ယခုဖြစ်စဉ်အပေါ် တစ်စုံတစ်ရာတုံ့ပြန်ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားမည်ဟု ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီက ဆိုသည်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကဖမ်းဆီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီတိုင်းရင်းသား ကျောင်းသားနှစ်ယောက် သေဆုံးသွားကြောင်း KIA က အကြောင်းကြားလာသည်ဟု သက်ဆိုင်ရာ မိသားစုဝင်များက ပြောသည်။
ဟုမ္မလင်းမြို့နယ် အရှေ့မြောက်ဘက်ရှိ ပါဟုတ်ကြီးကျေးရွာမှ တက္ကသိုလ်ဝင်တန်းကျောင်းသား လေးယောက်သည် ဇူလိုင် ၆ တွင် ဖားကန့်မြို့နယ် ဆယ်စင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်လည်ပတ်စဉ် KIA ၏ တုံပင်တိုက်နယ်မှုး ဦးခေါင်လွန်း အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကျောင်းသားလေးယောက်အနက် အသက် ၁၈ နှစ်ရွယ် မောင်သန့်ဇင်အောင်နှင့် အသက် ၁၇ နှစ်အရွယ် မောင်ဇော်မျိုးဦး ဖမ်းဆီးခံခဲ့ရပြီး အတူပါသွားသော်လည်း ဖမ်းဆီးမခံခဲ့ရသည့် မောင်ကျော်စိုးဟန်နှင့် မောင်ဖိုးချင်းက မိသားစုဝင်များထံ ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ ကျောင်းသားနှစ်ယောက်မှာ ဖမ်းဆီးခံရပြီး ၁၆ ရက်အကြာ ဇူလိုင် ၂၂ တွင် သေဆုံးသွားခဲ့ကြောင်း ဖားကန့်မြို့နယ် နမ့်ကပိန်းရွာမှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးမှတဆင့် KIA က ပါဟုတ်ကြီးကျေးရွာနေ ရပ်မိရပ်ဖများကို ဆက်သွယ်ပြောကြားလာခြင်းဖြစ်သည်ဟု ကိုသန့်ဇင်အောင်၏ ဖခင် ဦးအိုက်ဆန်းက ပြောသည်။


ဖမ်းဆီးထားစဉ်ကာလအတွင်း KIA ဘက်က ဆက်သွယ်အကြောင်းကြားလာခြင်းမရှိသလို၊ လူမှုကွန်ရက်ပေါ် သတင်းပြန့်နေသကဲ့သို့ KIA ဘက်က ငွေကြေးတောင်းခံခဲ့ခြင်းလည်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ခံစားရတာတော့ မပြောနဲ့တော့ဗျာ၊ မိဘလုပ်တဲ့သူကတော့ သေမတတ်ခံစားရတာပဲ၊ မသေရုံတမယ်ပဲ” ဟု ဦးအိုက်ဆန်းက ယနေ့ (ဇူလိုင် ၂၃) တွင် Myanmar Now ကို ပြောသည်။


သေဆုံးသွားသူ ကျောင်းသားနှစ်ဦးကို ဗုဒ္ဓဘာသာအရ ကောင်းကောင်းမွန်မွန် မီးသင်္ဂြိုဟ်ချင်သော်လည်း ယနေ့အ ချိန်ထိ မိသားစုဝင်များထံ အလောင်းပြန်လည်ပေးပို့ခြင်းမရှိသေးကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာတွင် ဦးဆောင်ကျူးလွန်ခဲ့သူဖြစ်သည့် ဦးခေါင်လွန်းကို ဖားကန့်ဒေသရှိ KIA ဌာနတွင် ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်သည်ဟု ဆိုသည်။
လတ်တလောစစ်ဆေးချက်မားအရ ၎င်းဖြစ်စဉ်မှာ KIO/KIA ၏ လုပ်ငန်းတာဝန်နှင့် ပတ်သက်မှုမရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အချင်းများရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ကျောင်းသားနှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ(SSP) က ဝမ်းနည်းကြောင်း စာထုတ်ခဲ့ပြီး နောက်ဆက်တွဲ ပဋိပက္ခများဖြစ်လာပါက KIA ၏ တာဝန်သာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကချင်ပြည်နယ်အတွင်း ရှမ်းနီတိုင်းရင်းသားများကို KIA အဖွဲ့က မကြာခဏဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခုဖြစ်စဉ်အပေါ် တစ်စုံတစ်ရာတုံ့ပြန်ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားရန်ရှိသည်ဟု SSP ပါတီ၏ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်းက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












