NLD၊ ပြည်ခိုင်ဖြိုး၊ ပြည်သူ့ရှေ့ဆောင်ပါတီ စသည့်နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်ပိုင်းများနှင့် ပတ်သက်သော သတင်းတုများကို ပြန်လည်မျှဝေသူ ထောင်ချီရှိသည်

Published on Jul 14, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းကြေညာပြီးသည့်နောက် နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့်  သတင်းတုသတင်းမှားများ များစွာထွက်ပေါ်လာခဲ့သည်။ ပါတီထောက်ခံသူများဟု ယူဆရသူများသည် ၎င်းတို့ထောက်ခံသည့် ပါတီများ၏ ပြိုင်ဘက်ပါတီများကို အထင်လွဲစေမည့် သတင်းတု သတင်းများဖြင့် တစ်ဖက်နှင့်တစ်ဖက် လုပ်ကြံတိုက်ခိုက်လာကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ပြည်သူရှေ့ဆောင်ပါတီ (PPP) တို့ကို တိုက်ခိုက်ထားသည့် သတင်းတုများစွာ ပြီးခဲ့သည့် တစ်ပတ်အတွင်း ထွက်ပေါ်ခဲ့ပြီး အချို့မှာ ပျံ့နှံ့မှုအားကောင်းလာကာ Facebook အသုံးပြုသူ ထောင်ချီ ပြန်လည် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများ

NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများအနက် “ဝှေခါ ကျောက်တွင်းပြိုကျမှု NLD ပါတီနှင့် တရုတ်ကုမ္ပဏီလေးခု အကျိုးတူနေရာဖြစ်” ၊ “၂၀၂၀ တွင် NLD အမတ် ၆၈%အစ္စလမ် ဘာသာဝင်များဖြစ်မည်” ၊ “မွတ်စလင် ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူထည့်ခိုင်းတာလဲ ‌ဒေါက်တာအောင်မိုးညိုပြောပြီ” ဆိုသည့် သတင်းတုများကို ပြန်လည်ဖြန့်ဝေမှု ထောင်ချီရှိခဲ့သည်။

အဆိုပါသတင်းတုများကို Radio Free Myanmar (RFM) လွတ်လပ်တဲ့မြန်မာ့အသံ အမည်ဖြင့် သတင်းဌာနအယောင်ဆောင်ထားသည့် Facebook စာမျက်နှာက ဖြန့်ဝေနေခြင်းဖြစ်သည်။ အဆိုပါ စာမျက်နှာသည် NLD ပါတီကို တိုက်ခိုက်သည့် သတင်းတုများအပါအဝင် သတင်းတုသတင်းမှားများ မကြာခဏ ဖြန့်ဝေလျက်ရှိသည်။

ဝှေခါ ကျောက်တွင်းပြိုကျမှု NLD ပါတီနှင့် တရုတ်ကုမ္ပဏီ ခု အကျိုးတူနေရာဖြစ်” ဆိုသည့် သတင်းတုတွင် တရုတ်ကုမ္ပဏီဟု ဖော်ပြထားသည့် ရတနာစန်းရွှင်ကုမ္ပဏီမှာ နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီတစ်ခုသာ ဖြစ်သည်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဝက်ဆိုက်ရှိ အချက်အလက်များအရ သိရသည်။ 

ထို့အပြင် အဆိုပါကုမ္ပဏီသည် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်များထိန်းသိမ်းခံထားရသည့်ကာလ ၂၀၀၁ ကတည်းက တည်ထောင်ထားခြင်းဖြစ်ကြောင်းတွေ့ရပြီး ဒါရိုက်တာနှင့် ရှယ်ယာရှင် စာရင်းတွင် လည်း NLD ပါတီခေါင်းဆောင်များ၏ အမည်များကို မတွေ့ရပေ။

ဖားကန့်မြေပြိုမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ရတနာရွှေပြည် (တစ်သုံးလုံး) ကုမ္ပဏီ၏ လုပ်ကွက်နေရာ ပါဝင်သည်ဟု တရားဝင်သတင်းမီဒီယာများက ရေးသားဖော်ပြထားပြီး ယင်းကုမ္ပဏီမှာလည်း ပြည်တွင်းကုမ္ပဏီဖြစ်ကြောင်း DICA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် အဆိုပါသတင်းသည် သတင်းတုတစ်ခုသာဖြစ်သည်။

၂၀၂၀ တွင် NLD အမတ် ၆၈%အစ္စလာမ် ဘာသာဝင်များဖြစ်မည်” ဆိုသည့် သတင်းတုကိုလည်း RFM အဖွဲ့က ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါအကြောင်းအရာများနှင့် ပတ်သက်ပြီး တရားဝင်သတင်းဌာနများတွင် ရေးသားထားခြင်း မတွေ့ရပါ။ ထို့အပြင် NLD ထိပ်ပိုင်းခေါင်းဆောင်များ၏ အင်တာဗျူးများ၊ ဆိုရှယ်မီဒီယာ အကောင့်များတွင်လည်း ယင်းကဲ့သို့ဖော်ပြထားခြင်းမျိုး မရှိပါ။ 

NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါတွင်လည်း ယင်းသတင်းသည် သတင်းတုသာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မွတ်ဆလင် ကိုယ်စားလှယ်လောင်းတွေကို ဘယ်သူထည့်ခိုင်းတာလဲ ‌ဒေါက်တာအောင်မိုးညိုပြောပြီ” ဆိုသည့်သတင်းတုကို “Yan Aung” ဆိုသည့် အကောင့်က စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ထို့နောက် “U Nyunt Win” နှင့် “ရှိန်း သူရ” ဆိုသည့် အကောင့်က ဇူလိုင်လ ၁၁ တွင် အဆိုသတင်းတုကိုပင် ဘာသာရေးအရ တိုက်ခိုက်သည့် ခေါင်းစဉ်အဖြစ်ပြောင်းကာ ထပ်မံဖြန့်ဝေခဲ့သည်။ 

ယင်းအကောင့်များသည် NLD ပါတီကို ဘာသာရေးနှင့် သက်ဆိုင်သည့် သတင်းတုများဖြင့် ပုံမှန်တိုက်ခိုက်နေသည်ကိုလည်းတွေ့ရသည်။ 

ယင်းသတင်းတုကို Myanmar Now က အချက်အလက်စစ်ဆေးကြည့်သည့်အခါ မည်သည့် အချိန်၊ မည်သည့်နေရာတွင် ၊ မည်သူ့ကို ပြောသည် ဆိုသည့် အချက်အလက်များမပါသည့်အပြင် မရေရာသည့် အချက်အလက်များဖြင့်ရေးသားထားသည်ကို တွေ့ရသည်။ ထို့အပြင် တရားဝင်သတင်းမီဒီယာများတွင်လည်း ယင်းအကြောင်းအရာနှင့် သက်ဆိုင်သည့် သတင်းမျိုးကို မတွေ့ရပေ။  

အဆိုပါ သတင်းတုနှင့် ပတ်သက်ပြီး ဒေါက်တာအောင်မိုးညိုကလည်း သူမပြောသည့် အကြောင်းအရာများကို ရေးသားထားသည့် သတင်းတုသာဖြစ်ကြောင်း ၎င်း၏ Facebook အကောင့်တွင် ဖြေရှင်းထားသည်ကို တွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီ ကို တိုက်ခိုက်သည့် သတင်းတုများ

ပြည်ခိုင်ဖြိုးပါတီကို တိုက်ခိုက်သည့် သတင်းတုများအနက် “Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်  ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်” ၊ “ရွှေပုပ္ပါးသွေးဆေးကြော်ငြာသည့်ကားကို ပြည်ခိုင်ဖြိုးပါတီဝင်များမှ ထွက်ရိုက်” ၊ “၈ လေးလုံးတွင် လူထု၊ကျောင်းသား ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးပုံ” စသည့် သတင်းတုများ သည် ပြန်လည်မျှဝေမှုများပြားခဲ့သည့် သတင်းတုများဖြစ်သည်။

Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်  ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်”  ဆိုသည့် သတင်းတုတွင် ဦးဌေးအောင်၏ ဓာတ်ပုံကို Photoshop ဖြင့် ပြုပြင်ထားကာ စာလုံးပေါင်းသတ်ပုံနှင့် စာသားများ မှားယွင်းနေသည်ကိုလည်း တွေ့ရသည်။ အဆိုပါသတင်းတုကို ဇူလိုင် ၆ တွင် “Moesandar” အမည်ရှိ အကောင့်ကဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၁,၀၀၀ ကျော်အထိ ရှိခဲ့သည်။ ထို့အပြင် အဆိုပါအကြောင်းအရာတွင် ဘာသာရေးဆိုင်ရာ အမုန်းစကားများလည်း ပါဝင်သည်ကို တွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက အဆိုပါအကြောင်းအရာသည် သတင်းတု သတင်းမှားသာဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“ဒီသတင်းတုက တော်တော်လေးကို သတင်းတုလုပ်တဲ့သူကလည်း စာလုံးပေါင်းသတ်ပုံကအစ မှားနေတာကို တွေ့ရပါတယ်။ နောက် Photoshop နဲ့ လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ ဒါက သတင်းတုဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ထို့အပြင် “ရွှေပုပ္ပါးသွေးဆေးကြော်ငြာသည့်ကားကို ပြည်ခိုင်ဖြိုးပါတီဝင်များမှ ထွက်ရိုက်” ဆိုသည့် အကြောင်းအရာသည်လည်း သတင်းတုဖြစ်သည်ဟု ဦးသိန်းထွန်းဦးက ဆိုသည်။ 

“ရွှေပုပ္ပါး သွေးဆေးလာကြော်ငြာတာကို ထွက်ရိုက်လိုက်တယ်ဆိုတာလည်း ရယ်စရာကောင်းတဲ့သတင်းတုကြီးပါပဲ။ ဒါမျိုးတွေက နိုင်ငံကို ဖျက်လို့ဖျက်ဆီး လုပ်နေတဲ့သူတွေရဲ့ မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတုတွေသာ ဖြစ်ပါတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။

၈ လေးလုံးတွင် လူထု၊ကျောင်းသား ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးပုံ” ဆိုသည့် အကြောင်းအရာကိုလည်း Myanmar Now က အချက်အလက်စစ်ဆေးကြည့်သည့်အခါ အဆိုပါ ဓာတ်ပုံကို lightrocket.com ဆိုသည့် ဝက်ဆိုက်မှ ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါ lightrocket.com ဝက်ဆိုက်တွင် ဖော်ပြထားချက်အရ ယင်းဓာတ်ပုံကို ဓာတ်ပုံသတင်းထောက် Dominic Faulder က ၁၉၈၉ ဇူလိုင် ၁ တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ 

ထိုအချိန်က NLD အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို လူထောင်ပေါင်းများစွာက သွားရောက်နားထောင်စဉ် စစ်တပ်က တားဆီးရန် ကြိုးစားနေသည့် မြင်ကွင်းများ ဖြစ်သည်။ သို့သော် ပစ်ခတ်မှုများ မရှိခဲ့ပါဟုလည်း ဖော်ပြထားသည်။ ၈၈၈၈ အရေးတော်ပုံ အချိန်က လူထု၊ ကျောင်းသား၊ ရဟန်းတို့ကို ပစ်ခတ်နှိမ်နင်းခဲ့သည့် ဓာတ်ပုံမဟုတ်ပေ။

“ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီးက အဲ့ဒီ ရှစ်လေးလုံးကာလ မတိုင်ခင် ၁၉၈၆ ကနေ ၈၈ အထိက လူကြီးရဲ့ PSO အနေနဲ့ပဲ နေပြီးတဲ့အခါကျတော့ သူ သီးခြားကိုင်တွယ်ရတဲ့ တပ်ဆိုတာ သီးခြားမရှိဘူး။ အဲ့ဒီလို အမိန့်ပေးလို့မရဘူး။ ဒါကိုလည်း ပြည်သူတွေ ကွဲကွဲပြားပြားသိစေချင်ပါတယ်” ဟု ဦးသိန်းထွန်းဦးက ပြောသည်။ 

ပြည်သူ့ရှေ့ဆောင်ပါတီကို တိုက်ခိုက်သည့် သတင်းတုများ

၂၀၂၀ ရွေးကောက်ပွဲကာလတွင် NLD ပြန်လည်အနိုင်ရရှိပါက တိုင်းပြည်အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း ‌ဒေါက်တာသက်သက်ခိုင်ပြောဆို” ဆိုသည့် သတင်းတုမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့မှုအားကောင်းလာသည်ကို တွေ့ရသည်။ 

ယင်းသတင်းတုကို ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်၏ ဓာတ်ပုံနှင့် ယှဉ်တွဲကာ ဇူလိုင်လ ၄ ရက်နေ့တွင် “လင်းလင်း” အမည်ရှိ အကောင့်က လူမှုကွန်ရက်တွင် တင်ခဲ့ရာ လက်ရှိအထိ ပြန်လည်ဖြန့်ဝေသူ ၂,၀၀၀ ကျော်အထိ ရှိခဲ့သည်။

Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ ယင်းသတင်းတုသည် ၂၀၁၈ စက်တင်ဘာကတည်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့်သတင်းတုဖြစ်ပြီး အဆိုပါသတင်းတုကို သူရိယနေဝန်းဂျာနယ်က ထပ်ဆင့်ကူးယူဖော်ပြခဲ့သေးသည်။

ယင်းသတင်းတုပါ အကြောင်းအရာများကို ၎င်းသည် တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိသည့်အတွက် သူရိယနေဝန်းဂျာနယ်အနေဖြင့် ပြန်လည်ရှင်းလင်းရန် ဒေါက်တာသက်သက်ခိုင်က ၂၀၁၈ စက်တင်ဘာ ၂၂ ထုတ် ကြေးမုံသတင်းစာတွင်ထည့်သွင်းကြော်ငြာခဲ့သည်။ ၎င်း၏ Facebook အ‌ကောင့်တွင်လည်း ယင်းသတင်းစာဖြတ်ပိုင်းကို ပြန်လည်ဖော်ပြထားသည်။ 

သူရိယနေဝန်းဂျာနယ်ကလည်း သတင်းမှားယွင်းကြောင်း ဝန်ခံခဲ့ပြီးစက်တင်ဘာ ၂၆ ထုတ် ကြေးမုံသတင်းစာတွင် ပြန်လည်ဖြေရှင်းခဲ့သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် အဆိုပါသတင်းတုကို အချိန်ကိုက် ပြန်လည်ဖြန့်ဝေလာကြခြင်းဖြစ်ကြောင်း တွေ့ရသည်။

“အဲ့ဒါကတော့ သတင်းမှားပါ။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ သူများပါတီကို အောက်လုံးထိုးတာတွေ ဆဲတာတွေ မလုပ်ဖို့က ပါတီစည်းမျဉ်းထဲမှာရှိပြီးသားပါဟု” ပြည်သူ့ရှေ့ဆောင်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မင်းခန့်က Myanmar Now ကို ပြောသည်။ 

ရွေးကောက်ပွဲအတွက်စိုးရိမ်မှု

သတင်းတု သတင်းမှားများနှင့် အမုန်းစကားများကြောင့် လာမည့်ရွေးကောက်ပွဲတည်ငြိမ်မှုထိခိုက်လာမည်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် လူမှုကွန်ရက်စောင့်ကြည့်သည့်အဖွဲ့အစည်းများကလည်း စိုးရိမ်နေကြသည်။

သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိမည်ကို စိုးရိမ်သည့်အပြင် ရွေးကောက်ပွဲကာလအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေး ခက်ခဲသွားမည်ကို ပိုမိုစိုးရိမ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်က Myanmar Now ကို ပြောသည်။ 

“ကျွန်တော်ကတော့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ စိုးရိမ်မှုလည်းရှိတယ်။ အဲ့ဒီထက်ပိုပြီးစိုးရိမ်တာက ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလအတွင်းမှာ တစ်ဖတ်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့တာတွေ အပုပ်ချခဲ့တာတွေ နောက်တစ်ခါ တိုင်းရင်းသားတွေနဲ့ပတ်သက်လို့ နှစ်ပြားမတန်အောင် ပြောဆိုနေတာတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့အတွက် ပိုပြီးတော့ ခက်သွားလိမ့်မယ်လို့မြင်တယ်” ဟု သူကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကာလတွင် အမုန်းစကားများ၊ တစ်ဖက်နှင့်တစ်ဖက် လူမှုကွန်ရက်ပေါ် တိုက်ခိုက်မှုများမှာ ယခုအချိန်ကဲ့သို့ မများခဲ့ဟုလည်း ဦးရဲထွဋ်က ပြောသည်။ 

အာဏာရပါတီအနေဖြင့်လည်း မိမိနှင့် မိမိပါတီကို ထိခိုက်ပြောဆိုသည့် သတင်းတု သတင်းမှားများကိုသာ မဟုတ်ဘဲ မိမိပါတီကို ထောက်ခံသူများက အခြားပါတီတစ်ခုခုကို ပစ်မှတ်ထား ပြောဆိုဖြန့်ဝေသည့် သတင်းတု သတင်းများကိုလည်း ဘက်မလိုက်ဘဲ ကျင့်ဝတ်တစ်ခုရေးဆွဲကာ တိတိကျကျ ကိုင်တွယ်ထိန်းကျောင်းရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။ 

“လူပြောများနေတဲ့ Facebook က ဖွဲ့ထားတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စောင့်ကြည့်တဲ့အဖွဲ့ကလည်း ဒီထက်ပိုပြီး တရားမျှတဖို့လိုတယ်” ဟု ဦးရဲထွဋ်က ပြောသည်။

လူမှုကွန်ရက်ဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေသည့် Myanmar ICT for Development Organization (MIDO) ၏ စီမံကိန်းဒါရိုက်တာ မဖြူဖြူသီကလည်း သတင်းတုသတင်းမှားများသည် ရွေးကောက်ပွဲရလဒ်နှင့် အခြေအနေကို ပြောင်းလဲနိုင်သည့်အပြင် ရွေးကောက်ပွဲဖြစ်မဖြစ် ဆိုသည့် အနေအထားအထိပင် သက်ရောက်နိုင်သည်ဟု ဆိုသည်။

သတင်းတု သတင်းမှားများကြောင့် လူမှုသဟဇာတပျက်ပြားမှုများနှင့် ပဋိပက္ခကို ဦးတည်သော အခြေအနေအထိ ဖြစ်မလာစေရန် အချိန်မီ ကာကွယ်တားဆီးလုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်း အစိုးရဌာနများ အပါအဝင် သတင်းအချက်အလက် ထုတ်ပြန်သည့် အဖွဲ့အစည်းများက ထိထိရောက်လုပ်ဆောင်သင့်သည်ဟု မဖြူဖြူသီက ပြောသည်။

“သတင်းမှန်ထုတ်ပြန်ရမယ့် သက်ဆိုင်ရာဌာနတွေကလည်း သတင်းအချက်အလက်အမှန်ကို မြန်မြန်ဆန်ဆန် ပြည်သူနားလည်နိုင်တဲ့ နည်းလမ်းနဲ့ရောက်အောင် ပို့ဆောင်ဖို့ လိုသလို မီဒီယာတို့ သတင်းအချက်အလက်စစ်ဆေးသူတို့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းအချက်အလက်အမှား ရှိလာခဲ့ရင် အမှားကို အမြန်ဆုံးပြင်ဆင်ပြီး တုံ့ပြန်တဲ့အလုပ်တွေ လုပ်ဖို့လိုတယ်” ဟု မဖြူဖြူသီက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading