တရားဝင်ဆန်တင်ပို့မည့် မြန်မာကုမ္ပဏီ ၃၀ ကျော်ကို တရုတ်အစိုးရ ထပ်မံအသိအမှတ်ပြု

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ရန် တရုတ်အကောက်ခွန်အာဏာပိုင်အသိအမှတ်ပြု မြန်မာကုမ္ပဏီ ၁၁ ခုရှိခဲ့ရာမှ ၄၃ ခုအထိရှိလာသည်

Published on Jul 13, 2020
ရန်ကုန်တိုင်းအတွင်းရှိ ဆန်ဂိုထောင်တစ်ခုကို မေ ၄ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ရန်ကုန်တိုင်းအတွင်းရှိ ဆန်ဂိုထောင်တစ်ခုကို မေ ၄ က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

 

တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့ခွင့်ရရှိသောကုမ္ပဏီအဖြစ် မြန်မာကုမ္ပဏီ ၁၁ ခုကိုသာ တရုတ်အစိုးရက အသိအမှတ်ပြုထားခဲ့ရာမှ ဇူလိုင် ၁၀ မှစတင်ပြီး မြန်မာကုမ္ပဏီ ၄၀ ကျော်ကို ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အာဏာပိုင်အဖွဲ့ (GACC) အသိအမှတ်ပြု ကုမ္ပဏီများကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်။၂၀၁၅ မှစတင်ကာ မြန်မာကုမ္ပဏီ ၁၁ ခုသာ ရှိခဲ့ရာမှ ယခုအခါ တရုတ်အစိုးရအသိအမှတ်ပြု မြန်မာကုမ္ပဏီ ၄၃ ခုအထိ ရှိလာပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို‌ ပြောသည်။

“ကျွန်တော်တို့ဘက်ကလည်း သူတို့ (တရုတ်) ဘက်က တောင်းဆိုတာတွေကို အကြိမ်ကြိမ်ပို့ပြီးတော့ ဘေကျင်းမှာရှိတဲ့ စီးပွားရေးသံမှူးကတဆင့် GACC နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာ” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာ့ဆန်ပြည်ပတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော်မှာ တရုတ်ဈေးကွက်ဖြစ်သော်လည်း တရုတ်အစိုးရက နှစ်စဉ်ခွဲတမ်းသတ်မှတ်ကာ ဝယ်ယူနေပြီး မူဆယ်မှတဆင့် နယ်စပ် ဖြတ်ကျော်တင်ပို့သည့် မြန်မာ့ဆန်ကို တရုတ်နိုင်ငံဘက်ခြမ်းက တရားမဝင်အဖြစ် သတ်မှတ်လေ့ရှိသည်။

မူဆယ်နယ်စပ်မှ တရားမဝင်အဖြစ် သတ်မှတ်ဝယ်ယူနေသည့် ဆန်များကို မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပေးသည့် ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက် တင်ပြရန် ၂၀၂၀ ဧပြီလဆန်းမှစတင်ပြီး တရုတ်နိုင်ငံက မူဝါဒပြောင်းလဲလိုက်ရာ တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်ဘက်အခြမ်းတွင် ဆန်အိတ်ရေ သိန်းချီ ပိတ်မိခဲ့သည်။

အဆိုပါ ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်သည် တရုတ်နိုင်ငံ GACC က အသိအမှတ်ပြုသည့် မြန်မာကုမ္ပဏီများကိုသာ ထုတ်ပေးနိုင်ခြင်းကြောင့် မြန်မာကုမ္ပဏီ ၁၁ ခုကသာ တရုတ်သို့ ဆန်တင်ပို့ခွင့်ရရှိခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီ ၄၃ ခုရှိလာသဖြင့် ဆန်တင်ပို့မှု အဆင်ပြေလာမည်ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

မြန်မာနိုင်ငံသို့ ၂၀၂၀ ဇန်နဝါရီက လာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်တွင် မြန်မာ့ဆန်နှင့် ဆန်ကွဲ တရုတ်သို့တင်ပို့ရာတွင် အပင်ပိုးမွှားရောဂါထိန်းချုပ်ရေးနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးစာချုပ်ကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်ပါ စည်းကမ်းများနှင့်အညီ ဆန်တင်ပို့ရန် မြန်မာကုမ္ပဏီ ၄၃ ခုကို GACC တွင် မှတ်ပုံတင်ရန်ဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင်ရာတွင် ယင်းကုမ္ပဏီများ ပိုင်ဆိုင်သည့် ဆန်သိုလှောင်ရုံနှင့် ဆန်စက်များ၌ ပိုးမွှားကင်းစင်ရန် နှစ်နိုင်ငံသဘောတူထားသည့် အစားအစာဘေးကင်းလုံခြုံရေး သတ်မှတ်လုပ်ငန်းစဉ်များကို လိုက်နာရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က Myanmar Now ကိုပြောသည်။

ယေဘုယျအားဖြင့် ကုန်ကြမ်းနှင့် ကုန်ချော ရောနှောမသိုလှောင်ရန်၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးအတွက် ဆန်စက်နှင့် သိုလှောင်ရုံများတွင် ပိုးမွှားနှိမ်နှင်းရန်၊ သတ်မှတ်ထားသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရန် စသည်တို့ကို စစ်ဆေးရပြီး ထိုစစ်ဆေးချက်များကို တစ်နှစ်တစ်ကြိမ် တရုတ်အစိုးရ၏ (GACC) ထံ ပေးပို့ရကြောင်း ၎င်းက ပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာနပိုင် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလိမိတက် (MITS) က ဆန်သိုလှောင်ရုံနှင့် ဆန်စက်များတွင် ထိန်းချုပ်ပိုးမွှားကင်းစင်ရန် ဆောင်ရွက်သည့်လုပ်ငန်းစဉ်ကို စစ်ဆေးရပြီး ယင်းစစ်ဆေးချက်ရလဒ်ကို တရုတ်အစိုးရ၏ GACC က အတည်ပြုလက်ခံမှသာ ဆန်တင်ပို့ခွင့်ပြုကြောင်း ဦးရဲမင်းအောင်က ပြောသည်။

ကုမ္ပဏီ ၄၃ ခုက တင်ပြသည့် သိုလှောင်ရုံနှင့် ဆန်စက်များမှာ ရန်ကုန်တိုင်းတွင် ၃၃ ခု၊ ဧရာဝတီတိုင်းတွင် ၂၆ ခု၊ ပဲခူးတိုင်းတွင် ၁၂ ခု၊  မန္တလေးတိုင်းတွင် ၃ ခု၊ နေပြည်တော်တွင် ၃ ခု၊ စစ်ကိုင်းတိုင်းတွင် ၁ ခုနှင့် မကွေးတိုင်းတွင် ၁ ခု စုစုပေါင်း ၇၉ ခု ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မေ ၈ တွင် ထုတ်ပြန်ထားသည်။

“Player (အပြိုင်အဆိုင်တင်ပို့သူ) ပိုများလာတာပေါ့။ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့လူ ပိုများတဲ့အခါကျတော့ ဘာပဲပြောပြော export promotion (ပို့ကုန်မြှင့်တင်ရေး) အတွက်လည်း ကောင်းတာပေါ့။ တရုတ်ကလည်း ဝယ်နေတာဆိုတော့။ ဆန်တင်ပို့မှုပမာဏလည်း တိုးလာနိုင်တယ်” ဟု အသိအမှတ်ပြုကုမ္ပဏီ ပိုများလာခြင်းအပေါ် ဦးရဲမင်းအောင်က မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံသည် မြန်မာ့ဆန်တိုးမြှင့်ဝယ်ယူလိုပြီး ယခင်က မြန်မာကုမ္ပဏီ ၁၁ ခုသာ တရားဝင်တင်ပို့ခွင့်ရှိခဲ့ရာ လိုအပ်သည့်ပမာဏကို တရားဝင် ဝယ်ယူမရနိုင်သည့်အခြေအနေ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ယခုကဲ့သို့ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်များနှင့်အညီ ဆန်ထုတ်နိုင်သောကုမ္ပဏီများ တိုးလာခြင်းကြောင့် တရုတ်အစိုးရက မြန်မာနိုင်ငံကို နှစ်စဉ်ခွင့်ပြုပေးသည့် ဆန်ခွဲတမ်းပမာဏမှာလည်း ၂၀၂၀ တွင် ဆန်တန်ချိန် ၁၀၀,၀၀၀ သာရှိရာမှ နောင်လာမည့်နှစ်များတွင် ဆန်တန်ချိန် တိုးမြှင့်‌ပေးလာနိုင်ဖွယ်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

တရုတ်နိုင်ငံ GACC ၏ ဆန်အရည်အသွေးဆိုင်ရာသတ်မှတ်ချက်သည် စပါးထုတ်လုပ်ရာမှ ဆန်ကြိတ်ခွဲပြီး ပြည်ပဆန်တင်ပို့သည်အထိ ဆန်စက်များ၊ သိုလှောင်ရုံများ၏ သန့်ရှင်းမှုနှင့် အရည်အသွေးကို စစ်ဆေးခြင်းဖြစ်ပြီး ရေရှည်အကျိုးကျေးဇူးအဖြစ် စျေးကွက်တွင် မြန်မာ့ဆန်အရည်အသွေးအပေါ် ယုံကြည်မှု ခိုင်မာစေကြောင်း ၎င်းက ဆိုသည်။ 

“ဒီစက်ရုံတွေက Qualify (အရည်အသွေးပြည့်မီ) ဖြစ်တယ်ဆိုတဲ့သဘောပေါ့။ ဒီစက်ရုံတွေက ထွက်တဲ့ဆန်က အရည်အသွေးအားဖြင့် စိတ်ချရတာပေါ့ဗျာ။ GACC စာမေးပွဲအောင်ထားခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံကို ယုံကြည်မှုရှိစေတယ်။ ဥပမာ အီးယူကို ပို့တဲ့ကုမ္ပဏီဆို တစ်ကမ္ဘာလုံးက ကြိုက်တဲ့နေရာကို ပို့လို့ရသလိုမျိုးပေါ့” ဟု ဦးမင်းမင်းက ပြောသည်။ 

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အာဖရိကနှင့် အခြားနိုင်ငံများသို့ တင်ပို့နေပြီး ၂၀၁၉ အောက်တိုဘာလမှ ၂၀၂၀ ဇွန်လကုန်ပိုင်းအထိ ဆန်တန်ချိန် ၂ ဒသမ ၁ သန်းကျော် တင်ပို့ခဲ့‌ကာ အမေရိကန်ဒေါ်လာ  ၆၃၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ 

ယင်းတင်ပို့မှုပမာဏအနက် တန်ချိန် ၄ ဒသမ ၄ သိန်းကျော်ဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၄၂ သန်းဖိုး ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါဂယက်ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်ရှိလာသဖြင့် မြန်မာ့ဆန်ဝယ်လိုအား မြင့်လာသော်လည်း ပြည်တွင်း၌ ဆန်ဖူလုံမှု ရှိစေရန် ပြည်ပဆန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို အရန်ဆန်အဖြစ် ရောင်းချရန် စီးပွားကူးသန်းဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့မှုကို မေလမှစ၍ တစ်လလျှင် ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၁၀၀,၀၀၀၊ နယ်စပ်မှ ဆန်တန်ချိန် ၅၀,၀၀၀ သာ တင်ပို့ရန် ကန့်သတ်ခဲ့သည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading