တပ်မတော်သားသုံးဦး၏ အဓမ္မပြုခြင်းခံရသည်ဆိုသော အမျိုးသမီး စစ်တွေတွင် အမှုဖွင့်

အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုသော အမျိုးသမီးမှာ လက်ရှိတွင် ကြောက်လန့်နေကာ မိသားစုနှင့် ၎င်း၏လုံခြုံရေးအတွက် စိုးရိမ်နေသည်

စစ်တွေအမှတ် ၁ ရဲစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ - ဖဒူထွန်းအောင်/Myanmar Now)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားသုံးဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည့် အမှုနှင့်ပတ်သက်ပြီး ကာယကံရှင်အမျိုးသမီးက တရားလိုပြုလုပ်ကာ စစ်တွေမြို့ အမှတ်( ၁ ) ရဲစခန်းတွင်  ယမန်နေ့က အမှုဖွင့်လိုက်သည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်( ၁ )ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု) ၊ ပုဒ်မ  ၃၆၆ (အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု) ၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန်အတွက် အားပေးမှု ) တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအမျိုးသမီးဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်မြသူဇာက ပြောသည်။

“အမှုဖွင့်တဲ့ အခြေအနေက အမှန်အကန်ထွက်ဆိုတာကို ကျွန်မက လိုလားချက်ရှိပါတယ်။ အဲဒါကြောင့်လည်း ရဲရဲဝံ့ဝံ့နဲ့ အမှန်အကန်ကို ကျွန်မ ထွက်ဆိုတယ် ”ဟု သားသမီး လေးယောက်၏ မိခင်ဖြစ်သူ ကာယကံရှင်အမျိုးသမီးက ပြောသည်။  

လွန်ခဲ့သည့် ဇွန် ၂၉ ၊ညနေ ၆ နာရီတွင် တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးဂါကျေးရွာသို့ သေနတ်ပစ်ဖောက် ရောက်ရှိလာပြီးနောက် ရွာသူရွာသားအများစုသည် တခြားကျေးရွာများသို့ တိမ်းရှောင်ထွက်ပြေးသွားကြသည်။

အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသမီးသည် ရွာသားများ ထွက်ပြေးကြသော်လည်း ၎င်း၏သမီးမှာ ကလေးမွေးဖွားထားသည်မှာ ခြောက်ရက်ခန့်သာရှိသေးသောကြောင့် သမီးအတွက် စိုးရိမ်ပြီး ထွက်ပြေးခြင်း မပြုလုပ်ခဲ့ဘဲ အိမ်ထဲတွင် ပုန်းခိုနေကြသည်ဟု ဆိုသည်။ 

ထို့နောက် တပ်မတော်စစ်ကြောင်းသည် ရွာထဲတွင် တစ်အိမ်တက်ဆင်း စစ်ဆေးမှုပြုလုပ်လာပြီး ည ၁၁ နာရီခန့်တွင် ၎င်း၏ နေအိမ်သို့ တပ်မတော်သား လေးဦး ရောက်ရှိလာခြင်းဖြစ်ပြီး ကလေးငိုသည့်အခါ ယင်းအိမ်တွင် လူရှိနေသည်ကို သိရှိခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုစတင်တော့သည်ဟု ယင်းအမျိုးသမီးက ပြောသည်။

ယင်းအမျိုးသမီးကို မှတ်ပုံတင်မှာ မသင်္ကာစရာရှိသည်ဟုဆိုကာ အိမ်ခြံဝင်းအတွင်းမှ အခြားနေအိမ်တစ်အိမ်သို့ ဆွဲခေါ်သွားပြီး မှတ်ပုံတင်အကြောင်းကို ထပ်မံစစ်ဆေးပြီး “အစ်မကို လမ်းနှစ်လမ်း ရွေးခွင့်ပေးမယ်ပြောတယ်”ဟု တပ်မတော်သားများ၏ ပြောပြချက်ကို  ပြန်လည်ပြောပြသည်။

“တစ်လမ်းက အစ်မ ထွက်ပြေးလို့ရှိရင် သေနတ်နဲ့ ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတစ်လမ်း၊ တစ်လမ်းကတော့ အစ်မရဲ့ ခန္ဓာကို တောင်းဆိုခွင့် တစ်လမ်းရှိပါတယ်။ ဆိုတော့ ကျွန်မ ထွက်ပြေးဖို့ ကြံစည်နေတဲ့အချိန်မှာ အမျိုးသား နှစ်ဦးက နောက်တစ်ယောက် ရှေ့တစ်ယောက် သေနတ်နဲ့ ဓားနဲ့ ခြိမ်းခြောက်ပြီး ထွက်ပြေးရင် သူပုန်လို့ သတ်မှတ်ပြီး ပစ်မိဖို့ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ခြိမ်းခြောက်တဲ့အချိန်မှာ ကျွန်မကို အမျိုးသားသုံးဦးက မုဒိမ်းမှု၊ အဓမ္မကျင့်ပါတယ်”ဟု ယင်းအမျိုးသမီးက ဆက်လက်ဆိုသည်။

ထို့နောက် ကျန်ရှိလိုက်သည့် တပ်မတော်သားတစ်ဦးထံသို့ အဆိုပါအမျိုးသမီးကို ခေါ်ယူသွားကာ ၎င်းကို ကျပ်ငွေနှစ်သောင်း အတင်းပေးပြီး သတင်းမပေါက်ကြားရန် သတိပေးပြီး ပြန်လွှတ်လိုက်သည်။ ယင်းတပ်သားများသည် ထပ်မံပြီး အိမ်သို့ လာရောက်ကာ အသက် ၁၉ နှစ်အရွယ်ရှိ ကလေးမွေးစမိခင်ကို စစ်ဆေးစရာ ရှိသည်ဟု ဆိုကာ ခေါ်ထုတ်သွားသည်ဟု ဆိုသည်။

“ကျွန်မသမီးလေးကို ကျွန်မကြုံတွေ့ခဲ့ရတဲ့အိမ်ကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျွန်မလိုမျိုး ဓားထောက်၊ သေနတ်ထောက်ပြီး စစ်သားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြံစည်ပါတယ်။ ကြံစည်နေတဲ့အချိန်မှာ ကျွန်မကလည်း ကျွန်မယောက္ခမကို ကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုပြောပါတယ်။ ကျွန်မသမီးလေးကို ဒီလို မကြုံတွေ့ရပါစေနဲ့လို့ ကျွန်မက ယောက္ခမကို အမျိုးမျိုးတောင်းပန်ပြီး သမီးဆီ သွားဖို့ခိုင်းပါတယ်။အဲဒီလူတွေ ကျွန်မယောက္ခမလာတာမြင်ပါတယ်။ အပြင်က တစ်ယောက်က ကင်းသဘောနဲ့ အပြင်ကလူ လာ၊မလာ ကြည့်နေပါတယ်။ ကျွန်မ ယောက္ခမသွားတဲ့အချိန်မှာ သမီးလေး အဓမ္မပြုကျင့်မခံခဲ့ရဘဲ ပြန်လွတ်မြောက်လာတယ်”ဟု မုဒိမ်းကျင့်ခံခဲ့ရသည်ဆိုသော အမျိုးသမီးက ပြောသည်။

ယင်းနေ့တစ်ညလုံး စိုးရိမ်စိတ်များဖြင့် မအိပ်နိုင်ခဲ့ဘဲ ရွာမှတပ်မတော်သားများ မသိလိုက်သည့်အချိန်တွင် နီးစပ်ရာကျေးရွာများမှ တစ်ဆင့် စစ်တွေမြို့သို့ ထွက်ခွာလာခြင်းဖြစ်သည်။ ၎င်းကို စစ်တွေမြို့ရှိ အမျိုးသမီးအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေပြီး အမှုဖွင့်ခြင်းကြန့်ကြာရခြင်းမှာ ယင်းအမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအားပေးမှုများ ပြုလုပ်ပေးနေရသောကြောင့်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

အဆိုပါ အမျိုးသမီးက အမှုဖွင့်လှစ်လိုက်သော်လည်း “ကျွန်မရဲ့ လုံခြုံမှု၊ ကျွန်မမိသားစုရဲ့ လုံခြုံမှု၊ ဘယ်လိုလုံခြုံမှာလဲဆိုတာကို သိပ်ကြောက်လန့်ပြီး အမျိုးမျိုးအဖုံဖုံကို တွေဝေနေပါတယ်။ ကျွန်မကတော့ သိပ်ကြောက်လန့်နေပြီ  ”ဟု ဆိုသည်။

တပ်မတော်ဘက်ကတော့ အဆိုပါကိစ္စမှာ “ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် လုပ်ကြံဖန်တီးသည့်သတင်း ”ဟု ဇူလိုင် ၂ က ထုတ်ပြန်ခဲ့သည်။

တပ်ဘက်မှ ထုတ်ပြန်ချက်တွင် " တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃၀ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅၀ ခန့်ရှိ သရက်တောအတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူတို့၏ သတင်းအား မေးမြန်းခဲ့ကြောင်း” ဖော်ပြထားသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တပ်မတော်မှ ရသေ့တောင်မြို့နယ်တွင် နယ်မြေရှင်းလင်းမည်ဆိုသောကြေညာချက် ရုတ်သိမ်းခဲ့သော်လည်း ရသေ့တောင်တောင်ပိုင်းနှင့်မြောက်ပိုင်း ကျေးရွာများမှ ဒေသခံများသည် ဆက်လက်တိမ်းရှောင် ထွက်ပြေးနေကြဆဲ ဖြစ်သည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ပုဒ်မ ၃၆၆ အရ ပြစ်မှုထင်ရှားပါက ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန်အတွက် အားပေးမှု ) မှာ တရားသူကြီး၏ ဆင်ခြင်တုံတရားအရ ပြစ်မှု ကျူးလွန်သူ နည်းတူဖြစ်စေ ပြစ်ဒဏ်လျော့၍ ဖြစ်စေ ချမှတ်နိုင်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading