မီးပူကပ်၊ ရေနွေးပူလောင်းနှိပ်စက်ခံရသည့် အိမ်အကူအမှု ပြစ်ဒဏ်နည်းဟု ရှေ့နေများဝေဖန်

ကျူးလွန်သူအိမ်ရှင်မှာ ကလေးသူငယ်ဥပဒေအရ  ၂၀၁၉ တွင် ထောင် ၆ လနှင့် နာကျင်စေမှုတို့အတွက် ထောင်တစ်လနှင့် ငွေဒဏ်သုံးသိန်းသာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည် 

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံရသော ကလေးအလုပ်သမား မခိုင်နှင်းဝေ ၂၀၁၇ ဇွန်လဆန်းပိုင်းက သင်္ကန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် (ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)
အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံရသော ကလေးအလုပ်သမား မခိုင်နှင်းဝေ ၂၀၁၇ ဇွန်လဆန်းပိုင်းက သင်္ကန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် (ဓာတ်ပုံ - ဆလိုင်းလာလ်နွန်အုပ်/Myanmar Now)

၁၃နှစ်အရွယ် အိမ်အကူမိန်းကလေး မခိုင်နှင်းဝေကို ခန္ဓာကိုယ်အနှံ့ မီးပူနှင့်ကပ်ခြင်း၊ ရေနွေးပူနှင့်လောင်းခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းတို့ပြုလုပ်ကာ နှိပ်စက်ခဲ့မှုအတွက် တရားခံအိမ်ရှင်ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မများအရ ထောင်တစ်လနှင့် ငွေဒဏ် ကျပ်သုံးသိန်း ပြစ်ဒဏ်ချမှတ်ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ်မမျှတကြောင်း ရှေ့နေအသိုင်းအဝိုင်းက ဝေဖန်သည်။

၂၀၁၇ ဇွန်လအတွင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ်အိမ်ရာအတွင်းဖြစ်ပွားခဲ့သည့် ယင်းအမှုအတွက် အိမ်ရှင်ဖြစ်သူ မမြတ်နိုးသူမှာ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ၊ ဘေးဖြစ်စေတတ်သော လက်နက် သို့မဟုတ် နည်းလမ်းဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄ တို့အရ  အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိရသဖြင့် ဇူလိုင် ၂၁ တွင် စီရင်ချက်ချခဲ့သည်။

သို့သော် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၃၂၅ အတွက် ထောင်ဒဏ်တစ်လ၊ ထောင်ဒဏ် ၃ နှစ်အထိနှင့် ငွေဒဏ်များချမှတ်နိုင်သည့် ပုဒ်မ ၃၂၄ အတွက် ဒဏ်ငွေ သုံးသိန်းသာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်ထွေးထွေးထက်က ပြစ်ဒဏ်ချမှတ်ခဲ့သဖြင့် ပြစ်မှုနှင့်ပြစ်ဒဏ်မမျှဟူသည့် ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 

တရားခံ မမြတ်နိုးသူ၏ခင်ပွန်း ကိုထွန်းထွန်းမှာလည်း ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်းတို့ ပြုလုပ်ကြောင်း မပေါ်ပေါက်သည့်အတွက် အမှုမှ လွတ်မြောက်ခဲ့သည်။ 

တရားခံ မမြတ်နိုးသူက အိမ်အကူမိန်းကလေး လာရောက်အလုပ်လုပ်ကိုင်သည့် တစ်လခန့်ကာလအတွင်း ရေနွေးပူဖြင့်လောင်းခြင်း၊ လက်ကို ကတ်ကြေးဖြင့်ထိုးခြင်း၊ မီးပူဖြင့်ကပ်ခြင်း၊ ခြေထောက်ကို ဝါးတုတ်ဖြင့်ရိုက်ခြင်း၊ ပါးစပ်ကို လက်ချုပ်အပ်ဖြင့် ပေါက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် အိမ်အကူမိန်းကလေးမှာ ရင်ဘတ်၊ ကျော၊ လက်နှစ်ဖက်နှင့် ပေါင်နှစ်ဖက်တွင် အပူလောင်ဒဏ်ရာများနှင့် ဦးခေါင်းနှင့် ခြေထောက်တို့တွင် ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်။ 

ထိုကဲ့သို့ ပြစ်မှုပြစ်ဒဏ်မမျှခြင်းမှာ ရာဇသတ်ကြီးဥပဒေပါ ပြစ်ဒဏ်ပြဋ္ဌာန်းချက်များသည် အနည်းဆုံးမည်မျှမှ အများဆုံးမည်မျှအထိ ချမှတ်ရမည်ဟူသည့် ကန့်သတ်ချက်မပါသော အားနည်းချက်ကြောင့်လည်း ဖြစ်သည်ဟု အဆိုပါအမှုအပါအဝင် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ထိခိုက်နစ်နာမှုများအတွက် ကူညီဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ဒါရိုက်တာ ဒေါ်လှလှရီက ဆိုသည်။

“တချို့သော ပြစ်ဒဏ်တွေမှာ ကျူးလွန်သူရဲ့ အနေအထား၊ ဖြစ်တဲ့အကြောင်းရင်းတွေ အပေါ်မှာ စဉ်းစားသုံးသပ်ပြီးတော့ တရားသူကြီးတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားပြစ်ဒဏ်က သက်ညှာတဲ့ပြစ်ဒဏ်ချမှတ်နိုင်သလို ကြီးလေးတဲ့ ပြစ်ဒဏ်လည်း ပေးလို့ရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်” ဟု ဒေါ်လှလှရီက ဆိုသည်။

ယင်းအမှုအတွက် လူမှုဝန်ထမ်းဦးစီးဌာနကလည်း ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) အရ အိမ်ရှင်များကို ထပ်မံတရားစွဲဆိုခဲ့သည့်အတွက် ကျူးလွန်သူ မမြတ်နိုးသူမှာ ၂၀၁၉ တွင် ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရကာ ၂၀၂၀ ဧပြီတွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မများအတွက် အာမခံဖြင့် တရားရင်ဆိုင်နေခဲ့ခြင်းဖြစ်သည်။ 

မမြတ်နိုးသူသည် ထောင် ၆ လ ကျချိန်တွင် ကိုယ်ဝန်နှင့်ဖြစ်ပြီး ထောင်ထဲ၌ပင် ကလေးမီးဖွားခဲ့သည်။ ကျန်ပုဒ်မများအတွက် အာမခံဖြင့် တရားဆက်လက်ရင်ဆိုင်ချိန်တွင် ရင်ခွင်ပိုက်ကလေးငယ်နှင့် ဖြစ်သည်။ 

မခိုင်နှင်းဝေနှင့် အိမ်ရှင်များမှာလည်း ဆွေမျိုးနီးစပ်တော်စပ်သည်ဟု တရားရုံးစီရင်ချက်အမိန့်စာပါ သက်သေထွက်ဆိုချက်မှတ်တမ်းများအရ သိရသည်။ မခိုင်နှင်းဝေ၏ ဒဏ်ရာများကို “ဆေးဝါးကုသရန်” ဆိုကာ ၎င်း၏ အဘွားဖြစ်သူအား အိမ်ရှင်များက ကျပ် ၂၈ သိန်းပေးခဲ့ပြီး အဘွားဖြစ်သူကလည်း အမှုရုပ်သိမ်းပေးရန် လျှောက်ထားခဲ့ကြောင်း တရားရုံးစီရင်ချက်မှတ်တမ်းတွင် တွေ့ရသည်။ 

မမြတ်နိုးသူနှင့် ကိုထွန်းထွန်းကို ရာဇသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်တိုင်တန်းခဲ့သူမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရာအိမ်မှူး ဦးမျိုးတင့်နိုင်ဖြစ်သည်။ 

ဦးမျိုးတင့်နိုင်မှာ နစ်နာသူ အိမ်အကူမိန်းကလေးနှင့် ဆွေမျိုးတော်စပ်မှုမရှိဘဲ ၎င်းတာဝန်ယူအုပ်ချုပ်ရသည့် ရပ်ကွက်အတွင်း အိမ်အကူညှဉ်းပန်းနှိပ်စက်မှုဖြစ်ပွား၍ တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။ အမှုပြေလည်လိုကြောင်း လာရောက်ညှိနှိုင်းသော်လည်း လက်မခံခဲ့ကြောင်း ၎င်းက ဆိုသည်။

မမြတ်နိုးသူကို ထောင်တစ်လနှင့် ငွေသုံးသိန်း ချမှတ်ခြင်းမှာ ကျူးလွန်သူသည် ကလေးသူငယ်ဥပဒေပုဒ်မဖြင့် ထောင် ၆ လ ကျခံထားပြီးဖြစ်ခြင်း၊ နစ်နာသူနှင့် ကျူးလွန်သူတို့ ဆွေမျိုးတော်စပ်ခြင်း၊ ကျူးလွန်သူအမျိုးသမီးမှာ ရင်ခွင်ပိုက်ကလေးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦးရှိခြင်း၊ တရားလို ရာအိမ်မှူးနှင့် ကျူးလွန်သူမိသားစုတို့လည်း ရန်ငြိုးမဖြစ်ပွားစေရန် ရည်ရွယ်သည်ဟု စီရင်ချက်အမိန့်စာတွင် ရေးသားထားသည်။ 

မခိုင်နှင်းဝေနှိပ်စက်ခံရမှုအပေါ် တရားသူကြီးက ဆင်ခြင်ရာတွင် ကျူးလွန်သူဘက်က စဉ်းစားဆင်ခြင်ထားပြီး နစ်နာသူ အိမ်အကူမိန်းကလေးဘက်က ဆင်ခြင်မှု နည်းပါးနေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်သည်။

“တရားလိုဘက်ချည်းပဲ ကြည့်နေမယ်။ စွပ်စွဲခံရသူဘက်ချည်းပဲ ကြည့်နေမယ်ဆိုရင် အဲဒီဆင်ခြင်တုံတရားဟာ တစ်ဖက်စောင်းနင်း ဖြစ်ဖို့များတယ်။ သမာသမတ်ကျတဲ့ ဆင်ခြင်တုံမှု မဟုတ်တော့ဘူး” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ထို့အပြင် ချမှတ်လိုက်သည့် ပြစ်ဒဏ်သည် အလားတူကျူးလွန်မှုများ နောက်မဖြစ်ပွားရန် ဟန့်တားရာရောက်သည့် ပြစ်ဒဏ်များမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါပြစ်ဒဏ်များသည် စတိသဘောသာဖြစ်နေပြီး အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ နှင့်ပတ်သက်၍ စတိပြစ်ဒဏ်များ မချမှတ်သင့်ကြောင်း ၁၉၆၂ ခုနှစ် တရားရုံးများ ညွှန်ကြားလွှာအမှတ် ၂၉ တွင် ဖော်ပြထားသည်ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ထိုသို့ ပြစ်ဒဏ်နည်းပါးမှုကြောင့် အိမ်အကူနှိပ်စက်ခံရသည့်အမှုများကို ဖော်ထုတ်ပေးနိုင်သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများသည် ဖြစ်စဉ်များရှိလာလျှင်ပင် တိုင်တန်းရန် ဆိုင်းတွသွားနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။ 

အလားတူပင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကလည်း ထိုကဲ့သို့သော အမှုများအတွက် ပြစ်ဒဏ်သည် ရာဇဝတ်မှုကျူးလွန်မှုကို ဟန့်တားပေးနိုင်သည့် ကြီးလေးသော ပြစ်ဒဏ်မျိုးများ ဖြစ်သင့်သည်ဟု ဆိုသည်။ 

“သူ့ ပြစ်ဒဏ် ပြဋ္ဌာန်းထားတာထက် အဆမတန်နည်းတယ်။ ကျွန်တော့် ကိုယ်ပိုင်အယူအဆပေါ့။ ပြစ်မှုကျူးလွန်တဲ့သူတွေအတွက် အဟန့်အတားမဖြစ်လောက်ဘူး။ အဟန့်အတားဖြစ်နိုင်လောက်တဲ့ ပြစ်ဒဏ်ချသင့်တယ်” ဟု ဦးကျော်ဟိုးက ပြောသည်။ 

ပြစ်ဒဏ်ချမှတ်ရာတွင် နစ်နာသူ မိန်းကလေး၏ အုပ်ထိန်းသူက အမှုရုပ်သိမ်းရန်တင်သည့်အချက်ကို တရားသူကြီးက အထိုက်အလျောက်သာ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ယခုပြစ်ဒဏ်များကိုကြည့်လျှင် ထည့်သွင်းစဉ်းစားမှုအတိုင်းအတာမှာ အနည်းငယ်များသည်ဟု ထင်မြင်ကြောင်း ဦးကျော်ဟိုးက ဆိုသည်။ 

ဥပဒေရေးရာကုစားမှုအဖွဲ့ဒါရိုက်တာ ဒေါ်လှလှရီကမူ တရားသူကြီးသည် တရားခံ၏ အကျင့်စာရိတ္တကို ပြုပြင်ပြောင်းလဲနိုင်သည်ဟု ယုံကြည်သဖြင့် ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“ရင်ခွင်ပိုက် နို့တိုက်ကလေး ရှိနေသော အမျိုးသမီးတစ်ယောက်ရဲ့ အခက်အခဲကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ ဒီပြစ်ဒဏ်လောက် ချတယ်ဆိုရင် ဒီအမျိုးသမီးရဲ့ အကျင့်စာရိတ္တက ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုပြီးတော့ တရားသူကြီးတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ ချထားတာ ဖြစ်တယ်” ဟု ဒေါ်လှလှရီက ပြောသည်။ 

သို့သော် အိမ်အကူကိုသာ မဟုတ်ဘဲ လူတစ်ဦးကို ဂုဏ်သိက္ခာထိခိုက်စေပြီး ယခုကဲ့သို့ ရက်ရက်စက်စက် နာကျင်အောင် ပြုမူချက်များကို လူ့အသိုင်းအဝိုင်းက လက်မခံသင့်သလို ဥပဒေအရလည်း ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ပြဋ္ဌာန်းချမှတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ 

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေးငယ်များအမှုနှင့် ကွာခြားချက်များ

အိမ်အကူများညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် ပတ်သက်၍ အရေးယူခြင်းကိစ္စရပ်များအနက် ၂၀၁၆ တွင် ရန်ကုန်၌ ဖြစ်ပွားခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ထင်ရှားသည်။ 

ထိုအမှုတွင် အိမ်ရှင်မိသားစုများက ငါးနှစ်ကြာ မတရားထိန်းသိမ်းကျွန်ပြုနှိပ်စက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် အိမ်အကူမိန်းကလေးနှစ်ဦးအနက် တစ်ဦးမှာ လက်ချောင်းအားလုံး ကျိုးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ကတ်ကြေးဖြင့်ထိုးခံရသည့်ဒဏ်ရာများ၊ ဓားခုတ်ဒါဏ်ရာများ ရရှိခဲ့သည်။ 

အိမ်ရှင်မိသားစုဝင်များကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၅ နှစ်၊ ကလေးသူငယ်ဥပဒေ ၆၆ (ဃ) အရ တစ်နှစ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ထောင် ၁၀ နှစ် တို့ကို သီးခြားကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၇ နှစ်ကုန်ပိုင်းတွင် အမိန့်ချမှတ်ခဲ့သည်။ မိသားစုဝင် ၆ ဦးအနက် နှစ်ဦးမှာ အားပေးကူညီမှုမှ လွတ်မြောက်ခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှု ပေါ်ပေါက်ပြီးနောက် အိမ်အကူများ အလားတူ ညှဉ်းပန်းနှိပ်စက်ခံရမှုများအပေါ် အိမ်ရှင်၏ အိမ်နီးနားချင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက တရားစွဲအဖွဲ့အစည်းများထံ တိုင်တန်းမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။

သို့သော် ၁၃ နှစ်အရွယ် မခိုင်နှင်းဝေ၏အမှုနှင့် အင်းဝအပ်ချုပ်ဆိုင်အမှုတို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေမှလွဲ၍ တူညီသည့် စွဲချက်တင်ပုဒ်မနှစ်ခုရှိသော်လည်း တရားခံများကို ချမှတ်ခဲ့သည့် ပြစ်ဒဏ်များမှာ ကွာခြားသည်။ အိမ်အကူမိန်းကလေးများ နှိပ်စက်ခံရသည့် ကာလအတိုင်းအတာလည်း ကွာခြားသည်။ 

ယင်းအမှုနှစ်ခုတွင် တရားသူကြီးများ၏ ပြစ်ဒဏ်ချမှတ်ပုံချင်း ကွာခြားရခြင်းမှာ အများဝေဖန်သကဲ့သို့ အင်းဝအပ်ချုပ်ဆိုင်အမှုတွင် ကျူးလွန်သူများမှာ လူမျိုးဘာသာမတူသည့် အချက်ကြောင့်မဟုတ်ဘဲ သက်သေခိုင်လုံမှုအားကောင်းခြင်း၊ သတင်းမီဒီယာက အဆက်မပြတ် စောင့်ကြည့်သတင်းရေးသားခြင်း၊ အမှုစတင်ဖြစ်ပွားချိန်တွင် မီဒီယာ၏ ဖော်ပြရေးသားချက်မှာ စေ့စပ်သေချာမှုတို့ကြောင့်ဖြစ်ကြောင်း ယင်းအမှုအတွက် နစ်နာသူမိန်းကလေးနှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သူ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။

မခိုင်နှင်းဝေ ညှဉ်းပန်းနှိပ်စက်ခံရမှုဖြစ်ပွားသည့် ၂၀၁၇ တွင် Myanmar Now၊ 7Day ၊  ဧရာဝတီ စသည့်သတင်းဌာနများက အစဉ်တစိုက် ရေးသားဖော်ပြခဲ့ကြသော်လည်း အမှုဖြစ်ပွားပြီး နှစ်နှစ်၊ သုံးနှစ်ခန့် အကြာတွင် သတင်းဖော်ပြမှုများ မတွေ့ရတော့ပေ။ 

မခိုင်နှင်းဝေ၏ အမှုအတွက် တရားလိုဘက်မှ သက်သေရှစ်ဦး စစ်ဆေးခဲ့ပြီး တရားခံဘက်မှ တစ်ဦးသာ စစ်ဆေးနိုင်ကြောင်း တရားလိုပြုတိုင်ကြားသူ ရာအိမ်မှူး ဦးမျိုးတင့်နိုင်က ပြောသည်။ 

တရားခံဘက်မှ သက်သေငါးဦး တင်ပြခဲ့သော်လည်း မမြတ်နိုးသူ၏ခင်ပွန်း ကိုထွန်းထွန်း အငှားယာဉ်မောင်းသည့် ကားဂိတ်မှ ဆိုင်ကယ်အငှားဆွဲသူ ဦးမျိုးဝင်းဆိုသူ တစ်ဦးသာ တရားရုံးသို့ လာရောက်အစစ်ခံခဲ့ကြောင်း တရားလိုဦးမျိုးတင့်နိုင်က ဆိုသည်။

ကိုထွန်းထွန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၅ နှင့် ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) ပြစ်မှုသုံးခုစလုံးတွင် အားပေးကူညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အပြစ်မရှိကြောင်း အမိန့်ချမှတ်ခံရသည်။ 

ကျူးလွန်သူအိမ်ရှင် မမြတ်နိုးသူမှာလည်း ထောင်ဒဏ်တစ်လကို ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ရပြီး ဒဏ်ငွေ သုံးသိန်းသာ ချမှတ်ခံရသဖြင့် ယခုအခါ အမှုမှလွတ်မြောက်လာပြီဖြစ်သည်။ 

ပြစ်ဒဏ်နည်းသော်လည်း အထက်တရားရုံးသို့ ပြင်ဆင်ချက်မတက်လိုတော့ကြောင်း တရားလို ရာအိမ်မှူး ဦးမျိုးတင့်နိုင်က ပြောသည်။ 

တိုင်ကြားခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နောက်နောင် အလားတူ အိမ်အကူညှဉ်းပန်းနှိပ်စက်မှုများ မဖြစ်ပွားအောင် အာဏာပိုင်များနှင့် တရားစီရင်ရေးက ထိရောက်သောအရေးယူမှု ပြုစေရန်ဖြစ်သော်လည်း ကျူးလွန်သူတရားခံကို ယခုကဲ့သို့ ပြစ်ဒဏ်အနည်းငယ်သာ ချမှတ်ခဲ့သည့်အတွက် အိမ်အကူမိန်းကလေးကို ကယ်တင်နိုင်ခဲ့သည့် ပီတိသာပြန်ရခဲ့သည်ဟု Myanmar Now ကို ၎င်းက ပြောသည်။

“တရားရုံးကို အယုံအကြည် မရှိတော့ဘူး။ နောက် ဒီအမှုမျိုးဖြစ်လာရင် မတိုင်တော့ဘူး။ သူ တစ်ချက်ရိုက်ရင် ကိုယ်နှစ်ချက်ပြန်ရိုက်လို့ပဲ ပြောတော့မယ်” ဟု ဦးမျိုးတင့်နိုင်က ဆိုသည်။ 

အိမ်အကူမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း ရာအိမ်မှူးဦးမျိုးတင့်နိုင်ထံ တိုင်ကြားခဲ့သူတစ်ဦးဖြစ်သည့် ဦးကျော်မိုးကလည်း “နောက်လည်း တိုင်ဖို့အနေအထား မရှိဘူးလေ။ မျှတမှုမှ မရှိတာ။ ဦးမျိုးတင့်နိုင်ပြောသလိုပဲ သူ နှစ်ချက်ရိုက်ရင် လေးချက် ပြန်ရိုက်ခိုင်းလိုက်ဖို့ပဲ ရှိတော့မယ်” ဟု ဇူလိုင် ၂၈ တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောသည်။

တရားလိုက ပြင်ဆင်မှုမတက်သည့်တိုင် အစိုးရဥပဒေအရာရှိများက ပြင်ဆင်ချက်တက်သင့်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။ 

ပြစ်ဒဏ်ပြင်ဆင်ချက်တက်ရန် အစီအစဉ်ရှိမရှိ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တရားရုံး ဥပဒေအရာရှိထံ Myanmar Now က သွားရောက် မေးမြန်းခဲ့သော်လည်း ၎င်းမှာ သတင်းဌာနထံ ဖြေဆိုပိုင်ခွင့် မရှိကြောင်းသာ ဆိုသည်။

ယခုအမှုအမိန့်ချပြီးနောက် ကလေးသူငယ်ဥပဒေအရဆိုကာ Myanmar Now က မခိုင်နှင်းဝေကို တွေ့ရှိခွင့် မရတော့ပေ။ အမှုစတင်ဖြစ်ပွားသည့် ၂၀၁၇မှ စ၍ လူမှုဝန်ထမ်းဦးစီးဌာနက မခိုင်နှင်းဝေကို စောင့်ရှောက်ထားပြီး ပညာသင်ကြားပေးလျက်ရှိသည်ဟု သိရသည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading