်သားမဲစာရင်းများနှင့် ကြိုတင်မဲစာရင်းများမှာ တပ်မတော် လျို့ဝှက်ချက်များဖြစ်သည်ဟု တပ်ကိုယ်စားလှယ်များက လွှတ်တော်တွင် ပြောဆိုခဲ့ကြသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးအကြောင်းပြ ကန့်ကွက်ခဲ့သော်လည်း တပ်မဲရုံများ တပ်စခန်းပြင်ပတွင် ထားရှိရေးအပါအဝင် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ချက်များကို မေ ၂၅ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုခဲ့သည်။


ထိုသို့နည်းဥပဒေများအတည်ပြုခဲ့သော်လည်း တပ်ပြင်ပ မထုတ်ပေးနိုင်သည့် တပ်မဲရုံများ ရှိသည်ဟု တပ်မတော်က ပြောဆိုခဲ့သည်။
သီးသန့်ရှိနေသည့် တပ်စခန်းများရှိ တပ်မဲရုံ တစ်ချို့ကို အပြင်မထုတ်နိုင်ကြောင်း နေပြည်တော်၌ ဇူလိုင် ၂၅ တွင် ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။


တပ်စခန်းပြင်ပ ထုတ်မပေးနိုင်သည့် တပ်မဲရုံများအကြောင်း သတင်းမီဒီယာများကို တိကျရှင်းလင်းစွာ ဖြေကြားခဲ့ခြင်းမရှိခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားမည်ဟု ထိုသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
ထိုသတင်းစာရှင်းလင်းပွဲအပြီးတွင် တပ်စခန်းပြင်ပ မထုတ်ပေးသည့် တပ်တွင်းမဲရုံများမှ ဆန္ဒမဲများကို ပယ်မဲအဖြစ်သတ်မှတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ထိုသတင်းများမှာ သတင်းမှား၊ သတင်းတုသာဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့နောက် တပ်ပြင်ပတွင် ထားရှိမည့် တပ်မဲရုံအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ဆွမ်ပရာဘွန်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ကချင်ပြည်နယ်အတွင်း တပ်စခန်းပြင်ပ မထုတ်သည့် တပ်မဲရုံများရှိလာပါက ၎င်းတို့ ကချင်ပြည်နယ် ပြည်သူ့ပါတီက ကန့်ကွက် တိုင်ကြားသွားမည်ဟု ပြောသည်။
“ဒါကတော့ ကန့်ကွက်ဖို့တော့ လုပ်ရမှာပေါ့။ ကန့်ကွက်ရမှာပေါ့။ ဒါပေမယ့် ကန့်ကွက်တိုင်းလဲ စစ်သားတွေနဲ့ စစ်တပ်တွေက သူတို့ လုပ်ချင်တိုင်းလုပ်နေတော့ ဒါတွေပြောဖို့ကလည်း ခက်နေပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် တပ်မတော်သားများနှင့်တပ်မိသားစုဝင်များမှာ အရပ်သားမဲဆန္ဒရှင်များနှင့် အတူတကွ ဆန္ဒမဲပေးနိုင်ရန်နှင့် တပ်တွင်းမဲဆွယ်စည်းရုံးခွင့်တို့ကို ခွင့်မပြုပါက ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုကို သိသိသာသာ ပြောင်းလဲစေနိုင်မည်ဟု မဟုတ်ဟုလည်း ကွမ်ဂေါင်အောင်ခမ်းက ပြောသည်။
“တပ်မဲရုံတွေ အပြင်ကို ထုတ်တာလောက်နဲ့ သိပ်ပြီး ထူးခြားမှုရှိမှာ မဟုတ်ပါဘူး။သူတို့ကြောက်နေမှာပဲ။ ပြည်သူလူထုနဲ့ ကမ္ဘာကို တပ်မဲရုံတွေ အပြင်ကို ထုတ်တယ်ဆိုတာကိုပဲ ပြသလိုဖြစ်နေမှာပါ။ အဖြေကတော့ ထူးခြားမှုရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။
တပ်ရင်း တပ်စခန်း အများစုတည်ရှိသည့် အထင်ကရမြို့ကြီးများအနက် မန္တလေးတိုင်း မိတ္ထီလာခရိုင်ရှိ မိတ္ထီလာမြို့နယ်လည်း ပါဝင်သည်။ ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မိတ္ထီလာမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော် ၂ နေရာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တပ်မတော်အရာရှိအငြိမ်းစားများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် တပ်မဲရုံ ၁၉ ရုံ လျာထားပြီး တပ်မဲရုံ ၁၆ ရုံမှာ အရပ်သား မဲဆန္ဒရှင်များနှင့် အတူတကွ မဲပေးရမည်ဖြစ်ပြီး တပ်မဲရုံ ၃ ခုကိုသာ တပ်ရင်းတပ်ဖွဲ့ သီးသန့် မဲရုံများ အဖြစ်ထားရှိမည်ဟု ရွေးကောက်ပွဲကော်မရှင် မိတ္ထီလာခရိုင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ပြောသည်။
“တပ်မဲရုံတွေ တပ်ထဲမှာလုံးဝမရှိပါဘူး။ တပ်နဲ့ ကျေးရွာနဲ့ နီးတယ်ဆိုရင် အဲ့ဒီကျေးရွာမှာပေါင်းပြီးတော့ မဲပေးပါ့မယ်။ ရွာနဲ့ တပ်နဲ့ ဝေးနေတယ်ဆိုရင် တပ်မဲရုံတွေကို တပ်ပြင်ပ နီးတဲ့ ဓမ္မာရုံ ဒါမှမဟုတ်ရင် အဆောက်အအုံတစ်ခုခုပေါ့ အဲ့ဒီမှာပေးပါ့မယ်” ဟု၎င်းကပြောသည်။
ယခင်ရွေးကောက်ပွဲများ၏ အတွေ့အကြုံအရ တပ်တွင်းမဲရုံများမှ ဆန္ဒမဲများ ရရှိရန်ခက်ခဲသည့်အတွက် ပြည်သူလူထု၏ ဆန္ဒမဲများဖြင့်သာ အနိုင်ရရှိရန် ကြိုးစားခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မန္တလေးတိုင်းဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။
“အဲဒီတုန်းကတော့ ဥပဒေအရ တပ်တွင်းမဲရုံတွေရှိတော့လဲ တပ်တွင်းမဲရုံတွေအတိုင်းပဲ ကျွန်တော်တို့ တစ်နေရာမှလည်း မနိုင်ပါဘူး။ အစောကြီးပြီးသွားတာပါပဲ။ တပ်တွင်းမဲရုံဆိုတော့ သူတို့ စီမံခန့်ခွဲမှုအောက်မှာပဲ ပြီးသွားတာပါပဲ” ဟု၎င်းက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေခရိုင်တွင် တပ်မဲရုံ ၂၀ ကျော် ထားရှိမည်ဖြစ်ပြီး အားလုံးကို တပ်စခန်းပြင်ပတွင် ထားရှိရန် လျာထားသည်ဟု ရွေးကောက်ပွဲကော်မရှင် စစ်တွေခရိုင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်မျိုးထွန်းက ပြောသည်။
“တပ်ထဲမှာတော့ မဟုတ်ဘူးဗျ။ ပြည်ထောင်စုအဆင့် ညှိနှိုင်းကြတော့ တပ်ပြင်ပမှာဖြစ်ဖြစ်၊ ပြည်သူလူထုမဲပေးတဲ့ မဲရုံတွေဖြစ်ဖြစ် ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ ယာယီတော့ ဒီလိုပဲ သတ်မှတ်ထားတာပေါ့” ဟု ၎င်းကပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးတပ်နှင့် အင်ဂျင်နီယာတပ်တို့ရှိ တပ်တွင်းမဲရုံများတွင် မဲအရေအတွက် အပြတ်အသတ်ဖြင့် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့ဖူးသည်ဟု ဒဂုံမြိုနယ် တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကျော်ဇေယျက ပြောသည်။
ထိုအချိန်က တပ်မတော် အင်ဂျင်နီယာတပ် မဲရုံတွင် မဲဆန္ဒရှင် ၈၀၀ ကျော်အနက် ဆန္ဒမဲ ၅၀ သာရရှိခဲ့ပြီး တပ်မတော်ဆေးတပ်မဲရုံရှိ မဲဆန္ဒရှင် ၁,၀၀၀ ခန့်တွင် ၄၄ မဲ သာရရှိခဲ့သည်ဟု ဦးကျော်ဇေယျက ဆိုသည်။
ဦးကျော်ဇေယျမှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
“၂၀၂၀ မှာ မဲကွဲသွားမယ်ဆိုရင် ကျွန်တော်တို့ရော NLD ရော ပြည်ခိုင်ဖြိုးကတောင် စားသွားနိုင်တယ်။ တပ်မဲတွေက ပြည်ခိုင်ဖြိုးကို ပုံပြီးပေးမယ်ဆိုရင် အဲဒီမဲဆန္ဒနယ် (၂) က ပြည်ခိုင်ဖြိုးက စားသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၀,၀၀၀ ကျော်တွင် မဲဆန္ဒရှင် ၃၄ သန်းကျော် ဆန္ဒမဲ ပေးခဲ့ကြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ၃၇ သန်းကျော် ရှိပြီး တပ်မိသားစုများ၏ မဲစာရင်းများ မပါဝင်သေးကြောင်း၊ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲဆန္ဒပေးရန် မဲရုံပေါင်း ၆၀၀ ကျော် လျာထားပြီး တပ်နှင့်အရပ်သား မဲဆန္ဒရှင်များ အတူတကွ မဲပေးရမည့် မဲရုံ ၃၃၉ ရုံ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဇန်နဝါရီ ၉ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအချိန်က တပ်တွင်းမဲရုံ ၈၄၄ ရုံနှင့် တပ်မတော်သားများနှင့် အတူနေမိသားစုများ ထည့်သည့်မဲရုံ ၁၀၈ ရုံရှိခဲ့ပြီး တပ်မတော်သားများနှင့် အတူရပ်ကွက်ကျေးရွာ မဲဆန္ဒရှင်များ ပေါင်းထည့်သည့် မဲရုံ ၁၃၉ ရုံရှိခဲ့သည်ဟု ကော်မရှင်က ဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








