တော်လှန်ရေးဝိညာဉ်နှင့် ပြည်မြို့က မေ့ဆေးဆရာဝန်မကြီး 

ကွန်မြူနစ်ပါတီဝင် မိဘနှစ်ပါးမှပေါက်ဖွားလာပြီး နိုင်ငံရေးအသိစေ့ဆော်မှုနှင့်အတူ မဟုတ်မခံစိတ်ရှိသူ၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲစေရေး အတိုက်အခံပြုရမှာ ဝန်မလေးသူ၊ ကိုဗစ်လူနာကို ကုသပေးရင်း ကိုယ်တိုင်ရောဂါပိုးကူးစက်ခံခဲ့ရသူ ဖြစ်သည်

Published on Jul 18, 2020
(ဓာတ်ပုံ- စိုင်းဇော်၊ သရုပ်ဖော်ပုံ - မိုးဇက်)
(ဓာတ်ပုံ- စိုင်းဇော်၊ သရုပ်ဖော်ပုံ - မိုးဇက်)

ပြည်မြို့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သားဖွားမီးယပ်ဆောင်အတွင်း လူတွေက ဝင်ချည်ထွက်ချည်။ အပြင်ဘက်တွင်လည်း ဟိုနေရာစုစု ဒီနေရာစုစုဖြင့် ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြသည်။ ထိုသားဖွားမီးယပ်ဆောင်၏ ကျောဘက်ရှိ အဝါရောင် ဖျော့ဖျော့အဆောက်အအုံမှာမူ တိတ်ဆိတ်ခြောက်ကပ်လှသည်။ 

ထိုအဆောက်အအုံ၏ မြေညီထပ်ရှိ အခန်းတစ်ခန်းတွင် အပြာရောင်ဝမ်းဆက် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ အနီးအနားတွင် ထမင်းစားပွဲတစ်လုံးနှင့် ကျန်းမာရေးလေ့ကျင့်စက်ရှိသည်။ ကြိမ်ကွပ်သစ်သားထိုင်ခုံပေါ်ရှိ ထိုအမျိုးသမီးမှာ နွမ်းလျပုံပေါ်သော်လည်း စကားပြောရာတွင် ရွှင်လန်းတက်ကြွလျက်ရှိသည်။ 

အနည်းငယ်ကျဉ်းသယောင်ရှိသည့် နဖူးပြင်နှင့် မျက်နှာမှာ လေးထောင့်စပ်စပ်ဖြစ်သည်။ တိုတိုကောက်ကောက် ဆံပင်နှင့်  အခြယ်အသကင်းသည့်မျက်နှာသွင်က အရာရာကို ယတိပြတ်သဘောထားဟန်ရှိသည်။ စကားပြောရာတွင် ငြင်သာသော် လည်း အပွင့်လင်းဆုံးအသံဖြင့် ခပ်ပြတ်ပြတ်ပြောလေ့ရှိသည်။ 

အမျိုးသမီးမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါကျရောက်နေချိန်တွင် အထူးတလည် လူသိထင်ရှားဖြစ်လာသော အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန် ဖြစ်သည်။ ပြည်မြို့ ကုတင် ၅၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးတွင် မေ့ဆေးအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကိုဗစ်လူနာကို ကုပေးပေးရင်း ကိုယ်တိုင်ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရသူဖြစ်သည်။ 

ကိုဗစ်ရောဂါပိုးကို နှစ်လကြာ အသက်လုတွန်းလှန်တိုက်ခိုက်ပြီးနောက် မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်တစ်ယောက် ထူထူထောင်ထောင်ဖြစ်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ ကိုဗစ်နိုင်တင်းကူးစက်ရောဂါပျောက်ကင်းခဲ့ပြီဆိုသော်လည်း နောက်တစ်ကြိမ် ကူးစက်ခံရမည်ကို စိုးရိမ်နေရဆဲဖြစ်သည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းစကားဝိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံနေ ရသည့် ဒေါ်မြင့်မြင့်စိန်ပါဝင်ဆွေးနွေးခဲ့သည်။ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ၎င်း၏ဝေဖန်ထောက်ပြမှုများကြောင့် အထက်လူကြီးများ၏ အပြစ်ပေးအရေး ယူခြင်းခံရမည်ကို မြို့ခံလူထုက စိုးရိမ်ခဲ့ကြသည်။ စိတ်ပူသဖြင့် ဒေါ်မြင့်မြင့်စိန်ထံ ဆက်သွယ်သတင်းမေးသူများပင် ရှိခဲ့သည်။ 

သို့သော် ဒေါ်မြင့်မြင့်စိန်တစ်ယောက် ထိုသို့ဝေဖန်ထောက်ပြတတ်သည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှ မဟုတ်ပေ။ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို မလိုလားသောကြောင့် ဒေါ်မြင့်မြင့်စိန် တစ်ယောက်ဝေဖန်ထောက်ပြနေခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်သည်။ 

နိုင်ငံရေးနှင့်လက်ပွန်းတတီးရှိခဲ့သူ 

ဒေါ်မြင့်မြင့်စိန်သည် နိုင်ငံရေးလောကနှင့် လုံးဝမစိမ်းခဲ့သူဖြစ်သည်။ ဆရာဝန်တစ်ယောက်ဖြစ်လာရန် ကြိုးပမ်းနေချိန် နိုင်ငံရေးလောကနှင့် နီးစပ်ကျွမ်းဝင်ခဲ့သော်လည်း စိတ်ဝင်စားခြင်းအလျဉ်းမရှိခဲ့ပေ။ 

မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်မှာ ဒလဦးထွန်းစိန်ဟု လူသိများထင်ရှားသည့် ကိုကိုးကျွန်းပြန်နိုင်ငံရေးသမားကြီး၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ ဖခင်ဦးထွန်းစိန်မှာ အင်္ဂလိပ်ခေတ်တွင် ကျောင်းသားခေါင်းဆောင်နှင့် ဒလ သင်္ဘောကျင်းအလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။

ဒလဦးထွန်းစိန်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်ကြည့် (ခ) ဒေါ်ခင်တင့်သည် ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့သည်အထိ နိုင်ငံရေးစိတ် ပြင်းထန်ခဲ့သည်။ ဦးထွန်းစိန်သည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောနှင့် ရင်းနှီးသော ဗမာ့တပ်မတော် တပ်မှူးတစ်ဦးလည်းဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီဝင်အဖြစ် တောခိုခဲ့သည်။ အစိုးရကို တော်လှန်မှုဖြင့် သေဒဏ်ချမှတ်ခံရပြီး ကိုကိုးကျွန်းသို့ နှစ်ကြိမ်တိုင်ပို့ခံခဲ့သူလည်းဖြစ်သည်။ 

‌ဖခင်ဖြစ်သူ ဒလဦးထွန်းစိန်မှာ ထောင်မှပြန်လည်လွတ်မြောက်လာပြီး ခြောက်လအကြာ ၁၉၇၂ ခုနှစ်တွင် အစာအိမ် ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထိုစဉ်က ဒေါ်မြင့်မြင့်စိန်မှာ ၁၀ နှစ်သမီးအရွယ်သာရှိသေးသည်။ ငယ်စဉ်ဘဝကို မိခင်ဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရသည်။ 

ဈေးရောင်းရင်း ရှာဖွေကျွေးမွေးခဲ့သူ မိခင်က ဒေါ်မြင့်မြင့်စိန်ကို အမြဲမှာလေ့ရှိသည့် ဆုံးမစကားမှာ 'လုပ်စရာရှိတာကို အကောင်းဆုံးလုပ်' ဖြစ်သည်။ ဆယ်တန်းအောင်မြင့်သည့်အချိန်တွင် ငွေကုန်ကြေးကျများသည့် ဆေးကျောင်းတက်လိုသောကြောင့် ထားနိုင်မထားနိုင် တစ်ကိုယ်တည်းသမားမိခင်ဖြစ်သူကို မေးမြန်းခဲ့သည်။ 

“နင့်ကို ငါအကုန်ထားနိုင်တယ်။ စုထားတာရှိတယ်။ အကယ်၍ နင်ကလည်း မတက်ချင်ဘူး။ အမှတ်ကလည်း မမီဘူးဆိုရင် RIT (စက်မှုတက္ကသိုလ်) လည်း မတက်နဲ့။ ငါနဲ့အတူတူဈေးရောင်း” ဟု မိခင်က တုန့်ပြန်သောကြောင့် ဆေးကျောင်းတက် ဖြစ်ခဲ့သည်။  

သမီးဖြစ်သူ ဒေါ်မြင့်မြင့်စိန်ကို ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာမ အလုပ်တစ်ခုခုကိုသာ ရွေးချယ်စေခဲ့သည်။ အကျိုးအ အမြတ်အနည်းဆုံး ထိုအလုပ်သုံးမျိုးသည် လူထုအကျိုးပြုအလုပ်များဖြစ်သည်ဟု ဒေါ်မြင့်မြင့်စိန်၏ မိခင်က ခံယူထား သည်။ 

“လူထုကို အကျိုးပြုလို့ရှိရင် လူထုက နင့်ကို စောင့်ရှောက်လိမ့်မယ်တဲ့။ ငါတို့မရှိလည်း နင့်အလုပ်ကို မှန်မှန်ကန်ကန်လုပ်ရင် နင်အဆင်ပြေမှာလို့ပြောခဲ့တယ်” ဟု ဒေါ်မြင့်မြင့်စိန်က သူ့မိခင်အကြောင်း ပြောပြသည်။ 

ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင် ဆေးပညာသင်ယူပြီး ၁၉၈၆ ခုနှစ်တွင် MBBS ဘွဲ့ရရှိခဲ့သည်။ နှစ်နှစ်အကြာ ပေါ်ပေါက် ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံတွင်း ဒေါ်မြင့်မြင့်စိန်တစ်ယောက် ရန်ကုန်ဆေးရုံကြီးဆန္ဒပြပွဲ၊ ဆေးတက္ကသိုလ်(၁) ကျောင်းသားဆန္ဒပြပွဲမျာတွင် ပါဝင်ခဲ့သည်။ 

"အမှန်တရားအတွက်ဆို ဘာလုပ်လုပ် ကျွန်မပါမှာပဲ။ တကယ်လို့သာ ဦးကိုနီအတွက် တိုက်ရမယ်ဆိုလည်း ပါမှာပဲ။ ဒါက ဦးကိုနီအတွက်ရယ်လို့ မဟုတ်ဘူး။ အမှန်တရားအတွက်။ မတရားမှုအတွက်ဆိုရင် ကျွန်မပါမှာပဲ" ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။ 

၈၈ အရေးအခင်းကာလက ဒေါ်မြင့်မြင့်စိန်သည် အိမ်ထောင်ကျခါစဖြစ်ပြီး ၎င်း၏ခင်ပွန်းမှာ အထူးစုံစမ်းစစ်ဆေးရေးဦး စီးဋ္ဌာန (စသုံးလုံး) တွင် လုပ်ကိုင်နေသူဖြစ်သည်။ အရေးအခင်းကာလ ဆန္ဒပြပွဲများတွင် ဒေါ်မြင့်မြင့်စိန် ပါဝင်လှုပ်ရှား ခဲ့သောကြောင့် အမျိုးသားဖြစ်သူမှာ အစိုးရဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ထို့နောက်တွင် တစ်ဦးနှင့်တစ်ဦး သဘောထားမတိုက်ဆိုင်သောကြောင့် အိမ်ထောင်ရေးလည်း အဆုံးသတ်ပြိုကွဲခဲ့သည်။ 

ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲစေလိုသူ 

၁၉၉၀ ပြည့်နှစ်တွင် ဒေါ်မြင့်မြင့်စိန် အစိုးရအလုပ်ရရှိခဲ့ပြီး မကွေးတိုင်းဆေးရုံကြီး၊ မင်းဘူးဆေးရုံတို့တွင် တာဝန်ကျသည်။ ရန်ကုန်ဆေးရုံသစ်၊  မကွေးတိုင်း သရက်ဆေးရုံ၊ ထားဝယ်ပြည်သူ့ဆေးရုံ၊ မကွေးသင်ကြားရေးဆေးရုံ၊ ရန်ကုန်ဆေးရုံကြီး နှင့် ကလေးဆေးရုံ တစ်နေရာပြီးတစ်နေရာ တာဝန်ကျခဲ့သည်။  

မေ့ဆေးဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်သည်။ 

ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ကျစဉ်က ဒေါ်မြင့်မြင့်စိန်သည် ဋ္ဌာနဆိုင်ရာအကြီးအကဲ၊ ဆေးရုံအုပ်တို့နှင့် ဆက်ဆံရေး ကောင်းမွန်လှသည် မဟုတ်ပေ။ ခွဲစိတ်ခန်း၊ လူနာဆောင်တို့နှင့်ပတ်သက်သည့် လိုအပ်ချက်များ တင်ပြသည့်အခါတိုင်း ကတောက်ကဆဖြစ်သည်ချည်းပင်။ 

ခွဲစိတ်ခန်းဝင်ရမည့် လူနာက ၃၀ လောက်ရှိနေချိန်တွင် ထော်လီများ မလုံလောက်ပုံ၊ ရှိသည့်ထော်လီများပျက်စီးနေပုံ  တင်ပြသည့်အခါ တစ်လမှ နှစ်လအထိ ကြာတတ်သည်။ ဆေးရုံ၏လိုအပ်ချက်များနှင့် အခက်အခဲများနှင့်ပတ်သက်၍ ဒေါ်မြင့်မြင့်စိန်က လူနာများကို ရှင်းပြအသိပေးတတ်သည်။ 

ခွဲခန်းထဲတွင် လူနာများပိတ်မိနေနိုင်မှုနှင့် နှောင့်နှေးနိုင်မှုအခြေအနေကို ပြောပြတတ်သည်။ လာဘ်ငွေ၊ အလှူငွေလိုချင် သောကြောင့်မဟုတ်ဘဲ လူနာနှင့် ဆရာဝန်အကြား ပွင့်လင်းမြင်သာစွာ နားလည်မှုတည်ဆောက်ခြင်းဟု ဒေါ်မြင့်မြင့်စိန်က ယုံကြည်ထားသည်။  

“လူနာတွေ နားလည်မှုရှိအောင် လုပ်မယ်။ ယုံကြည်မှုရှိအောင်လုပ်မယ်။ အဲဒီလိုယုံကြည်မှုရှိသွားရင် လူနာနဲ့ ဆရာဝန် ကြားမှာ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး။ ကိုယ်ကလည်း သူ့ကိုလေးစားမှုရှိတယ်။ သူကလည်း ကိုယ့်ကို လေးစားမှု ရှိတယ်ဆိုရင် ယုံကြည်မှုတည်ဆောက်လို့ရပြီ။ အဓိက အလုပ်ဖြစ်ဖို့ပဲ”ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။

လူနာများ သည်းခံစောင့်ကြသည်။ ပစ္စည်းလှူဒါန်းလိုကြောင်း ပြောကြသည်။ ဒေါ်မြင့်မြင့်စိန်က လက်ခံ၍မရကြောင်း ပြော သည့်အခါ လူနာရှင်များက ကိုယ်တိုင်သွားဝယ်ပေးကြသည်။ စာရင်းအင်းဖြင့်မှတ်တမ်းယူ လက်ခံပြီးနောက် လူနာများကို အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ဒေါ်မြင့်မြင့်စိန် သတိပေးခံရတော့သည်။ 

“ခွင့်ပြုချက်မရှိဘဲ လုပ်တယ်ဆိုတာမျိုးတွေရှိလာတယ်။ ဘာမှ မှားယွင်းတာမရှိဘူး။ ကျော်လုပ်တာ မရှိဘူး။ ခွင့်ပြုချက်ရမှ လုပ်ရမယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာတာ။ ဒါပေမယ့် ကျွန်မကလုပ်ပြီးသွားပြီ။ နောက်ဆို ဘယ်လိုလုပ်ဆိုတာတွေ ဖြစ်လာ တယ်”ဟု ဒေါ်မြင့်မြင့်စိန်က ဆိုသည်။ 

မီးချောင်းကျွမ်းတာ ခွဲစိတ်ခန်းချွဲစုပ်စက်ပျက်တာ၊ ကုတင်ပျက်တာများဖြစ်တိုင်း ဒေါ်မြင့်မြင့်စိန်က ပြင်မည့်သူ ခေါ်လိုက်သည်။ ဒေါ်မြင့်မြင့်စိန်အတွက် သတိပေးချက်များ စောင့်ဆိုင်းနေသည်။ သတိပေးခံရတိုင်းလည်း 'ကျွန်မ ဘာမှားသွားလဲ' ဟု မေးခွန်းထုတ်လေ့ရှိသူဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးကဲ့သို့သော တစ်နိုင်ငံလုံးက လာရောက်ကုသကြသောဆေးရုံများတွင် အလုပ်လုပ်ဖို့အတွက်ဆို  ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိအောင် သင်ယူရန်လိုအပ်သည်ဟု ဒေါ်မြင့်မြင့်စိန်က ဆိုသည်။ နယ်ဆေးရုံများတွင်မူ ဗဟိုဦးစီးစနစ်နည်းပါးသည့်အပြင် ဆေးရုံနှင့် လက်လှမ်းမမှီသော လူနာများကိုလည်း ထောက်ပံ့ပေးနိုင်သည်ဟုဆိုသည်။

အတူလက်တွဲလုပ်ကိုင်ကြသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လူနာထံမှ စီးပွားရှာလိုစိတ် မရှိစေရန် ပြောပြလေ့ရှိ သည်။  

“ကျွန်မတို့အလုပ်တွေကို လူထု နားလည်အောင်၊ လူထုထဲကို စိမ့်ဝင်အောင် ပိုပြီးလုပ်နိုင်မယ်လို့ ယုံကြည်ခဲ့တာ။ တလျှောက်လုံးပဲ ယုံကြည်ခဲ့တယ်။ အခုလည်း ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းပဲ ကျွန်မလုပ်တယ်” ဟု ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က စိတ်အားထက်သန်စွာဖြင့် ဆိုသည်။

၂၀၁၇ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေသော ပြည်မြို့ ပြည်သူ့ဆေးရုံ၌လည်း ပြည်သူလူထုကို နားလည်အောင်ရှင်းပြတတ်စေရန် ကျန်းမာရေးဝန်ထမ်း ၆၀ ခန့်ကို လက်ဆင့်ကမ်းသင်ကြားပေးနေသည်ဟု ဆိုသည်။ လူနာကို လေးစားမှုရှိရန်နှင့် ယုံကြည်မှု ရှိရှိ ကုသပေးနိုင်ရန်မှာ ဒေါ်မြင့်မြင့်စိန်၏ လိုလားချက်ဖြစ်သည်။ 

“ဆရာကြီးတွေလုပ်တာ အကုန်လုံးမှန်တယ်ဆိုတဲ့ဟာကို လက်ခံထားတာက ကြာလာတော့ မတိုးတက်ဘူးလို့ယူဆတယ်။ လူငယ်တွေမှာလည်း တော်တဲ့သူတွေရှိတယ်။ အချိန်နဲ့မျှပြောင်းလဲနေတာ။ သူများနိုင်ငံတွေပြောင်းလဲနေချိန်မှာ အကြီး ပြောတာပဲ လုပ်မယ်ဆိုတဲ့စနစ်ကြီးက ကျွန်မတို့ Self-blocking (ကိုယ့်ကိုယ်ကိုယ်ပိတ်မိခြင်း) ဖြစ်နေတာ”ဟု ဒေါ်မြင့်မြင့်စိန်က ဆိုသည်။

လက်ထောက်ဆရာဝန်ငယ်များ၏ ထင်မြင်ယူဆက်ချက်၊ ဆေးရုံမှာတစ်ယောက်တည်းရှိချိန်၌ မည်သို့ဖြေရှင်းမလဲဆိုသည့် အယူအဆများ ဆွေးနွေးတိုင်ပင်ရင်း လုပ်ကိုင်နေသည်ဟုလည်း ဆိုသည်။ 

“စာအုပ်ထဲကအတိုင်း လူနာကို ကုလို့မရဘူး” ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။

ထိုသို့လေ့ကျင့်သင်ကြားပေးခြင်းက ဆေးရုံများ တိုးချဲ့ဆောက်လုပ်ခြင်းထက် ပို၍သင့်လျော်သည်ဟု ဒေါ်မြင့်မြင့်စိန်က ယူဆသည်။ ဆေးရုံများတိုးချဲ့ဆောက်လုပ်သော်လည်း တာဝန်ထမ်းဆောင်မည့် လူ့အရင်းအမြစ်မရှိဖြစ်နေသည်ဟု ဝေဖန်သည်။ 

ကျန်းမာရေးဝန်ထမ်းများ အတွေ့အကြုံနှင့် ယုံကြည်မှုရှိလာပါက မြို့ပြနှင့်လက်လှမ်း မမီသော ဒေသများ၌ပင် ကျန်းမာရေး စောင့်ရှောက်မှုကောင်းကောင်းပေးနိုင်မည်ဟု ဒေါ်မြင့်မြင့်စိန်က ယုံကြည်နေသည်။ 

“အကြီးနဲ့အငယ် အပြန်အလှန်ဆွေးနွေးမှုက အင်မတန်အရေးကြီးတယ်။ ဒါကို လုပ်ကိုလုပ်ရမယ်ပေါ့။ လူနာပမာဏက အရမ်းများတယ်။ အဲဒီအခြေအနေမှာ လေ့ကျင့်မှုတွေ၊ ဆွေးနွေးမှုတွေလုပ်တဲ့အဆင့်ကို အငယ်တွေက မရောက်နိုင်ဘဲနဲ့ နိစ္စဓူဝကိစ္စတွေမှာပဲ ဂျာအေးသူ့အမေရိုက်ဖြစ်နေတာ”ဟု ဒေါ်မြင့်မြင့်စိန်က ထောက်ပြသည်။  

နိုင်ငံခြားပညာတော်သင် စေလွှတ်ရာတွင်လည်း အပြည့်အဝထောက်ပံ့မှုမရသည့်အတွက် နှစ်နှစ်တက်ရမည့် သင်တန်းကို ခြောက်လ၊ တစ်နှစ်ဖြင့် အိမ်ပြန်လာသည့်ပြဿနာများကြောင့် ကျန်းမာရေးဝန်ထမ်းအရင်းအမြစ်လျော့ပါးလာသည်ဟု ဆိုသည်။

၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံအစိုးရများကြား သဘောတူညီချက်ဖြင့် ဒေါ်မြင့်မြင့်စိန်ကို ဘူတန်အစိုးရက နှစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့သည်။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ ဖြင့် မေ့ဆေးအထူးကုဆရာဝန်ကြီးအဖြစ်ငှားရမ်းခဲ့သော်လည်း တကယ်တမ်း သွားရောက်လုပ်ကိုင်သည့်အခါ မေ့ဆေးဌာနအပြင် ပြင်ပလူနာဌာနနှင့် အခြားနိစ္စဓူဝကိစ္စများကို ကူညီ လုပ်ကိုင်ပေးရန် ဘူတန်အစိုးရက မေတ္တာရပ်ခံခဲ့သည်။ 

ဘူတန်အစိုးရက လစာအပြင် ကား၊ အိမ်နှင့် လိုအပ်သော အသုံးအဆောင်များ ထောက်ပံ့ပေးခဲ့သည်။ ကျန်းမာရေးဝန်ထမ်း များအနေဖြင့် ထင်မြင်ယူဆချက်ကို လွတ်လပ်စွာဆွေးနွေးဖလှယ်ခွင့်ရပြီး လူနာကိုလည်း ယုံကြည်စွာစောင့်ရှောက်မှုပေး နိုင်ခဲ့သည်ဟု ဒေါ်မြင့်မြင့်စိန်က သူ့အတွေ့အကြုံကို ပြန်ပြောင်းပြောပြသည်။

ဘူတန်နိုင်ငံတွင် လုပ်ကိုင်နေစဉ် လုပ်ဖော်ကိုင်ဖက် ခွဲစိတ်ခန်းပညာရှင်တစ်ယောက်နှင့် ပညာဖလှယ်ရင်း အင်္ဂလိပ်စာ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်ခဲ့သည်။ 

“အင်္ဂလိပ်စာမတတ်လို့ဆိုပြီး အိမ်တွင်းမပုန်းနိုင်ဘူး။ နင်က ငါ့ထက်တော်တယ်။ ငါ့ကို အင်္ဂလိပ်စာသင်ပေးပါ။ ငါက မေ့ဆေးသင်ပေးမယ်လို့ပြောတယ်။ အဲဒီနည်းနဲ့ပဲ ကိုယ့်ဘာကို ယုံကြည်မှုရှိလာတာ။ အဲဒါမျိုး ကျွန်မတို့တိုင်းပြည်မှာ လိုနေတယ်”ဟု ဒေါ်မြင့်မြင်စိန်က ဆိုသည်။

အပြောင်းအလဲအတွက် အားတက်မျှော်မှန်းခဲ့သူ 

၈၈ အရေးအခင်းကာလကတည်းက ဒေါ်မြင့်မြင့်စိန် အားပေးထောက်ခံခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။ ကျန်းမာရေးကဏ္ဍမှစ၍ အပြောင်းအလဲများအတွက် အားကိုးတကြီးလည်း မျှော်လင့်ခဲ့သည်။ 

 ၂၀၁၉ ခုနှစ်အတွင်း ပြည်ဆေးရုံသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည့်အခါ ၁၀ မိနစ်ခန့် စကားပြောခွင့်ရခဲ့သည်က ထူးထူးခြားခြား အခွင့်အရေးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏လက်ကိုကိုင်၍ ဆရာဝန်တွေ အလုပ်ထွက်တာ များနေ သည့်အကြောင်း၊ ရှိနေသည့်လူများလည်း Burn-out (ခြေကုန်လက်ပန်းကျ) ဖြစ်နေသည့်အကြောင်း အသိပေးဖြစ်ခဲ့သည် ဟု ဆိုသည်။ 

“ဘာဖြစ်လို့ အဲဒီလိုဖြစ်တာလဲ” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုက မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်၏ မျှော်လင့်ချက်ကို အရောင်လက်စေခဲ့သည်။ 

သို့သော် မြို့ခံလူထုနှင့်တွေ့ဆုံပွဲရှိနေသည့်အတွက် ဒေါ်မြင့်မြင့်စိန်အနေဖြင့် အကျယ်တဝင့်ရှင်းပြခွင့် မရခဲ့ပေ။ ထိုတွေ့ဆုံပွဲ တွင် မေးမြန်းခွင့်ရရန် ဆေးရုံအုပ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အပူကပ်ခဲ့သည်။ မေးမြန်းခွင့်ရသူများစာရင်းတွင် ပါဝင်ခဲ့ သော်လည်း အခမ်းအနားကျင်းပချိန်တွင် ချန်လှပ်ခံခဲ့ရသည်။ 

ကျန်းမာရေးကဏ္ဍတွင် အခမဲ့ကုသရေးစနစ် (FOC) က လူထုကို လုံးဝအကျိုးမပြုကြောင်းရှင်းပြရင်း မည်သို့ဆောင်ရွက် ပေးနိုင်မလဲမေးမြန်းရန် စဉ်းစားထားသည့် ဒေါ်မြင့်မြင့်စိန်၏ စိတ်ကူးမှာ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ 

သို့သော်ငြားလည်း ကံကြမ္မာက မျက်နှာပေးသည့်အလား။ ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် စိတ်အား ထက်သန်လွန်းသည့် ဒေါ်မြင့်မြင့်စိန်အတွက် နောက်တစ်ကြိမ်အခွင့်အရေးက ရောက်လာခဲ့ပြန်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အွန်လိုင်းဆွေးနွေးပွဲတွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးအနေဖြင့် ပါဝင်ခွင့်ရခဲ့သည်။ 

ပြည်ဆေးရုံတွင် သူနှင့်အတူ လက်ထောက်ဆရာဝန်နှစ်ဦးသာရှိသည့်အကြောင်း၊ မေ့ဆေးဆရာဝန်များ အဓိကတာဝန်ကျ သည့် အထူးကြပ်မတ်ကုသဆောင်(ICU) တွင် စနစ်တကျ လေ့ကျင့်ပေးထားသည့်ဝန်ထမ်းမရှိသည်ဖြစ်ရာ ICU အတွင်းရှိ စက်များအသုံးပြုရေး နှုတ်တိုက်သင်ကြားပေးရင်း ကိုဗစ်နိုင်တင်းကုသရေးရုန်းကန်ခဲ့ရပုံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ထံရှင်းပြခဲ့သည်။ 

ထိုဆွေးနွေးပွဲတွင် ပါဝင်စဉ်က ဒေါ်မြင့်မြင့်စိန်မှာ ရောဂါပိုးကူးစက်ခံရသည့်ဒဏ်ကြောင့် ချောင်းတဟွတ်ဟွတ်ဖြင့် ဖျားနာ နေဆဲဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အချို့ ရှင်းလင်းမှုမရှိသောကြောင့် ရောဂါကုသရေးတွင် အောက်ခြေကျန်းမာရေးဝန်ထမ်းများကို အခက်အခဲဖြစ်စေသည်ဟုဆိုခဲ့သည်။ 

ဒေါ်မြင့်မြင့်စိန်၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဆေးရုံများ အဆင့်အတန်းမြှင့်ဖို့လိုအပ်သည့်နည်းတူ လေ့ကျင့်သင်ကြား ပေးရန်လည်း လိုအပ်သေးသည့်အကြောင်း ထည့်သွင်းပြောကြားရင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့သည်။ 

ကိုဗစ်နိုင်တင်းလူနာကို ကုသပေးရင်း ကိုယ်တိုင်ကူးစက်ခံခဲ့ရသူ 

ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံထားရသူ လူနာအမှတ် ၁၇ သည် ဒေါ်မြင့်မြင့်စိန်တာဝန်ကျရာ ပြည်ဆေးရုံသို့ ရောက်ရှိလာသည်။ ရောဂါအပြင်းအထန်ခံစားနေရသည့် ထိုနာကို အသက်ရှူပိုက်ကျကျနနထည့်ပေးရန် ကြိုးပမ်းရင်း သူကိုယ်တိုင် ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်သည်။ 

အကျပ်အတည်းဖြစ်နေချိန်တွင် တခြားသူတစ်ဦးတစ်ယောက်ကို အကူအညီတောင်း ရန်မဖြစ်နိုင်သည့်အတွက် မျက်နှာ အကာအကွယ်ချွတ်ကာ ကုသပေးခဲ့သည့်အတွက် မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်ကိုယ်တိုင် ရောဂါကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။ ဒေါ်မြင့်မြင့်စိန်မှာ သေစေနိုင်သော ထိုရောဂါပိုးကူးစက်ခံထားရသည်ကို ဧပြီလ ၁၂ ရက်တွင် စစ်ဆေးတွေ့ရှိ ခဲ့သည်။ 

ထို့နောက် ရန်ကုန်ရှိ ဝေဘာဂီအထူးကုဆေးရုံသို့ ပြောင်းရွှေ့ပြီးကုသခံခဲ့ရသည်။ ကုသမှုခံယူနေစဉ်အတွင်း ကုသိုလ်စိတ်၊ မေတ္တာစိတ်၊ အကောင်းမြင်စိတ်များဖြင့် မိမိလုပ်ခဲ့ဖူးသည့်အရာများက အင်အားဖြစ်စေခဲ့သည်ဟု ဆိုသည်။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်းများဖြင့်လည်း စိတ်ပိုင်းဆိုင်ရာကုသမှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

ကိုဗစ်နိုင်တင်းလူနာဖြစ်လာသည့် ဒေါ်မြင့်မြင့်စိန်ကို မိုင်ပေါင်းများစွာဝေးကွာသောအရပ်မှ တစ်စုံတစ်ယောက်က စိတ်ပိုင်း ဆိုင်ရာ အားပေးခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဆေးပညာရပ်ဆိုင်ရာ ဘွဲ့လွန်ပညာသင်ကြားနေသည့် ဒေါက်တာအေးမြတ် မွန်ဖြစ်သည်။ ဒေါ်မြင့်မြင့်စိန်၏ တစ်ဦးတည်းသော သမီးလည်းဖြစ်သည်။ 

“အဲဒီမှာ သူက တစ်ခါပြန်အားပေးရတော့တာပဲ။ သူတို့က လူမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ တွေ့နေရတာလေ။ ကျွန်မသမီးက ကိုဗစ်ကို များများစားစားကြုံတယ်။ ကိုဗစ်အကြောင်း ကျွန်မထက်ပိုသိသွားပြီ။ ကျွမ်းတယ်။ သူက အမေမကြောက်နဲ့။ တောက်လျှောက် ဘယ်လိုလုပ်ဆိုပြီးပြောနေတာ။ ဒါက ကျေနပ်စရာတစ်ခုပါ”ဟု ဒေါ်မြင့်မြင့်စိန်က ပြောပြသည်။

ရောဂါပျောက်ကင်း၍ ဝေဘာဂီဆေးရုံမှ ပြည်မြို့သို့ အပြန်ခရီးတွင် ဒေါ်မြင့်မြင့်စိန်ကို မြို့ခံများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ လမ်းတလျှောက်တွင်လည်း ပြည်သူများနှင့်အတူ တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက အလေးပြုနေကြသည့်ပုံများ လူမှုကွန်ရက်ပေါ်ရောက်ရှိခဲ့သည်။ 

ယခုအခါ လုပ်ငန်းခွင်တွင် ပြန်လည်လုပ်ကိုင်နေပြီဖြစ်သော်လည်း ပုံမှန်အခြေအနေရရန် ဒေါ်မြင့်မြင့်စိန်တစ်ယောက် ရုန်းကန်နေရဆဲဖြစ်သည်။ နှလုံရောဂါ၊ လည်ပင်ကြီးရောဂါအခံများလည်းရှိနေသည်။ 

ကိုယ်ခံအားကောင်းမွန်အောင် နေထိုင်ခြင်းသည် ကိုဗစ်ကိုတွန်းလှန်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ဒေါ်မြင့်မြင့်စိန်က သတင်းစကားပါးသည်။ 

သုံးလကျော်လွန်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၂၈ ရက်တွင် ဒေါ်မြင့်မြင့်စိန် နေအိမ်ပြင်ပထွက်ခဲ့သည်။ ၅၈ နှစ်ပြည့်မြောက်သည့် မွေးနေ့လည်းဖြစ်သည်။ မိတ်ဆွေများနှင့်ဆုံရင် ဘုရားပါဖူးပစ်လိုက်သည်။ လမ်းသွားလမ်းလာရင်း မကြုံစဖူးလည်း ကြုံတွေ့ခဲ့ရသည်။ 

၃လကြာကာလအတွင်း ဒေါ်မြင့်မြင့်စိန် ပထမဆုံးအပြင်ထွက်သော ဇွန်လ ၂၈ရက်နေ့သည် သူ့အသက် ၅၈နှစ်ပြည့်တာဖြစ်သည်။ မွေးနေ့တွင် မိတ်ဆွေများနှင့်အတူဆုံရင်း ဘုရားဖူးပစ်လိုက်သည်။ ထိုနေ့တွင်ပင် နေ့လည်စာစားချိန်၊ သစ်သီးများဝယ်ယူချိန်တို့တွင် ဒေါ်မြင့်မြင့်စိန် မမျှော်လင့်ထားသည့် တုံ့ပြန်မှုကို ကြုံတွေ့လိုက်ရသည်။ 

မျက်နှာတွင် နှာခေါင်းစည်ကျနစွာတပ်ဆင်ထားသော်လည်း ‘ဟာ…ဆရာမကြီး’ ဟု တခုတ်တရလာရောက်နှုတ် ဆက်ကြသည်။ ထမင်းဆိုင်၊ သစ်သီးဆိုင်များတွင်လည်း အဖိုးအခမပေးရန် တောင်းပန်ကြသည်။ ကိုရိုနာဗိုင်းရပ် ရောဂါ ခံစားနေရချိန်က ‘ကျန်းမာစေပါစေ’ ဆိုသော ပြည်သူများ၏ တုံ့ပြန်မှုများအပေါ် ဒေါ်မြင့်မြင့်စိန် ဝမ်းသာပီတိဖြစ်နေသည်။

“ကျွန်မ ဘာအခွင့်အရေးမှ မတောင်းဘူး။ လူတွေက ကူညီတယ်။ အမေပြောတဲ့အတိုင်း ကျွန်မလုံခြုံသွားပြီ" ဟု ဒေါ်မြင့်မြင့် စိန်က ဝမ်းသာအားရပြောသည်။ 

မပြီးဆုံးသေးသည့် အနာဂတ်ခရီးမျှော်မှန်းချက် 

ဒေါ်မြင့်မြင့်စိန်သည် မကြာမီ ပင်စင်ယူတော့မည်ဖြစ်သည်။ အိမ်တစ်လုံးငှားနေရန် ကြံစည်ထားသည်။ ထိုအိမ်၌ ကျန်းမာရေးဝန်ထမ်းများကို လစာနည်းနည်းဖြင့် အဆောင်ပြန်ငှားမည်၊ သူ့အိမ်တွင် နေသူများအတွက် စည်းကမ်းတစ်ခု သာထားမည်။ ‘စာမသင်မနေရစနစ်' ဖြစ်သည်။ 

ဆရာဝန်၊ ဆရာမများ စာမေးပွဲအောင်မြင်ရေး သင်ကြားပေးမည်တော့ မဟုတ်ပေ။ “စဉ်းစားဆုံးဖြတ်တာတွေသင်ပေးမှာ။ တစ်ဦးချင်းက တစ်နိုင်သလောက်ပြောင်းလဲစေချင်တယ်။ တစ်ယောက်တည်းနဲ့ ပြောင်းလဲဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု ဆိုသည်။

အနားယူပြီးသည့်အချိန်တွင် မည်သည့်ဆေးရုံ၊ ဆေးခန်းမျှ ဝင်ရောက်လုပ်ကိုင်ရန် စိတ်ကူးမထားပေ။ “ဒီလူတွေလုပ်နေ တာကို မထောက်ခံနိုင်လို့ အပြင်မှာလည်း ဝင်မလုပ်ဘူး” ဟု ဒေါ်မြင့်မြင့်စိန်က ပြတ်ပြတ်သားသားပြောသည်။ 

‘Better Burmese Health Care’ အမည်ရှိ အဖွဲ့အစည်းတစ်ခုကို ဆက်လက်လုပ်ကိုင်ရန်လည်း ရည်ရွယ်ထားသည်။  စစ်အစိုးရလက်ထက် ၂၀၀၅ ခုနှစ်ကတည်းက လျှို့ဝှက်စွာတည်ရှိနေသည့်အဖွဲ့ဖြစ်ပြီး အကျိုးအမြတ်မပါဘဲ ဆေးကု သပေးနေသည့်အဖွဲ့ဖြစ်သည်ဟု ဆိုသည်။ ဒေါ်မြင့်မြင့်စိန်နှင့် သူငယ်ချင်းဆရာဝန်နှစ်ယောက် တည်ထောင်ထားသည့် အဖွဲ့ဖြစ်သည်။  

တတ်နိုင်သည့်နေရာမှ လူထုကို ကျန်းမာရေးစောက်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်သည်ထားသည်ဟု ဒေါ်မြင့်မြင့်စိန်က ဆိုသည်။ သူငယ်ချင်းဆရာဝန်နှစ်ဦးမှာ အမေရိကန်နှင့် အင်္ဂလန်တွင် ရှိနေသောကြောင့် အဆိုပါအဖွဲ့ကို ဒေါ်မြင့်မြင့်စိန်က ဦးစီးဆောင်ရွက်သွားမည်ဖြစ်သည်။ 

ထိုအဖွဲ့သည် ရရှိလာသော အလှူငွေများ အလဟဿမဖြစ်စေရန် အထိုင်ဆေးခန်းဖြင့် ဆေးကုမည်မဟုတ်ပေ။ လက်ရှိ တွင်လည်း မိုဘိုင်းဆေးခန်းအဖြစ် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များရှိ ဆေးကုသ လျက်ရှိပြီး လူနာ ၇၀ မှ ၁၀၀ ခန့် လာရောက်ပြသလေ့သည်ဟု သိရသည်။ 

ရွှေ့လျားကုသရေးစနစ်ဖြင့် ကုသပေးနေရင်း ပြည်သူများအကြားရှိ ကျန်းမာရေးပြဿနာကို စစ်တမ်းကောက်ယူသည့် သဘောဖြစ်သည်ဟုလည်း ဒေါ်မြင့်မြင့်စိန်က ပြောသည်။ "ကျွန်မနဲ့သဘောထားတူညီတဲ့သူ ရှိဦးမယ်လို့ မျှော်လင့်နေသေး တယ်။ အဲဒီလိုလူတွေနဲ့ စုပြီးဆက်လုပ်ဖို့ အစီစဉ်ရှိတယ်။ ဒီလိုနည်းနဲ့ပဲ ပြန်ပေးဆပ်မယ်" ဟု ဒေါ်မြင့်မြင့်စိန်က ပြောသည်။ 

အစိုးရဝန်ထမ်းအဖြစ်မှ အနားယူမည်ဖြစ်သော်လည်း ပြည်သူ့ကျန်းမာရေးအတွက် ပေးဆပ်ဦးမည့်အစီအစဉ်များကို မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်က အားတက်သရောပြောပြနေစဉ် လူတစ်ယောက်က လာရောက်နှုတ်ဆက်သွား သည်။ ပြည်မြို့က NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လာမည့်ရွေး ကောက်ပွဲတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရန် လာရောက်ဖျောင်းဖျနေခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အမတ်လုပ်ဖို့လာပြောတယ်။ နှစ်ခါရှိပြီ။ ကျွန်မ နိုင်ငံရေးမလုပ်တတ်ဘူး။ နိုင်ငံရေးကောင်းကောင်း မလုပ်တတ်ဘူး။ နိုင်ငံရေးကိစ္စ ကျန်းမာရေးလောက် မသိဘူး။ မသိနားမလည်ဘဲနဲ့ နိုင်ငံရေးလုပ်တယ်ဆိုရင် လူထုကို စော်ကားရာ ရောက်တယ်ထင်လို့ပါ" ဟု ဒေါ်မြင့်မြင့်စိန်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading