တပ်ပိုင်မြေ ကျူးကျော်သည်ဟုဆိုကာ တောင်သူ ၁၀၅ ဦးကို တရားစွဲဆို 

တရားမကြီးမှုဖြင့် စွဲဆိုခဲ့သော်လည်း တပ်မတော်ပိုင်ဆိုသော အထောက်အထားမရှိကြောင်းနှင့် တရားစွဲဆိုမှုမှာ ဥပဒေနှင့် မညီညွတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံတောင်သူများက ပြောသည်

Published on Jul 13, 2020
ဓာတ်ပုံ - ခင်နှင်းဝေ (Myanmar Now)
ဓာတ်ပုံ - ခင်နှင်းဝေ (Myanmar Now)

တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်အတွင်းမှ တောင်သူ ၁၀၅ ဦးကို တပ်မတော်က ယနေ့ (ဇူလိုင် ၁၃) မြို့နယ်တရားရုံးတွင် တရားမကြီးအမှုအနေဖြင့် တရားစွဲတင်ခဲ့သည်။ 

အမှတ် (၁၂၁) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း ပိုက်နက်ကို ကျူးကျော်နေသည်ဟုဆိုကာ အဆိုပါတပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားလိုလုပ်ပြီး စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာမှ တောင်သူ ၅၁ ဦးနှင့် ညောင်ဝန်းကျေးရွာမှ တောင်သူ ၅၄ ဦး စုစုပေါင်းတောင်သူ ၁၀၅ ဦးကို တပ်ပိုင်မြေမှဖယ်ပေးရန် တရားရုံးမှတဆင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

တပ်ပိုင်မြေတွင် ကျူးကျော်နေထိုင်ခြင်းမှ ထွက်ခွာပေးရန် တပ်မတော်မှ အကြောင်းကြားစာ သုံးကြိမ်ပေးပို့ခဲ့ပြီး ဇူလိုင် ၈ တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ 

"ဒီနေ့က တရားပြိုင်တောင်သူတွေကို ဆင့်ခေါ်ပြီး ရုံးရောက်လာရမယ့်နေ့ပေါ့၊ တပ်မတော်က တောင်သူတွေကို ကျူးကျော်နေထိုင်မှုနဲ့ ခြံစည်းရိုးခတ်ထားမှုတွေကို ထွက်ခွာပေးစေလိုကြောင်း တရားစွဲတာပါ"ဟု စဉ့်ကူးမြို့နယ်တရားရုံးမှ သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးစိုးလှိုင်ထွန်းက သတင်းမီဒီယာများကို ပြောသည်။

တပ်မတော်ပိုင်မြေ ၂,၀၉၁ ဧကရှိသည့်အနက် ရွာမြေအဖြစ် ၇၅ ဧက စွန့်လွှတ်ပေးထားသော်လည်း တောင်သူများက စွန့်လွှတ်မြေနှင့်စပ်ဆက်နေရာများတွင် တိုးချဲ့နေထိုင်စိုက်ပျိုးကြခြင်းကြောင့် တရားစွဲရခြင်းဖြစ်သည်ဟု တရားလိုဖြစ်သူ ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောသည်။ 

"စွန့်လွှတ်မြေနေရာနဲ့ ဆက်စပ်တဲ့ နေရာတွေမှာ လူနေအိမ်တွေ ဆောက်နေတဲ့အတွက် စွဲတာပါ။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထွက်ပေးဖို့ အကြောင်းကြားခဲ့ပြီးသား။ ထွက်မပေးလို့ စွဲတာပါ"ဟု ၎င်းက ပြောသည်။ 

တရားစွဲဆိုသည့်အဖွဲ့အစည်းမှဖြစ်သောကြောင့် အလုံးစုံပြောရေးဆိုခွင့်မရှိဟုလည်း ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောသည်။

တပ်မတော်က ၁၉၇၂ ခုနှစ်မှစတင်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက်ဆိုကာ လက်ညှိုးထိုးသိမ်းယူခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် Great Wall ကုမ္ပဏီကို အငှားချခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်ကာ ထိုကုမ္ပဏီက မလုပ်ကိုင်တော့သဖြင့် လစ်လပ်နေခဲ့ကြောင်း၊ တောင်သူများက ပြန်လည်တောင်းဆိုသည့်အတွက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီး) က စွန့်လွှတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ထိုမြေများတွင် ရွာသူရွာသားများ ထွန်ယက်စိုက်ပျိုးနေခြင်းဖြစ်ကြောင်း ညောင်ဝန်းကျေးရွာမှ တောင်သူ ဦးစိန်ဌေးက ပြောသည်။

"သိမ်းစဉ်ကလည်း တစက်မြိတ်ကစ လက်ညှိုးထိုးသိမ်းသွားတယ်။ အဲဒီတုန်းကတော့ စစ်အာဏာရှင်ခေတ်ဆိုတော့ ကြောက်ခဲ့တာပေါ့၊ အခု ပွင့်လင်းမြင်သာတဲ့ခေတ်မှာတော့ တောင်သူတွေက ကိုယ့်မြေကို ပြန်တောင်းဆိုလုပ်ကိုင်ခဲ့တယ်၊ အဲဒီမှာ တရားစွဲခံရတယ်"ဟု ဦးစိန်ဌေးက ပြောသည်။ 

"တပ်မတော်ဟာ ပြည်သူပြည်သားတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ရမယ်။ ဒီလို မြေယာတွေ လိုက်သိမ်းဖို့ ဖွဲ့စည်းပေးထားတာ မဟုတ်ပါဘူး။ ကြားလို့လည်းမကောင်းပါဘူး" ဟု ၎င်းက ပြောသည်။

တပ်သိမ်းမြေမူဝါဒအရ သိမ်းဆည်းဒေသများတွင် တပ်မတော်ဆိုင်ရာ အဆောက်အဦများရှိလျှင်သော်လည်းကောင်း ရိက္ခာဂိုထောင်နှင့် လေ့ကျင့်ရေးကွင်းရှိလျှင်သော်လည်းကောင်း လိုအပ်သလောက် သိမ်းယူပြီး ကျန်မြေများကို မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ရမည်ဖြစ်ပြီး ဘိုးဘွားပိုင်မြေများ သိမ်းယူခံရခြင်းအပေါ် ဒေသခံတောင်သူများက ဝေဖန်ခဲ့ကြသည်။ 

"ဒီကွင်းမှ လုပ်မစားရရရင် ကျွန်တော်တို့မှာ လုပ်စား နေထိုင်စရာ မရှိပါဘူးဗျာ"ဟု ငွေတောင်ကျေးရွာမှ ကိုမိုးဝင်းဌေးက ပြောသည်။

စဉ့်ကူးမြို့နယ်တရားရုံးသို့ တရားစွဲခံထားရသည့် တောင်သူ ၁၀၀ ကျော်နီးပါး လာရောက်ခဲ့ကြသည်။ အဆိုပါနေရာများကို တပ်မတော်က သိမ်းယူခဲ့ခြင်းသည် ဥပဒေနှင့် မညီကြောင်း ငွေတောင်ကျေးရွာ တာဝန်ခံ ဦးနိုင်နိုင်ထွန်းက ပြောသည်။ 

"တိုင်းအစိုးရရဲ့ ၂၀၁၇ မြေလွတ်မြေရိုင်းနဲ့ အခြားနည်းသုံးစွဲခွင့်ကျတယ်ဆိုပြီး ပြန်လာသိမ်းယူတာပါ။ မြေလွတ်မြေရိုင်း လျှောက်ထားရင်လည်း မြေလွတ်မြေရိုင်းဥပဒေအရ ရပ်ကျေးကိုလာပြီး ထောက်ခံချက်ရယူရမယ်။ တောင်သူတွေက ကန့်ကွက်လွှာတွေ တင်ရမယ်။ မြေစာရင်းကိုမေးကြည့်တော့ ဒါတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဥပဒေအရ မလုပ်ခဲ့ဘူး"ဟု ၎င်းက ဆိုသည်။

"ဒီနေ့ ကျေးရွာတာဝန်ခံတစ်ယောက်အနေနဲ့ မတရားမှုကို လာရောက်ဝန်းရံပါတယ်။ ကိုယ့်ရွာမြေမှာ ကိုယ်နေတာ ကျူးကျော်မှုလား" ဟုလည်း ဦးနိုင်နိုင်ထွန်းက ပြောသည်။

အဆိုပါမြေနေရာ အငြင်းပွားနှင့်ပတ်သက်ပြီး စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် တပ်မတော်ပိုင်ဆိုသော အထောက်အထားမရှိဟု ဆိုသည်။ 

"သူတို့ နှုတ်နဲ့သိမ်းထားတဲ့နေရာတွေကို တောင်သူတွေက မလုပ်ဘဲနဲ့ အဲဒီနေရာရဲ့ အခြားတစ်နေရာမှာ လုပ်ခဲ့တယ်။ တကယ်သိမ်းခဲ့တဲ့နေရာလည်း မဟုတ်ဘူး။ အခု မြေလွတ်မြေရိုင်းလျှောက်ထားပြီး အဲဒီစာရွက်လေးတစ်ရွက်နဲ့ပဲတောင်သူတွေကို တရားစွဲတာ ဥပဒေနှင့်မညီဘူး"ဟု ၎င်းက ပြောသည်။

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်ခြင်းမှ ဖယ်ရှားရန် တပ်မတော်က တရားမကြီးအမှုအနေဖြင့် စွဲဆိုထားသည့် အဆိုပါအမှုအတွက် နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၂၈ သို့ ဆင့်ခေါ်ထားသည်ဟု စဉ့်ကူးမြို့နယ်တရားရုံး တာဝန်ရှိသူက ပြောသည်။

ပြင်ဦးလွင်မြို့နယ် ကျွဲနဖားကြိုးဝိုင်းရှိ လွန်ကောင်းကျေးရွာအုပ်စုမှ တောင်သူခုနှစ်ဦးကိုလည်း အမှတ် ၁၂၁ ထောက်ပို့တပ်မှ ဗိုလ်ကြီးဇော်ဝင်းနိုင်ကပင် ၂၀၁၉ မေလအတွင်း အလားတူတရားစွဲဆိုထားသည်။ အဆိုပါအမှုသည်လည်း ယနေ့အချိန်ထိ ပြီးပြတ်ခြင်း မရှိသေးပေ။ 

ခင်နှင်းဝေသည် Myanmar Now သတင်းဌာန၏ မန္တလေးအခြေစိုက် သတင်းထောက်ဖြစ်သည်။
 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading