နာဂစ်အခြေခံဥပဒေကို သံတိုင်ကြားက ကြက်ခြေခတ်ရဲသည့် မန္တလေးသူ

မန္တလေးမြို့မှ ထင်ရှားကျော်ကြားသူ အစ္စလာမ်ဘာသာဝင် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြမှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်လာသည်  

 

Published on Jul 29, 2020
Published on Jul 29, 2020
၂၀၀၃ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်ဝင်းမြမြ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လအတန်ကြာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)
၂၀၀၃ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်ဝင်းမြမြ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လအတန်ကြာ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-မင်းမင်း/Myanmar Now)

မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို စိတ်ကြိုက်ပုံဖော်နိုင်ရန် စစ်အာဏာရှင်ခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ကြသည်။ ၂၀၀၈ ခုနှစ်က သိန်းနှင့်ချီသော လူများ သေဆုံးခဲ့ရသည့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးခါစအချိန်၌ပင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ဗိုလ်ချုပ်များက အစောတလျင် အတည်ပြုခဲ့ကြသည်။  

၂၀၀၈ အခြေခံဥပဒေအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူခဲ့ရာတွင် လူဦးရေ ၅၇ ဒသမ ၃၇ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့သည်ဟု ထိုအချိန်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုတ်ပြန်ခဲ့သည်။ ခြောက်နှစ်အကြာတွင် တရားဝင်ကောက်ခံခဲ့သည့် ၂၀၁၄ ခုနှစ် သန်း‌ခေါင်းစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၂ သန်းကျော်သာရှိရာ ငါးသန်းခန့် ပိုများနေခဲ့သည်။ 

မလျော်ဩဇာဖြင့် အတည်ပြုခဲ့သောကြောင့် နာဂစ်ဖွဲ့စည်းပုံဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။ 

အာဏာရှင်တို့အတည်ပြုခဲ့သည့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ကန့်ကွက်ရဲသူ ရှားခဲ့ပေသည်။ ဖွဲ့စည်းပုံအခြေခံ ပြန်လည်ပြင်ဆင်ရေးကြွေးကြော်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖွဲ့သည်ပင် ယနေ့အချိန်ထိ မလှုပ်သာသေးသည့် အနေအထားဖြစ်သည်။ 

သို့သော် ထိုနာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုခေတ်ထိုအခါကတည်းက ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့သူတစ်ဦးရှိနေသည်။ ပို၍ထူးခြားသည်မှာ အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းပင်။  

မန္တလေးမြို့မှ နာမည်ကျော် နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဝင်းမြမြတစ်ယောက် အကျဉ်းထောင်အတွင်းမှ နေ၍ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ 

"ကြက်ခြေခတ်ခဲ့တယ်။ ထောင်ပိုင်ကိုလည်းပြခဲ့တယ်။ ဒီမှာနော် ကျွန်မကြက်ခြေခတ်ထားတာ မှန်ရဲ့လားဆိုပြီးပြခဲ့တယ်” ဟု ဆိုလိုက်သည့် ဒေါ်ဝင်းမြမြ၏အသံက အားမာန်အပြည့်ပင်။ 

မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်ဝင်းမြမြမှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားမှု လူထုအရေးတော်ပုံတွင် ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင်သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ယနေ့ အသက် ၇၁ နှစ်အထိ နိုင်ငံရေးတွင် မဆုတ်မနစ် ပါဝင်လှုပ်ရှားနေခဲ့သူလည်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုချိန်က ဒေါ်ဝင်းမြမြမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုဖြင့် မန္တလေးမြို့ အိုးဘိုထောင်အတွင်း ပြစ်ဒဏ်ချမှတ်ခြင်း မခံရသေးဘဲ အချုပ်သား ဖြစ်နေခဲ့သည်။ 

ထို့နောက်တွင် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုထောင်သို့ အပို့ခံခဲ့ရသည်။ ဤမတိုင်မီကလည်း ရက်စက်ကြမ်းတမ်းလှသော အာဏာရှင်လက်ပါးစေများကြောင့် ဒေါ်ဝင်းမြမြတစ်ယောက် လက်နှစ်ဖက် သွင်သွင်ကျိုးခဲ့ရဖူးသည်။  

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်တွင် လိုက်ပါရင်း ၂၀၀၃ ဒီပဲယင်းအရေးအခင်း၌ လူအုပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ ရိုက်နှက်ခံခဲ့ရသည်။ ၎င်း၏ လက်နှစ်ဖက်တွင် သေရာပါ ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သည်။ 

“လူတွေက အကုန်လုံး လက်ကိုနောက်ပစ်ထားတယ်။ ခြေထောက်ကြီးတွေကားပြီး ရပ်နေတယ်။ ကျွန်မတို့ကားလည်း အဲဒီရှေ့ကိုရောက်သွားရော ချဟေ့၊ ချဟေ့ဆိုပြီး နောက်ကပစ်ထားတဲ့ လက်တွေ အရှေ့ထုတ်လိုက်တော့ တုတ်ကြီးတွေနဲ့ပဲ။ ပုံစံတူတွေပဲ”ဟု ဒီပဲယင်းတွင် ကြုံတွေ့ခဲ့ရပုံကို ဒေါ်ဝင်းမြမြက ပြန်ပြောင်းပြောပြသည်။

အထက်ပါအဖြစ်အပျက်များမတိုင်မီကပင် ဒေါ်ဝင်းမြမြနှင့်အတူ ညီအစ်ကိုမောင်နှမများသည်လည်း စစ်အာဏာရှင်ကိုဆန့်ကျင်မှုနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အမျိုးမျိုးသော ဖိနှိပ်မှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ 

“နိုင်ငံရေးလုပ်ရင် တစ်ချိန်မှာ ဒီအိမ်ကြီး တံခါးသော့ခတ်ရတဲ့အဆင့်ထိ ရောက်ရင်ရောက်မယ်နော်လို့ အစ်ကိုဖြစ်သူက ပြောခဲ့ဖူးတယ်။ အားလုံးက ရတယ်ဆိုပြီးလုပ်လိုက်တာ အဲဒီအခြေအနေ ရောက်သွားခဲ့တယ်" ဟု ဒေါ်ဝင်းမြမြက  ပြန်ပြောင်းပြောပြသည်။

ဒေါ်ဝင်းမြမြငယ်စဉ်က မိဘများ၏ ကိုယ်ပိုင်အထည်အလိပ်လုပ်ငန်း ပြည်သူပိုင်သိမ်းခံခဲ့ရသည်။ မန္တလေးဈေးချိုအတွင်း 'စန်းရောင်ရှင်' အမည်ရှိ မိသားစုပိုင် လက်ကျန်ဆိုင်လေးသည်ပင် ဒေါ်ဝင်းမြမြတို့ ညီအစ်ကိုမောင်နှမများ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပိတ်သိမ်းခံခဲ့ရသည်။ 

“ဒီအစိုးရတက်မှပဲ ပြန်ရနိုင်ဖို့ စနစ်တကျပြန်လုပ်ခဲ့ရတယ်။ သိမ်းယူမှုမှာပါဝင်သူတွေကို ပြန်ခေါ်စစ်ပြီးတော့ ပြန်ရသင့်တယ်ဆိုတာ မှန်ကန်လို့ ပြန်ရတာပေါ့။ ကကြီးကနေ ပြန်စရပါတယ်။ အခုတော့ အသက် ၇၀ ကျော်တွေနဲ့ ပြန်ပြီးရုန်းကန်နေရတာပေါ့လေ” ဟု ဒေါ်ဝင်းမြမြက ပြောသည်။

၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံရခြင်းဟူသည် ဒေါ်ဝင်းမြမြတို့မိသားစုအတွက် မစိမ်းတော့ပေ။ 

အခါရာသီအလိုက် စစ်အစိုးရ၏ ဖမ်းဆီးစစ်ဆေးမှု၊ ထိန်းသိမ်းမှုကိုလည်း ခံရသည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၊ ၉၀ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့၊ အာဇာနည်နေ့၊ ပါတီထူထောင်သည့်နေ့ စသည့် အထူးအထွေ နေ့ကြီးရက်ကြီးများ နီးကပ်လာတိုင်းလည်း ဒေါ်ဝင်းမြမြကို ဖမ်းဆီးထိန်းသိမ်းလေ့ရှိသည်။ 

စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအပေါ် ကြံ့ကြံ့ခံနိုင်ခဲ့သည့် ဒေါ်ဝင်းမြမြကို မန္တလေးမြို့ခံများက မှတ်မှတ်ရရရှိကြသည်။ နိုင်ငံရေးယုံကြည်မှု၊ ရပ်တည်ချက်ခိုင်မာမှုအပေါ် ချီးကျူးကြသည်။ 

“သက်ဆိုင်ရာတွေက ဘယ်လောက်နှိပ်စက် နှိပ်စက် ယုံကြည်ချက်မပျက်ဘူး။ မိသားစုလိုက် အပြုံးမပျက် ကြံ့ကြံ့ခံခဲ့ကြတယ်” ဟု မန္တလေးတိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Peace Group ငြိမ်းချမ်းရေးအဖွဲ့ မန္တလေးဥက္ကဋ္ဌ ဦးသိန်းတန်က မှတ်ချက်ပြုသည်။

ဒေါ်ဝင်းမြမြကဲ့သို့ စိတ်ဓာတ်ခိုင်မာပြီး တည်ကြည်မှုအားကောင်းသော အမျိုးသမီးကြီးနှင့် တစ်မြို့တည်းအတူ ရှိနေရသည့်အတွက် လွန်စွာဂုဏ်ယူမိသည်ဟု မန္တလေးမြို့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။ 

“မြန်မာဆန်တယ်၊ ဗမာဆန်တယ်ပေါ့။ နေမှု၊ ထိုင်မှု၊ ပြောမှု၊ ဆိုမှု၊ ဝတ်စားဆင်ယင်မှု။ စကားလုံး အသုံးအနှုန်းတွေကအစ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သိပ်ပြီးအလေးထားတယ်၊ ကျွန်မတောင် အတုယူရတယ်” ဟု ဒေါ်ရွက်နုအောင်က မှတ်ချက်ပြုသည်။

နိုင်ငံရေးမုန်တိုင်းထဲ နောက်မဆုတ်တမ်းတိုးဝင်ခဲ့ပြီး လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုကို မချိအောင် ခံစားခဲ့ရသူလည်းဖြစ်သည်။ အမျိုးမျိုးသော ဖိနှိပ်မှုချုပ်ခြယ်မှုများအကြား ဒေါ်ဝင်းမြမြ၏အမည်က နှစ်ပေါင်း ၃၀ ကျော် ထင်ရှားခဲ့ပြီးဖြစ်သည်။ 

“နိုင်ငံရေးလုပ်တယ်ဆိုပြီးမှ နောက်ဆုတ်လို့မကောင်းဘူး။ အရှက်၊ အရှက်ပေါ့၊ ကိုယ့်သိက္ခာပေါ့ ”ဟု ဒေါ်ဝင်းမြမြက ပြောသည်။

ထိုသို့ထင်ရှားကျော်ကြားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်ကတည်းက တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ပင် မဖြစ်ခဲ့ပေ။ အကြောင်းမူကား အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်သည်။ 

ဘာသာရေးနှင့် လူမျိုးရေး လှုံ့ဆော်မှုအားကောင်းခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်ဝင်းမြမြတစ်ယောက် ကိုယ်စားလှယ်လောင်းဖြစ်ခွင့် မသာခဲ့ပေ။ အခြေအနေအရ ပါတီကိုယ်စားလှယ်လောင်းလျှောက်လွှာကို ကိုယ့်သဘောဖြင့်ကိုယ် ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ မန္တလေးတိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌအဖြစ် ပေးအပ်သည့် ပါတီတာဝန်များကိုသာ ကျေပွန်အောင် ထမ်းဆောင်ဖြစ်ခဲ့သည်။ 

ပါတီအနေဖြင့်လည်း အခြေအနေအရ အစ္စလာမ်ဘာသာဝင်များကို ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်နိုင်ခဲ့ပေ။ သို့သော် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါ်ဝင်းမြမြ၏အမည် ပါဝင်လာခဲ့သည်။

"ကျွန်မက အစ္စလာမ်သာသနာဝင်တစ်ယောက်၊ ကျွန်မ ဗမာလူမျိုးတစ်ယောက်၊ ကျွန်မက ဗမာ့နိုင်ငံရေး၊ ဗမာ့နိုင်ငံအတွက်၊ ကျွန်မတို့ ပြည်သူတွေအတွက်၊ ကျွန်မတို့နိုင်ငံအတွက် ကျွန်မ အလုပ်လုပ်နေတာ။ ဘာသာရေးဆိုတာကို ကျွန်မ သတိမရဘူး။ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ပြည်သူတွေ၊ အဖွဲ့ချုပ်တာဝန်ရှိသူတွေ ကျွန်မအပေါ်မှာ အားလုံးက မေတ္တာနဲ့ပဲ။ ဒီဘာသာ‌ရေးကို မကြည့်ကြဘူး။ ကျွန်မလည်း ကိုယ့်ဟာကိုယ် ဒီဘာသာရေးကို ထည့်ပြောဖို့က မေ့တယ်လေ။ ကျွန်မအတွက် ဘာသာရေးက ထည့်မထားဘူး" ဟု ဒေါ်ဝင်းမြမြက ၎င်း၏ ခံယူချက်ကို ပြောပြသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် ပါတီက ပထမဆုံးအကြိမ် အခွင့်အရေးပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်ဝင်းမြမြသည် ပြည်သူ့လွှတ်တော်နေရာအတွက် စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ပြင်းထန်လွန်းသော နိုင်ငံရေးလောကဓံအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခဲ့သည့် ဒေါ်ဝင်းမြမြကို သံမဏိနှလုံးသားရှိသူဟုလည်း တင်စားကြသည်။ 

အနာဂတ်နိုင်ငံရေးမုန်တိုင်းများအတွက် မည်သို့ပြင်ဆင်ထားသလဲဟုမေးရာ ဒေါ်ဝင်းမြမြက “ဗုဒ္ဓဘာသာအရဆိုရင် ကံကံ၏အကျိုးဆိုတာ ရှိပါတယ်။ အစ္စလာမ်မှာလည်း ဘုရားသခင် စီရင်တယ်ဆိုတာ ရှိပါတယ်၊ ကြောက်ပြီးတော့မှ မလုပ်ဘဲနေရင် လုပ်လို့မအောင်မြင်တာပဲရှိမှာ၊ လုပ်နေတော့လည်း အချိန်တန်တော့ သူ့အချိန်နဲ့သူ သွားပါများခရီးရောက်၊ အဲဒီသဘောမျိုးပဲ ခံယူပါတယ်။ ဘယ်အရာမဆို ဖြစ်စရာရှိဖြစ်မယ်၊ ပျက်စရာရှိပျက်မယ်လေ။ လုပ်စရာရှိတာလုပ်ရမှာပဲ” ဟု ရယ်မောစွာဖြင့် ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading