ဝင်ငွေခွန်ဥပဒေသစ်အတည်ပြုနိုင်ပါက အခွန်ဆောင်ရန်ပျက်ကွက်မှုများကို ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်ခြင်း၊ ဒဏ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရတရားစွဲဆိုခြင်း စသည်ဖြင့် အရေးယူသွားမည်ဖြစ်သည်
ငွေကြေးခဝါချမှုကို အားပေးသကဲ့သို့ဖြစ်နေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ဝေဖန်ထောက်ပြနေသည့် စည်းကြပ်မှုကင်းလွတ်နေသော ဝင်ငွေခွန်ခေါင်းစဉ်ကို အသစ်ပြဋ္ဌာန်းမည့် ၂၀၂၀ ဝင်ငွေခွန်ဥပဒေတွင် ပယ်ဖျက်ထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်ဆိုသည်မှာ အိမ်၊ ခြံ၊ မြေ၊ ကား စသည့်အခြေပစ္စည်းများ ဝယ်ယူခြင်းနှင့် စီပွားရေးလုပ်ငန်းအသစ်များထူထောင်ခြင်းအတွက် အသုံးပြုသည့်ငွေကြေးနှင့် ပတ်သက်၍ ဝင်ငွေရလမ်း မဖော်ပြနိုင်ပါက (တနည်းအားဖြင့်) အခွန်မဆောင်ထားပါက တန်ဖိုးအလိုက် ရာခိုင်နှုန်းသတ်မှတ်ကာ ကောက်ခံသည့်အခွန်ဖြစ်သည်။

ကမ္ဘာ့ပေါ်ရှိနိုင်ငံတိုင်းတွင် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်အမျိုးအစားမရှိဘဲ မြန်မာနိုင်ငံတစ်ခုတည်းကသာ ယင်းအခွန်ခေါင်းစဉ်ဖြင့် အခြေခံပစ္စည်း ဝယ်ယူခွင့်ပြုထားခြင်းဖြစ်ကာ အသစ်ပြဋ္ဌာန်းမည့် ဝင်ငွေခွန်ဥပဒေတွင် အဆိုပါအခွန်ခေါင်းစဉ်ကို မထည့်သွင်းတော့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က Myanmar Now ကို ပြောသည်။
“ကမ္ဘာမှာ မရှိဘူး။ လူတိုင်းက ပစ္စည်းဝယ်တာဖြစ်ဖြစ် လုပ်သမျှအကုန်လုံးသည် အခွန်ပေးဆောင်ပြီးသားငွေနဲ့ပဲ ဝယ်ရတယ်။ ကျွန်တော်တို့နိုင်ငံမှာက အဲ့ဒီ စကလက(စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်) ဆိုတာကြီးက ရှိခဲ့တာ။ ဒါကြောင့်မို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒါကြီးကို ထောက်ပြတာ။ ဝင်ငွေခွန်ဥပဒေအသစ်ကိုလည်း တင်ထားတယ်။ အဲ့ဒီဥပဒေမှာလည်း စကလကဆိုတာ မရှိတော့ဘူး”ဟု ဦးမင်းထွဋ်ကဆိုသည်။


ငွေကြေးခဝါချမှုဆိုင်ရာစည်းမျဉ်းများကို မလိုက်နာသဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ ခုကို ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်စာရင်းတွင်ထည့်သွားရန် ဥရောပသမဂ္ဂ(EU) က စီစဉ်နေကြောင်း မေလအတွင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ဝင်ဖြစ်ပြီး ယင်းအဖွဲ့အစည်း၏ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial action Task Force- FATA) ၏ စံနှုန်းများအရ မြန်မာသည် Grey List ထဲတွင်ပါဝင်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။


၂၀၂၀ ပြည့်နှစ် ဝင်ငွေခွန်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး တည်ဆဲဝင်ငွေခွန်ဥပဒေသည် ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ကိုက်ညီအောင်ရေးဆွဲထားခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ ခြောက်ကြိမ်တိုင် ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် နည်းလမ်းအမျိုးမျိုးကြောင့် ကင်းလွတ်နေသည့် ဝင်ငွေများကို စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်ခေါင်းစဉ်ဖြင့် နှစ်စဉ် အခွန်နှုန်း အတိုးအလျော့သတ်မှတ်ကာ အခွန်ကောက်ခံနေခြင်းဖြစ်ပြီး ထိုသို့ ကောက်ခံခြင်းသည် ငွေကြေးခဝါချမှုကို အထောက်အကူဖြစ်စေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြသည်ဟု ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
ဝင်ငွေခွန်ဥပဒေသစ်အတည်ပြုနိုင်ပါက အခွန်ဆောင်ရန်ပျက်ကွက်မှုများအတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေနှင့်အညီ စိစစ်ဖော်ထုတ်ခြင်း၊ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ရာဇဝတ်ကြောင်းအရတရားစွဲဆိုခြင်း စသည်ဖြင့် အရေးယူသွားမည်ဖြစ်ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်မှာလည်း ပျောက်ကွယ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဝင်ငွေခွန်ဥပဒေသစ် အတည်ပြုမပြဋ္ဌာန်းနိုင်မီ စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေခွန်ကို လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်ကောက်ခံရန် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ထည့်သွင်းပြဌာန်းထားပြီး ၃၀ ရာခိုင်နှုန်း ကောက်ခံရန် ပြင်ဆင်ထားသည်။
လက်ရှိတွင် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေခွန်ကို ကျပ်သိန်း ၁,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၃,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀,၀၀၀ အထက် ၃၀ ရာခိုင်နှုန်း ကောက်ခံနေသော်လည်း အောက်တိုဘာ ၁ ရက်မှစတင်ကာ ငွေအလွှာမခွဲခြားဘဲ ၃၀ ရာခိုင်နှုန်း တပြေးညီကောက်ခံရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြထားသည်။
ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် လွှတ်တော်၏ အတည်ပြုချက်ရယူကာ နှစ်စဉ်ပြောင်းလဲသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ဝင်ငွေခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် စသည့်အခွန်နှုန်းထားများကိုလည်း ပြောင်းလဲလေ့ရှိသည်။
ကိုဗစ်နိုင်တင်း(COVID-19) ဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းနေချိန်တွင် ဝင်ငွေခွန်နှုန်းထားတိုးမြှင့်ခြင်းကြောင့် အရောင်းအဝယ်များတုံ့နှေးနိုင်ပြီး စီးပွားရေးကျဆင်းနိုင်ကြောင်း ရန်ကုန်တိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးရန်မျိုးအောင်က ပြောသည်။
“အရောင်းအဝယ်ကျပ်သွားနိုင်တဲ့အနေအထားတွေ အများကြီးတွေ့ရတယ်။ ကားရောင်းတဲ့ကုမ္ပဏီတွေကလည်း သူတို့ရဲ့ Sale (ရောင်းချမှု) က အများကြီးကျဆင်းသွားနိုင်တယ်။ ကားစျေးကတော့ပုံမှန်ပဲ။ ဒါပမယ့် ဝင်ငွေခွန် တိုးမြှင့်ပေးဆောင်လိုက်ရတဲ့အတွက် ဝယ်လိုအားကျသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။
ဝင်ငွေရလမ်းမဖော်ပြနိုင်ပါက ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည့်အခြေအနေကြောင့် ကျပ်သိန်း ၁,၀၀၀ ရင်းနှီးတည်ထောင်မည့် လုပ်ငန်းတစ်ခုအတွက် လုပ်ငန်းမစတင်မီ ကျပ်သိန်း ၃၀၀ အခွန်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။
စီပွားရေးအခြေအနေအရ လုပ်ငန်းတည်ထောင်လုပ်ကိုင်ပါက တစ်နှစ်လျင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမြတ်ရန် မသေချာကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်ဆောင်သည့်ယဉ်ကျေးမှု မထွန်းကားသေးချိန်တွင် အခွန်နှုန်းထား လျှော့ပေါ့ပေးသင့်ကြောင်း ၎င်းက ပြောသည်။
အခွန်နှုန်းထားလျှော့ပေါ့ပေးရန် ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့ ၁၀၀ ခန့်က လက်မှတ်များစုဆောင်း၍ အစိုးရကို တင်ပြသွားမည်ဖြစ်ကြောင်းလည်း ဦးမျိုးမြင့်က ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များက ဝင်ငွေခွန်နှုန်းထားလျှော့ချရေးတောင်းဆိုနေကြသော်လည်း အခြားတစ်ဖက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် တရားမဝင်လုပ်ငန်းများမှ ရရှိသောငွေများကို အခွန်နှုန်းသက်သာစွာဖြင့် ငွေဖြူလုပ်နိုင်သည့် အန္တရာယ်ရှိကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












