သစ္စာစောင့်သိမှုကို အသံတိတ်ဖော်ညွှန်းခဲ့သူ ဦးစိုးဝင်း 

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများတွင် တွေ့မြင်ရလေ့ရှိသည့် အနီးကပ်လုံခြုံရေး ဦးစိုးဝင်းမှာ ရုတ်တရက်ဆုံးပါးခဲ့သည် 

Published on Jul 29, 2020
လုပ်ကြံသတ်ဖြတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအောက်မေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူ၏အပါးတော်မြဲ ဦးစိုးဝင်းကို စကားပြောနေဟန်။ (ဓာတ်ပုံ-ဘိုဘို)
လုပ်ကြံသတ်ဖြတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီအောက်မေ့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူ၏အပါးတော်မြဲ ဦးစိုးဝင်းကို စကားပြောနေဟန်။ (ဓာတ်ပုံ-ဘိုဘို)

၂၀၂၀ ရွေးကောက်ပွဲ၏ အရေးကြီးအကြိုကာလနေ့ရက်များ တစ်ရက်ပြီးတစ်ရက်ရောက်ရှိလာပြီဖြစ်သည်။ လူအများသိချင်နေကြသည့် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းပင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရုပ်သံမိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းတင်ပြချက်လည်းဖြစ်သည်။ 

ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် ပါတီအပေါ် သစ္စာရှိမှုကို ဦးစားပေးကာ ရွေးချယ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။ အခြားသောအကြောင်းအရာများထက် အရေးကြီးဟန်ရှိပေသည်။ 

တိုက်တိုက်ဆိုင်ဆိုင်ပင်။ ထိုသို့ပြောဆိုပြီး ရက်အနည်းငယ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာရှိလူယုံတစ်ဦး ရုတ်တရက်ဆုံးပါးခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး ဦးစိုးဝင်းသည် ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် နှလုံးရောဂါဖြင့် ရုတ်တရက်ဆုံးပါးခဲ့ခြင်းဖြစ်သည်။ အသက် ၅၉ နှစ်အရွယ် ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အပါးတွင် အနီးကပ်ဆုံးလုံခြုံရေးအဖြစ် နှစ်ပေါင်း ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တစ်နည်းအားဖြင့် အသက်ဆုံးသည့်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နောက်တစ်နည်းဆိုရသော် သက်ဆုံးတိုင်သစ္စာစောင့်သိခဲ့သူဖြစ်သည်။ 

ဦးစိုးဝင်း ရုတ်တရက်ဆုံးပါးခဲ့ခြင်းအပေါ် နီးစပ်သည့်အသိုင်းအဝိုင်းက ဝမ်းနည်းကြောင်းဆိုကြသည်။ သူ့အကြောင်းသိသူများက နှမြောတသ တမ်းတကြသည်။ ကြားရသူများက စုပ်တသပ်သပ်ဖြစ်ကြသည်။ ထိုထိုသော လူအများ၏ မှတ်ချက်များလည်း လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့သည်။ ဦးစိုးဝင်း၏ ရိုးသားမှု၊ သစ္စာစောင့်သိမှုကို ချီးမွမ်းကြသည်။ ဂုဏ်ယူကြသည်။ 

သစ္စာစောင့်သိမှုပြရုပ်၊ ရိုးသားမှုဂုဏ်ကို ဦးစိုးဝင်းက ဖော်ညွှန်းခဲ့လေသည်။ 

သစ္စာစောင့်သိမှုကို အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏ အနီးကပ်သက်တော်စောင့်တစ်ဦးက အသံတိတ်ဖော်ညွှန်းခဲ့ခြင်းပင်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော်တစ်ဦးအဖြစ် ကာလကြာရှည်ထမ်းဆောင်ခဲ့သော်လည်း အလုပ်တာဝန်အားလုံးကို အကောင်းဆုံးထမ်းဆောင်ခဲ့သူဟု ဦးစိုးဝင်းနှင့် နီးစပ်သူမိတ်ဆွေများက ပြောကြသည်။ မိသားစုကိုပင် ပဓာနမထားပဲ ဒေါ်အောင်ဆန်းစုကြည်အပါးတွင်သာ အချိန်ပြည့်ရှိနေရန် ကြိုးစားခဲ့သူဖြစ်သည်ဟု ဆိုကြသည်။ အာဏာရပါတီဥက္ကဌ၏ အနီးကပ်လူယုံ၊ နိုင်ငံတော်အကြီးအကဲတစ်ဦး၏ အနီးကပ်လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဦးစိုးဝင်းသည် မည်သည့်အခွင့်အရေး၊ အဆောင်အယောင်မျှ ရယူခံစားခဲ့ခြင်းမရှိဟု ဆိုကြသည်။ 

ထိုအချက်များကို ဦးစိုးဝင်း၏ ကျန်ရစ်သူမိသားစုဝင်များရှိရာ ရန်ကုန်မြို့ သာကေတရှိ နေအိမ်က သက်သေထူလျက်ရှိသည်။ အကျယ်အဝန်း ပေ ၂၀၊ ပေ ၆၀ မျှသာရှိသော အိမ်အိုအိမ်ဟောင်းတစ်လုံးသည်သာ ဦးစိုးဝင်းမိသားစုပိုင်ဖြစ်သည်။ ဦးစိုးဝင်း၏ သားသုံးယောက်ကိုလည်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်းကသာ အများဆုံးကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ရသည်။ ဦးစိုးဝင်းကား ဒေါ်အောင်ဆန်းစုကြည်အပါးတော်မြဲရန် နှစ်ပေါင်း ၂၀ ကျော် အိုးပစ်အိမ်ပစ်၊ မိသားစုကိုပစ်ကာ နေခဲ့သူဖြစ်သည်။ 

“သားသမီးတွေနဲ့ ပတ်သက်လို့ကတော့ ဘာတစ်ခွန်းမှ မပြောဘူး။ သားသမီးလေးတွေက သူ့ဟာသူလိမ္မာတယ်။ တစ်ခါမှလည်း မရိုက်ဖူးဘူး။ သူက သူ့သားသမီးတွေ အရမ်းချစ်တာ။ ဘာမှ ထွေထွေထူးထူး ပြောဆိုတာမျိုးလည်း မရှိဘူး။ သားသမီးတွေနဲ့လည်း ရင်အုပ်မကွာ သိပ်နေရတယ် မရှိဘူး” ဟု ဦးစိုးဝင်း၏ဇနီး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

ဒေါ်မြင့်မြင့်သိန်းတစ်ယောက် ဈေးသည်ဘဝဖြင့် ဦးစိုးဝင်းနှင့် စတင်ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ဦးစိုးဝင်း ဆယ်တန်းနှစ်တွင် ဒေါ်မြင့်မြင့်သိန်းနှင့် အိမ်ထောင်ကျခဲ့သည်။ ဆယ်တန်းနှစ်ခါကျခဲ့သည့် ဦးစိုးဝင်းတစ်ယောက် အိမ်ထောင်သည်ဘဝဖြင့်ပင် ဆယ်တန်းအောင်ခဲ့သည်ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။ အိမ်ထောင်သက် ၃၈ နှစ်အတွင်း ဦးစိုးဝင်းတစ်ယောက် ဒေါ်အောင်ဆန်းစုကြည်နောက် လိုက်နေသည်က အနှစ် ၂၀ ကျော်ဖြစ်သည့်အတွက် သားသမီးများကို ဒေါ်မြင့်မြင့်သိန်းကပင် ဈေးရောင်းရင်း၊ စက်ချုပ်ရင်း ရှာဖွေကျွေးမွေးခဲ့ရသည်ဟု ဆိုသည်။ 

“ဒေါ်အောင်ဆန်းစုကြည်နောက်လိုက်တာ အနှစ် ၂၀ ကျော်ပြီ။ ကိုယ်ကလည်းသဘောကျတော့ အားပေးတာပေါ့။ ဘယ်လိုစိတ်ထားမျိုးနဲ့ ပါရမီဖြည့်ခဲ့လဲဆို ပြောလို့လည်း မရဘူးလေ။ ပြောလို့မရတော့တဲ့အတူ မထူးတော့ဘူးဆိုပြီး လွှတ်ထားလိုက်တယ်။ မိသားစုနဲ့ အန်တီ့နား (ဒေါ်အောင်ဆန်းစုကြည်) ဆို ဟိုက ပထမ၊ မိသားစုနဲ့နေတာက ဒုတိယပေါ့။ အဲလောက်ထိ စိတ်က ပြင်းပြတယ်။ အန်တီ့နားမှာနေပြီး စောင့်ရှောက်ချင်တဲ့စိတ်ကများတယ်” ဟု ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြယုဂ် (Myanmar’s Democracy Icon) ဟု တင်စားခဲ့ကြသည့် အလွန်ထင်ရှားကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော်ဖြစ်ခဲ့သော်လည်း ဦးစိုးဝင်းသည် ပါတီဝင်တစ်ဦးမဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်၏ တူဖြစ်သူ ဦးအောင်ကျော်ဦးက ဦးစိုးဝင်းကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် ၅၄ သို့ ခေါ် ဆောင်ခဲ့ခြင်းဖြစ်သည်။

“သူက နိုင်ငံရေးလောကထဲကမဟုတ်ဘူး။ အခု ဒီမှာ ဦးအောင်ကျော်ဦးဆိုတာက ဒေါ်ခင်ကြည်ရဲ့မြေး တော်မှာပေါ့။ သူခေါ်လာတာ။ ခြံထဲကို သူကခေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဆီမှာ အပ်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ကို လိုလိုလားလားလက်ခံပြီးတော့ တောက်လျှောက် အခု သေတဲ့အထိကို တွဲလုပ်လာတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းဓာတ်ပုံဆရာ ကိုဆန်နီက ပြောသည်။

ကိုဆန်နီနှင့် ဦးစိုးဝင်းတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည်။ ခြံအမှတ် ၅၄ တွင် အတူတကွလုပ်ကိုင်ခဲ့ရသည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင်လည်း နှစ်ပေါင်းများစွာ အတူတကွ လိုက်ခဲ့ရသည်။ 

၁၉၉၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းအိမ်သို့ ဦးစိုးဝင်း စတင်ရောက်ရှိခဲ့ပြီး ခြံအမှတ် ၅၄သို့ မရောက်ခင်က ဦးစိုးဝင်းသည် ဒေါ့ဂျစ်ကားမောင်းသမားအဖြစ် လုပ်ကိုင်ခဲ့သည်ဟု ကိုဆန်နီက ပြောသည်။  

“အဓိကတော့ စိတ်ဓာတ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို သူအရမ်းလေးစားတယ်။ ချစ်တယ်။ သူပြောသွားတဲ့အတိုင်းပဲ သေတဲ့အထိ သူလုပ်သွားမယ်ဆိုတဲ့စကားရှိတယ်။ ခုလည်း သေတဲ့အထိ လုပ်သွားတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ လေးစားတယ်၊ မြတ်နိုးတယ်၊ ဒါပဲ။ အဲဒီစိတ်ဓာတ်ကတော့ သူ့မှာ အပြည့်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်တောင်ပေးမယ်ပေါ့ သူဆုံးဖြတ်ထားတာ” ဟု ဦးဆန်နီက ပြောသည်။ 

‘သာကေတက နှလုံးလှလူမိုက်ကြီး’ ဟု ဆိုကြသော်လည်း ဦးစိုးဝင်းမှာ စိတ်ရင်းကောင်းသူ၊ ရိုးသားသူဖြစ်သည်။ စစ်အာဏာရှင်လက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အချိန်က တက္ကသိုလ်ရိပ်သာလမ်းသည်ပင် လူအများသွားခွင့်မရှိသည့်နေရာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းအတွင်းနေထိုင်သူများအတွက် အန္တရာယ်မှာ ဆိုဖွယ်ရာမရှိပေ။ ထိုသို့အန္တရာယ်များသော ခက်ခဲသော အခြေအနေကြားမှ ထူးဆန်းအံ့ဩဖွယ်ကိစ္စရပ်တစ်ခုရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းအတွင်းရှိ အနီးကပ်လုံခြုံရေးများနှင့် နေအိမ်ခြံဝင်းပြင်ပတွင် လုံခြုံရေးယူထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ပကတိရန်သူများပင်ဖြစ်သည်။ နေအိမ်အဝင်အထွက်ကို တာဝန်ကျရဲတပ်ဖွဲ့က စောင့်ကြည့်ရသည်၊ စစ်ဆေးရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော် ဦးစိုးဝင်းမှာ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်ခြံဝန်းအတွင်း ရောက်ရှိလုပ်ကိုင်နေပြီဖြစ်သည်။ တခါတရံ ဈေးသွားဈေးဝယ် အပြင်ထွက်ရသည်လည်းရှိသည်။

ခြံအမှတ် ၅၄ တာဝန်ကျရဲအရာရှိနှင့် ဦးစိုးဝင်းတို့ ထိုအချိန်ကတည်းကပင် မျက်မှန်းတန်းမိကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ၁၉၉၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ တာဝန်ကျခဲ့သည့် ထိုရဲအရာရှိနှင့် ဦးစိုးဝင်းတို့သည် ယနေ့အချိန်တွင် အယုံကြည်ရဆုံးသော မိတ်ဆွေရင်းချာများ ဖြစ်သည်။ 

ခြံအမှတ် ၅၄ တွင် တစ်ဦးကိုတစ်ဦး စောင့်ကြည့်လေ့လာနေရလင့်ကစား တစ်ဦးအပေါ်တစ်ဦး ခိုင်ကြည်သောမေတ္တာဓာတ်နှင့် ယုံကြည်လေးစားမှုတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်မှ ယနေ့ထက်တိုင်ဖြစ်သည်။

“အဲဒီကတည်းက ခင်နေကြတာပဲ။ သူတို့လည်း သူတို့အပိုင်းသူတို့ထမ်းဆောင်တယ်၊ ကျွန်တော်တို့လည်း ကျွန်တော်တို့အပိုင်းထမ်းဆောင်တယ်။ အဲဒီမှာနေကတည်းက UFL မှာ အင်္ဂလိပ်စာသင်တန်းလေး တက်တော့လည်း ဆုံဖူးပါတယ်” ဟု အဆိုပါရဲအရာရှိဟောင်းက ပြောသည်။

ထိုရဲအရာရှိသည်  ဒုရဲအုပ်၊ ရဲအုပ်၊ ရဲမှူး စသည့် ရာထူးအဆင့်ဆင့်ဖြင့် ရဲတပ်ဖွဲ့တွင် ၃၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးတစ်ယောက်ဖြစ်နေသည့်အတွက် ထိုရဲအရာရှိ၏ အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်းမရှိပါ။ 

“အများသိကြတဲ့အတိုင်းပါပဲ ဦးစိုးဝင်းက တကယ်ကို ရိုးစင်းတယ်၊ ဖြူစင်တယ်၊ သစ္စာရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံအပေါ်မှာ သစ္စာခံပြီး ဘာပဲလုပ်ရလုပ်ရ ကျေနပ်နေတဲ့သူပါ။ အင်မတန်ကိုပေးဆပ်ပြီး သစ္စာရှိသူပါ။ ကျွန်တော်လည်း အင်မတန်လေးစားတယ်၊ ဒါကြောင့်လည်း သူနဲ့ခင်တာပါ” ဟု ထိုအရာရှိဟောင်းက သူ၏အရင်းနှီးဆုံးသော မိတ်ဆွေတစ်ဦးဖြစ်သည့် ဦးစိုးဝင်းအကြောင်း အားပါးတရ ပြောပြသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့သည်။ အနီးကပ်လုံခြုံရေးဦးစိုးဝင်းလည်း ထက်ကြပ်မကွာ လိုက်ပါခဲ့ရသည်။ လွှတ်တော်တက်ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အနီးအပါးတွင် အထုပ်ဆွဲလျက် ဦးစိုးဝင်းကို တွေ့မြင်ရသည်။ 

ဦးစိုးဝင်းနှင့်ပတ်သက်၍ ပြောစမှတ်တွင်စရာအဖြစ်အပျက်တစ်ခု ထိုအချိန်တွင်ဖြစ်ခဲ့သည်။ သာမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းနှင့် တွေ့ဆုံမည့်အချိန်တွင် ဖြစ်သည်။ သူရဦးရွှေမန်း၏ PSO (ကိုယ်ရေးအရာရှိ) က ဝင်ခွင့်မပြုသည်ကို ဦးစိုးဝင်းပြန်ပြောခဲ့သည်စကားက လူအများအမှတ်ရစရာ ဖြစ်ခဲ့သည်။

"ခင်ဗျားရဲ့ခေါင်းဆောင်က ဦးရွှေမန်း၊ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်လိုက်၊ ကျွန်တော့်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်။ အဲဒီတော့ ခင်ဗျားက ကျွန်တော့်ကို တားပိုင်ခွင့်မရှိဘူး။ ခင်ဗျားဝင်မယ်ဆို ကျွန်တော်လည်းဝင်ရမယ်။ ကျွန်တော့်ကို ပေးမဝင်ဘူးဆိုရင် ခင်ဗျားလည်း မဝင်ရဘူး" ဟု ဦးစိုးဝင်းက ပြတ်ပြတ်သားသားမာမာထန်ထန် ပြောခဲ့သည်။

"အဲဒီအချိန်က အခုလိုမဟုတ်သေးဘူးလေ။ ကျွန်တော်တို့အတွက် အရမ်းကို တင်းတင်းကျပ်ကျပ်ရှိနေသေးတဲ့ကာလ။ ဒေါ်အောင်ဆန်းစုကြည်တောင် Rule of Law (တရားဥပဒေစိုးမိုးရေး) ကော်မတီဥက္ကဋ္ဌ မဖြစ်သေးဘူး။ အဲလိုပြောတာကို ဦးရွှေမန်းသိသွားတော့ ပေးဝင်ဖို့ ခွင့်ပြုလိုက်တယ်။ အဲဒါက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံးခန်းမှာ ဖြစ်ခဲ့တဲ့သာဓကပေါ့" ဟု ဦးစိုးဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်သွားလေရာ လိုက်ခဲ့ရသည့် မှတ်တမ်းဓာတ်ပုံဆရာ ကိုမိုးဇော်သိန်း ခေါ် ကိုဘိုဘိုက ပြောပြခြင်းဖြစ်သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးနီးပါးသို့ မဲဆွယ်စည်းရုံးရေးခရီးထွက်ခဲ့သည်။ ဦးစိုးဝင်းလည်း ဒေါ်အောင်ဆန်းစုကြည်သွားလေရာနောက်တော်ပါးက ထက်ကြပ်မကွာ။ မြောက်မြားလှစွာသော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများတွင် ဦးစိုးဝင်းပါလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့မှ၊ ဘေးမှ၊ နောက်မှနေ၍ အစဉ်သဖြင့် အနီးကပ်ရှိနေသူဖြစ်သည်။ 

ရိုးသားပြီး စိတ်သဘောထားကောင်းသူဟု အများကသတ်မှတ်ကြသည့် ဦးစိုးဝင်းသည် အလုပ်လုပ်ရာတွင် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပါက မည်သူ့ကိုမဆို ပြတ်ပြတ်သားသား ပြောဆိုဆက်ဆံလေ့ရှိသည်ဟု ခြံအမှတ် ၅၄ က ဦးစိုးဝင်း၏လုပ်ဖော်ကိုင်ဖက်ဟောင်း ကိုဆန်နီက ပြောသည်။

"သူကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါဆိုရင်ဒါပဲ။ ဘဘဦးတင်ဦးလို လူကြီးတွေတောင် မရဘူး။ မဝင်နဲ့ဆို မဝင်နဲ့ပဲ။ လူချင်းခင်တာ ခင်တာတစ်ပိုင်း၊ အလုပ်ပိုင်းမှာတော့ သူက ဘယ်သူ့ကိုမှ မျက်နှာမထောက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျန်တာ ဘာမှဂရုမစိုက်ဘူး၊ သူ့မိသားစုကို ပြန်တောင်လှည့်ကြည့်တာမဟုတ်ဘူး" ဟု သူက ပြောသည်။

ဦးစိုးဝင်း၏ပုံစံက မဲမဲပုပု တောင့်တောင့်နှင့် လူမိုက်ပုံစံဖြစ်နေသော်လည်း နှလုံးသားနူးညံ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားသူဖြစ်ကာ မည်သူနှင့်မတူအောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာစောင့်သိသူဖြစ်ရာ ဦးစိုးဝင်းဆုံးပါးခဲ့ခြင်းက လွန်စွာ နှမြောစရာကောင်းသည်ဟုလည်း ကိုဆန်နီက ဆိုသည်။ 

“ဒီနေရာမှာတော့ ထဲထဲဝင်ဝင်နဲ့ ယုံကြည်စိတ်ချရတဲ့လူတစ်ယောက် ဆုံးရှုံးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုစိုးဝင်းကို ယုံကြည်စိတ်ချတယ်လေ။ ဒီနေရာမှာ တခြားလူတစ်ယောက်ဆိုလည်း ကိုစိုးဝင်းလို သိပ်အဆင်မပြေဘူးပေါ့နော်။ သူ့လိုလူမျိုးကလည်း ရဖို့မလွယ်တော့ဘူး" ဟု သူက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတော် ဦးစိုးဝင်း၏ ရုပ်ကလာပ်ကို ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ယနေ့ မီးသင်္ဂြိုဟ်ခဲ့ပြီဖြစ်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading