ဘယ်သူ့ဩဇာမှ မခံဘူးလို့ သူရဦးရွှေမန်း ထုတ်ဖော်ပြောကြား

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ စီမံခန့်ခွဲခဲ့သည့် နိုင်ငံရေးအခင်းအကျင်းနှင့် သူရဦးရွှေမန်း၏ သဘောထားအမြင်များ ဖွင့်ဟပြောဆိုထားသည့် Myanmar Now နှင့် သီးသန့်အင်တာဗျူးအပြည့်အစုံ 
 

Published on Jul 11, 2020
 ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ ဇူလိုင် ၅ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ ဇူလိုင် ၅ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

စစ်အုပ်ချုပ်ရေးကာလတွင် နံပတ်သုံးအဆင့် ခေါင်းဆောင်ဖြစ်ခဲ့သူ၊ တပ်မတော်တွင် ပထမဆုံး ကြည်းရေလေညှိနှိုင်းကွပ်ကွဲရေးမှူးဖြစ်ခဲ့သူ၊ ဒီမိုကရေစီခေတ်အပြောင်းအလဲတွင် ပထဆုံးလွှတ်တော်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူ၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဦးဆောင်တည်ထောင်ထားသူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို Myanmar Now က ဇူလိုင် ၅ ရက်တွင် နေပြည်တော်ရှိ ၎င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံမေးမြန်းထားသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို စီမံခဲ့သူဖြစ်ပြီး ၂၀၁၀ အကူးအပြောင်းတွင် ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်အောင် အခွင့်အလမ်းပေးခဲ့ စီမံခဲ့သည်ဟုလည်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ နိုင်ငံရေးဖြတ်သန်းမှုနှင့် အနာဂတ်နိုင်ငံရေးအခြေအနေ အကြောင်းစုံကို Myanmar Now နှင့်တွေ့ဆုံမေးမြန်းရာတွင် သူရဦးရွှေမန်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားထားပါသည်။ 

မေး - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှာလည်း သူရဦးရွှေမန်းက ပါဝင်ခဲ့တယ်။ တပ်မတော်မှာလည်း နံပါတ်သုံး အဆင့်မြင့်ဆုံးခေါင်းဆောင်ဖြစ်ခဲ့တယ်။ ပထမဆုံးသိချင်တာက ဒီနေ့နိုင်ငံရေးအခင်းအကျင်းပေါ့လေ။ ၂၀၁၀ ကနေ ဒီနေ့အထိ အဲဒီနိုင်ငံရေးအခင်းအကျင်းကို စစ်ခေါင်းဆောင်တွေ ဘယ်လိုစီမံခဲ့ကြလဲ။ အဲဒါလေး အများသိအောင် မျှဝေပေးစေချင်ပါတယ်ခင်ဗျ။

ဖြေ - ၁၉၉၇ ခုနှစ် နိုဝင်ဘာလလောက်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့) ကနေ ပြန်ပြီးတော့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီးတော့ နယက (နိုင်ငံတော်အေးချမ်းသာသယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို နအဖကို ခေါ်ဝေါ်သတ်မှတ်ကြပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းက အင်တာဗျူးတွင် နယက ဟု ပြောဆိုသုံးနှုန်းသည်) အဖွဲ့ဝင်တစ်ဦးဖြစ်လာပါတယ်။ အဲဒီနည်းတူပဲ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ တာဝန်ယူရပါတယ်။ စစ်တပ်မှာလည်း အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးပါ။ နယကအဖွဲ့ဝင်က ၁၉၉၇ ကနေ ၂၀၁၀ ဆိုတဲ့အတွက် ၁၃ နှစ်ကြာပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒီကာလဟာ နိုင်ငံဝန်ထမ်းသက်သက် မဟုတ်ပဲ ပြည်သူ့ဝန်ထမ်း ဆိုတဲ့တာဝန်ပါ ယူရပါတယ်။ ဖော်ပြထားခြင်းမရှိပေမဲ့ အဲဒီတုန်းက နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးကိစ္စအားလုံးကို ဧရာဝတီတိုင်းအနေနဲ့ တာဝန်ယူခဲ့ရသူပါ။ ၂၀၀၁ ခုနှစ်ရောက်လာတဲ့အခါ ကျတော့ ပြောင်းရပါတယ်။ မရှိခဲ့တဲ့ မသိခဲ့တဲ့ နာမည်ရာထူးကို ရပါတယ်။ ဒါဘာလဲဆိုရင် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ဒီလိုတာဝန်ပေးပါတယ်။ ၂၀၀၁ ခုနှစ်ကနေ စပြီးတာဝန်ယူခဲ့ပါတယ်။ တပ်မတော်မှာဆိုရင် နံပါတ်သုံးအဆင့် နယကမှာဆိုရင်လည်း နံပါတ်သုံးအဆင့်၊ အဲလို ဒီလိုအဆင့်ရှိပြီးတဲ့မှ ဆောင်ရွက်တဲ့နေရာမှာ ခုဏက ပြောသလို အနီးကပ်။ ဟုတ်ပါတယ်၊ ရုံးမှာအိပ် ရုံးမှာစား အဲ နှစ်ပေါင်းများစွာ ဒီလိုနေခဲ့ရတယ်။ အဲဒီတိုင်းပဲ ခရီးသွားတဲ့အခါမှာလည်း ဟိုတုန်းက ဥက္ကဌကြီးနဲ့အတူ သွားတာများပါတယ်။ အဲဒီတိုင်းပဲ တည်းခိုတဲ့နေရာမှာလည်း အတူတကွ တည်းခိုရပါတယ်။ ဒါကြောင့် တော်တော်များများ ဒီအကြောင်းတွေကို နားလည်ခဲ့ပါတယ်။ သိရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ နယက အဲဒီတုန်းက ခေါင်းဆောင်တစ်ယောက်အနေနဲ့ စဉ်းစားတာက လက်ရှိနိုင်ငံ့အာဏာအရပ်ရပ်ကို ရယူထားပြီ။ ဒီဟာသည် တစ်ရက် တချိန်ချိန်ကြလို့ရှိရင်တော့ ပြည်သူကို ဒီအာဏာတွေပေးရမယ်။ ဒီကာလအတွင်းမှာ အရင်ပြောခဲ့တဲ့ စကားပေါ့လေ။ De Jure (အခွင့်အာဏာအပ်နှင်းမှုခံရသော) အစိုးရမဟုတ်သော်လည်း (De Jure) ဖြစ်အောင် တို့က လုပ်ကြရမယ်။ တို့ကိုတော့ ပြောကြတယ်။ De Facto (တရားမဝင်) လို့ပြောကြတယ်။ ဒါပေမဲ့ De Jure ဖြစ်အောင်လုပ်မယ်။ အဲလိုကြိုးစားတဲ့နေရာမှာ မိမိအနေနဲ့ ထိုက်သင့်တဲ့နေရာက ပါဝင်ခဲ့ပါတယ်။ အရင် အကြောင်းကြောင်းကြောင့်ပျက်စီးသွားတဲ့ အမျိုးသားညီလာခံခေါ်ဖို့ စဉ်းစားကြပါတယ်။ ၂၀၀၃ (အမျိုးသားညီလာခံ ပြန်လည်ခေါ်ယူခြင်း) မှာ အမျိုးသားညီလာခံကျင်းပပြီး လမ်းပြမြေပုံ ခုနှစ်ချက်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလမ်းပြမြေပုံထဲမှာ ဘာပါလဲဆိုတော့ ဖွဲ့စည်းပုံတစ်ရပ်ပြုလုပ်ပြီးတော့ ဖွဲ့စည်းပုံက ပေါ်ပေါက်လာတဲ့ အုပ်ချုပ်မှုစနစ်နဲ့အတူ အစိုးရတစ်ရပ်ဖွဲ့စည်းဆောင်ရွက်မှာ၊ အဲဒီအစိုးရက ပြည်သူများရွေးချယ် တင်မြှောက်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပေါ်ပေါက်လာအောင် ဒီလိုစဉ်းစားပြီး လုပ်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့အတွက်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီနေ့ဒီပုံဖြစ်လာတယ်။ ၂၀၁၀ နိုဝင်ဘာလကြတော့ ရွေးကောက်ပွဲပြုလုပ်ပါတယ်။ အဲဒီတုန်းက USDP လို့ခေါ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ပါတီ အာဏာရခဲ့ပါတယ်။ အာဏာရခဲ့တဲ့နောက်ပိုင်းကတော့ ဒီနေ့ ဒီလိုအခြေအနေ ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ပြီး နောက်ပိုင်းအချိန်မှာ ဒီမိုကရေစီ ပွင့်သစ်စနိုင်ငံများ ဖြစ်လာတယ်။ ပြန်စဉ်းစားမယ်ဆိုရင်တော့ အဲဒီကာလမှာ မြန်မာနိုင်ငံတစ်နိုင်ငံသာလျှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်ခဲ့တယ်။ အဲဒီတိုင်းပဲ ဒီမှာ မရပ်သေးပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲလုပ်တဲ့အခါကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရပါတယ်။ အနိုင်ရတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်ခေါ်ဖို့ အစိုးရဖွဲ့စည်းဖို့၊ အစိုးရဖွဲ့စည်းပြီးတဲ့အခါမှာ အစိုးရအာဏာလွှဲပြောင်းရေးကိစ္စမှာလည်း တစ်ခါ မိမိတစ်ဦးတည်းအနေအထား ဘယ်အခန်းကဏ္ဍက ဘယ်လောက်ထိ ပါဝင်ခဲ့ရလဲဆိုတာ သမိုင်းမှာရှိပြီးသားပါ။ ဒီနေရာမှာ ကြွားပြီးတော့ ပြောစရာလည်း မလိုပါဘူး။ အဲဒီတော့ ဒါသည် ဘယ်ကပေါက်ဖွားလာသလဲဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေါ်ပေါက်လာတဲ့ ကိစ္စတွေပါ။ 

မေး - ဟုတ်ကဲ့ ကြားဖြတ်လေး မေးချင်တာ၊ စောစောက ပြောတဲ့စကားပေါ့။ အဲဒီတော့ နအဖခေါင်းဆောင်တွေကနေ စဉ်းစားခဲ့တယ်။ ပြည်သူရွေးချယ်တဲ့အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ပေါ်ပေါက်လာတဲ့ အစိုးရဟာ ပြည်သူရွေးချယ်တဲ့အစိုးရလို့ အဲဒီတုန်းက ခေါင်းဆောင်တွေက လက်ခံထားလား၊ ဒီနေ့ဒီချိန်ထိပေါ့လေ။ 

ဖြေ - ၂၀၁၀၊ အဲဒီလိုပဲ လက်ခံထားတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်သူများရွေး ချယ်တင်မြှောက်ထားတဲ့အစိုးရလို့ လက်ခံထားပါတယ်။ 

မေး - အဲဒီတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ၂၀၁၁ မှာ တက်လာခဲ့တဲ့ အစိုးရသစ်အခင်းအကျင်းပေါ့လေ၊ အစိုးရအဖွဲ့ကိုဦးဆောင်မယ့် သမ္မတတို့၊ လွှတ်တော်ဥက္ကဌတို့ အဲလိုအကြီးအကဲနေရာတွေကို ဘယ်သူက နေရာချထားခဲ့လဲ၊ ဘယ်လိုတွေ သဘောတူညီ လက်ခံခဲ့ကြသလဲ ခင်ဗျ။

ဖြေ - ထုံးစံအတိုင်းပါပဲ။ နယကဥက္ကဌကြီးရဲ့ အစီအမံပါပဲ။ အဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအမံပါပဲ။ 

မေး - အဲဒီသူ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ချမှတ်တဲ့အစီအမံအတိုင်း အားလုံးက လက်ခံခဲ့ကြလား။

ဖြေ - အမှန်တော့ အဲဒီအချိန်မတိုင်ခင်က ကြိုတင်စီမံထားတာတွေ ဖြစ်ပါတယ်။ 

မေး - အဲဒီနောက်ပိုင်းမှာတော့ အားလုံးသိတဲ့အတိုင်း သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာတယ်။ လွှတ်တော်မှာလည်း စွမ်းစွမ်းတမံဆောင်ရွက်ချက်တွေက အများအသိပါပဲ။ လွှတ်တော်ဥက္ကဌဖြစ်လာတဲ့အချိန်မှာ အများထင်မှတ်မထားတာတွေ လုပ်လာတယ်၊ ပြောလာတယ်။ အဲလိုဖြစ်အောင် ဘာကစေ့ဆော်ခဲ့သလဲ ခင်ဗျ။ 

ဖြေ - အဲဒါကတော့ စိတ်ပါပဲ။ ကိုယ်ကတော့လေ တာဝန်တစ်ခုပေးလာခဲ့လို့ရှိရင် တာဝန်ကျေအောင် ဆောင်ရွက်လိုတဲ့စိတ်ရှိသလို တကယ်လည်းတာဝန်ကျေအောင် ကြိုးစားပြီးဆောင်ရွက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် လွှတ်တော်ဆိုတာ တို့မကြုံဖူးဘူး။ တို့ ၁၄ နှစ်သားအရွယ်မှာ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဒီမိုကရေစီပါလီမန်ဆိုတာ ရပ်ဆိုင်းသွားတယ်။ အဲဒီနောက်ပိုင်း လွှတ်တော်ဆိုတာ တစ်ပါတီစနစ်မှာပဲ လွှတ်တော်ဆိုတာသိတယ်။ ပါတီစုံခေတ်မှာတော့ ဒီလိုလုပ်လို့မရဘူး။ ဒါပေမဲ့ ဒီတာဝန်ပေးလာပြီဆိုတဲ့အတွက် လွှတ်တော်ကို ခိုင်မာအောင် တောင့်တင်းအောင် အရည်အချင်းရှိအောင် တည်ဆောက်ဖို့လိုတယ်ဆိုပြီး ဒီကစပါတယ်။ ဘာကစေ့ဆော်သလဲဆိုတော့ စိတ်စေတနာ။ စိတ်စေတနာက ဘာလဲဆိုတော့ ကိုယ့်တာဝန်ကိုယ်ကျေရမယ်။ နောက် ဘာစေ့ဆော်လဲဆိုတော့ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံဖြစ်ရမယ်။ လွှတ်တော်ထဲမှာလည်း ပါတီစုံပါဝင်လာတဲ့အတွက် အဲဒီပါတီစုံများကို မိမိအနေနဲ့ အားပေးချင်တယ်။ အားပေးတော့မှ ပါတီစုံဒီမိုကရေစီဆိုတာ ဖြစ်လာမှာ။ ဒါကြောင့်မို့လို့ အဲဒီရဲ့စေ့ဆော်ချက်၊တိုက်တွန်းချက်အနေနဲ့ပဲ လွှတ်တော်မှာလည်း လွှတ်တော်အလျောက် အခြားနေရာမှာလည်း အခြားအလျောက် တာဝန်ကျေအောင်ကြိုးစားလိုတဲ့ စိတ်နဲ့ တာဝန်ကျေအောင်ဆောင်ရွက်ခဲ့တယ်။ အခြေအနေအရပ်ရပ်ကြောင့် ဘဝတစ်လျှောက်လုံးမှာ ဒါကိုပဲ အလေးထားပါတယ်လို့ ပြောလိုပါတယ်။ 

မေး - နောက်တစ်ခုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေ ဒီလိုတွေ တာဝန်တွေပေးလိုက်တဲ့အခါကျတော့ သူက ဘယ်လိုထိန်းကွပ်သလဲပေါ့လေ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ကနေ ၂၀၁၁ မှာ လူတွေတစ်ခါမှ မကြားဖူးတာတွေ ဖြစ်လာတယ်လေ။ ပွင့်ပွင့်လင်းလင်းတွေ အများကြီးဖြစ်လာတယ်။ သူက နောက်ကွယ်ကနေ ဘယ်လိုထိန်းကွပ်လဲသိချင်ပါတယ် ခင်ဗျ။ ဒါမှမဟုတ် အားလုံးက ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ်လုပ်ကြတာပဲလား၊ ဘယ်လောက်အထိ လွတ်လပ်မှုအတိုင်းအတာ ပေးထားလဲပေါ့လေ။  

ဖြေ - ဒီနေရာမှာလည်း လူပုဂ္ဂိုလ်နဲ့လည်း ဆိုင်ပါတယ်။ ဘယ်လိုထိန်းကွပ်လဲဆိုတော့ ဒီဟာကတော့ သူ့စိတ်ထဲမှာ သူလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်တော့ ထိန်းကွပ်ချင်တာပဲ။ ဒါလဲပြောမယ်ဆိုရင်တော့ သဘာဝကျပါတယ်။ တို့ကတော့ သူလိုချင်တဲ့ပုံစံ ထိန်းကွပ်ဖို့ဆိုတာထက် ကိုယ့်ဘက်ကတော့ ကိုယ်လိုချင်တာက ဘာလဲဆိုတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်တဲ့အတွက် ပါတီစုံဒီမိုကရေစီကျင့်သုံးတဲ့နေရာမှာ ပါလီမန်ဟာ အရေးကြီးတယ်။ လွှတ်တော်ကအရေးကြီးတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတိုင်းမှာ ပါတီဟာအရေးကြီးတယ်။ ပါလီမန်ဟာ နိုင်ငံ့ရဲ့ အသက်သွေးကြော၊ နိုင်ငံရဲ့ အသက်ဝိဉာဉ်လို့ ခံယူပြီးတဲ့အခါမှာ ပါလီမန်လုပ်ရမယ့်အလုပ်တွေ လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ရင်းနဲ့ လွှတ်တော်ထဲမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တယ်။ အဲဒီအခါမှာ မီဒီယာနဲ့ရင်းနှီးတယ်။ ရင်းနှီးတယ်ဆိုတာ မီဒီယာတွေကို ရင်းနှီးမှုရအောင်လုပ်တာမဟုတ်ပဲ မီဒီယာတွေကို သူ့နေရာ နဲ့သူ ပါဝင်လာအောင်လုပ်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး ရင်းနှီးမှုရှိလာခြင်းဖြစ်ပါ တယ်။ ထပ်ပြောရမယ်ဆိုရင် ကိုယ့်တာကိုယ်ကျေအောင်လုပ်ခဲ့တယ်။ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်အောင် လုပ်ဖို့လိုတယ်။ ပါလီမန်ရဲ့အခန်းကဏ္ဍအရေးကြီးတဲ့အတွက် ပါလီမန်ရဲ့အခန်းကဏ္ဍကို ဒီထက်ပိုပြီးမြင့်မားအောင် ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ 

မေး - ၂၀၁၀ မှာတော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) က ကန့်သတ်ခံထားရတဲ့အတွက် ဝင်မပြိုင်ခဲ့ရဘူးပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နေအိမ်အကျယ်ချုပ်ချခံထားရတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်ခဲ့တယ်။ အဲဒါက အစိုးရတစ်ဖွဲ့လုံး ပြောရလို့ဆိုရင် နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အစီအမံလား၊ ဘယ်လိုမျိုး ဖြစ်လာခဲ့လဲ။ ဘယ်လိုမျိုး အပေးအယူတွေ ရှိခဲ့ကြလဲခင်ဗျ။

ဖြေ - ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ အမကြီးဟာ နေအိမ်အကျယ်ချုပ်မှာပဲ ရှိတယ်။ အဲဒီအချိန်မှာ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အခွင့်အလမ်းမရဘူး။ အကြောင်းရှိတယ်။ ဒါ ဘာလဲဆိုရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ချင်းနဲ့ပတ်သက်ပြီးတော့ အကန့်အသတ်တစ်ခုဖြစ်နေတယ်။ အဲဒီအကန့်အသတ်ကိုဖြေလျှော့ဖို့လိုတယ်။ အဲဒါသည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ဖြေလျှော့ပေးရပါတယ်။ ဖြေလျှော့တယ်ဆိုတာ လွယ်လွယ်မဟုတ်ပါဘူး။ ဥပဒေပြင်ရပါတယ်။ ပြောင်းလဲပြဌာန်းပေးရတယ်။ အဲဒါကို တို့အနေနဲ့ ဥပဒေပြောင်းလဲပြဌာန်းပေးနိုင်အောင် စပြီးတော့ Initiate (အစပျိုး) လုပ်တာပါ။ အဲဒီပေါ်မူတည်ပြီးတဲ့အခါမှာ အစိုးရခေါင်းဆောင်ကလည်း သဘောတူညီမှုရတယ်။ ဒီပေါ်မူတည်ပြီးတော့ ပြည်ခိုင်ဖြိုးပါတီအမတ်တွေ နားလည်အောင် ပြောပြီးတဲ့အခါမှာ ဥပဒေပြင်လိုက်တာပါပဲ။ အဲဒါကြောင့်သာလျှင် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD ပါတီ၊ အစ်မကြီးပါတီ၊ အစ်မကြီးကိုယ်တိုင် ဝင်ပြီးအရွေးခံခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်လို့သာ ဒီဥပဒေမပြင်ပေးနိုင်ဘူးဆိုရင် ဒီအခြေအနေ မရောက်လာနိုင်ပါဘူး။ ဒီဟာကို ကြည့်ချင်းအားဖြင့် ဘယ်လိုစေတနာထားတယ်၊ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ ပေါ်လွင်နေမှာပါ။

မေး - အဲဒီနောက်ကွယ်မှာ နအဖတဆင့်ပြောင်းအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ညှိနှိုင်းမှုတွေ ဘာတွေ အပေးအယူတွေရော ရှိလားခင်ဗျ။ 

ဖြေ - ဆိုတော့ ခုနက ပြောရမယ်ဆိုရင် အသွားအလာညှိနှိုင်းမှုတွေလည်း ရှိတာပေါ့လေ။ အထွေအထူးတော့ မဟုတ်ပါဘူး။ ၂၀၁၁ ထဲမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က ကိုယ်နဲ့တွေ့ဖို့ မေတ္တာရပ်ခံပါတယ်။ စာပို့ပါတယ်။ တွေ့ပါတယ်။ ဒါပေမဲ့ ကိုယ်တွေ့တာ သူများထက်နောက်ကျပါတယ်။ အဲဒီတုန်းက အစိုးရခေါင်းဆောင်အောက်မှာရှိကြတဲ့ ဝန်ကြီးတွေနဲ့ အဲဒီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ရော သူတို့နဲ့အရင်တွေ့ကြပါတယ်။ တွေ့ဆုံဖို့ခွင့်တောင်းတာတော့ အတူတူလို့ပဲထင်ပါတယ်။ ကိုယ်နဲ့တွေ့တာ နောက်ကျပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့တွေ့တယ်ဆိုရင်တော့ ဟန်ပြမတွေ့လိုဘူး။ ဓာတ်ပုံရိုက်ခံတွေ့ဖို့ မဟုတ်ဘူး။ တကယ့်ကိုအနှစ်သာရရှိရှိ တွေ့ချင်တဲ့အတွက်ကို ချိန်ဆပြီးတော့ နောက်ဆုံးမှာ အဲဒီတုန်းက လူကြီးထဲက တွေ့တာ တို့ပါပဲ။ အဲဒါပြီးတဲ့အခါမှာ နောက် ရွေးကောက်ပွဲဖြစ်လာတယ်။ ရွေးကောက်ပွဲ သူတို့အနိုင်ရတဲ့နောက်ပိုင်းမှာလည်း အစ်မကြီးက တိုင်းပြည်အပေါ် စေတနာရှိတယ်။ သူ့ကိုထောက်ခံအားပေးတဲ့ လူတွေရှိတယ်။ အဲဒီအရည်အချင်းတွေကြောင့် အစ်မကြီးနဲ့တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ တိုင်းပြည်ကို ခေါင်းဆောင်သွားမယ်ဆိုရင် သူ့မှာရှိတဲ့အရည်အချင်းတွေ ကိုယ့်ဆီမှာ မရှိတာတွေ အများကြီးပဲ။ အဲတိုင်းပဲ ကိုယ့်မှာရှိတဲ့အရည်အချင်း အတွေ့အကြုံတွေ သူ့မှာမရှိတာ အများကြီးပဲ။ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ ဒီနေ့ တို့နိုင်ငံ နောက်ကျနိမ့်ကျအခြေအနေက သူများကိုမီအောင် သူများကို ကျော်တက်နိုင်အောင် ကြိုးစားလိုတဲ့ စိတ်စေတနာရှိတဲ့ သူနဲ့ရင်းနှီးမှု ခင်မင်မှု နားလည်မှုရအောင် လုပ်ပြီးဆောင်ရွက်ခဲ့တာပါ။ အဲဒီမှာလည်း ပြန်ပြီးတော့ သတိပြုမိပါလိမ့်မယ်။ လွှတ်တော်ထဲမှာ သူ့ကို နေရာရစေချင်တယ်။ ဒါကြောင့်မို့ အစ်မကြီး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူပေးပါလို့ ကိုယ်ကပဲ မေတ္တာရပ်ခံပါတယ်။ သူ့ကိုနေရာပေးချင်လို့။ ပထမတော့ ငြင်းသလိုလိုဖြစ်လို့ နောက်ပိုင်းတော့ သူဝင်ပြီးတော့ တာဝန်ယူပါတယ်။ အဲလိုယူတဲ့အတွက်လည်း လွှတ်တော်နဲ့ရော၊ တိုင်းပြည်နဲ့ရော ကိုယ်တို့နဲ့ ပိုပြီးတော့ နီးပြီးတဲ့အခါမှာ သူ့အကြောင်း သူ့လုပ်ရပ်တွေလည်း ပိုပြီးပိုလွင်လာပါတယ်။ ပြောရမယ်ဆိုရင်တော့ စေတနာပါပဲ။ တိုင်းပြည်အတွက်ပါ။ ဒီထက်ပိုပြောရမယ်ဆိုရင် တိုင်းပြည်မျက်နှာကြည့် ပြည်သူ့မျက်နှာကြည့်ပြီး လုပ်ပေးချင်တဲ့အတွက်ပါ။ ဒီလိုပဲဖြေချင်ပါတယ်။

မေး - ဒါပေမဲ့ အဲဒီနောက်ပိုင်းကျတော့ ဒေါ်အောင်ဆန်းစုကြည်က ရေးရာကော်မတီဥက္ကဌဖြစ်လာတယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲတွေ လုပ်ကြတယ်။ အရမ်းရင်းနှီးကြတယ်ပေါ့နော်။ နိုင်ငံရေးအရ ဒီလိုရင်းနှီးတဲ့အခါကြတော့ ကြံ့ခိုင်ရေးပါတီထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာတယ်။ နောက်ကွယ်မှာလည်း မကြိုက်ဘူးလို့ ပြောတာတွေရှိလာတယ်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရေးတဲ့ စာအုပ်ထဲမှာဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မှတ်ချက်ပေါ့လေ၊ ဘယ်သူကတော့ ဘယ်လိုဖြစ်တယ်ပေါ့။ ဦးရွှေမန်းကိုလည်း ဒေါ်စုကိုဆွဲသွင်းခဲ့လို့ သစ္စာဖောက်ဆိုတာမျိုး သတ်မှတ်တာရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲဗျ။ 

ဖြေ - ဆိုတော့ အဲလိုလည်း ပြောရင်လည်းပြောမှာပါပဲ။ သူရေးသလို။ ပြောချင်မှလည်း ပြောမှာပဲ။ ဒါတော့ မသိဘူးလေ။ သူများအကြောင်းတော့ မပြောချင်ပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ။ ကိုယ့်ကို သစ္စာဖောက်ဆိုတာ စွပ်စွဲလို့ရပါတယ်။ ဒါပေမဲ့ အဲလိုပြောတဲ့လူကို ကိုယ်က မေးခွန်းထပ်ပြီးမေးချင်ပါတယ်။ သစ္စာဆိုတာ ဘာလဲ။ ဘယ်သူ့အပေါ်သစ္စာထားသလဲ။ ကိုယ့်ဘက်က ပြောချင်တာတော့ နိုင်ငံတော်နဲ့ နိုင်ငံသားကိုသာလျှင် သစ္စာအရှိဆုံးဖြစ်ရမယ်။ ကိုယ်က နိုင်ငံတော်နဲ့နိုင်ငံသားကို ဘယ်တုန်းကမှလည်း သစ္စာမဖောက်ခဲ့ဘူး။ အမြဲတမ်းသစ္စာရှိတယ်။ အဲတော့ ကိုယ်က နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားအတွက် သစ္စာရှိရှိလုပ်နေတဲ့သူတစ်ယောက်မို့ သစ္စာဖောက်လို့ ပြောတဲ့သူသာလျှင် နိုင်ငံနဲ့နိုင်ငံသားကို သစ္စာဖောက်တာလို့ ပြောချင်ပါတယ်။ 

မေး - လမ်းပြမြေပုံအတိုင်း ပြောင်းခဲ့ကြတယ်။ နောက်ဆုံး ၂၀၁၅ မှာတော့ NLD အစိုးရ တက်လာတယ်ပေါ့လေ။ ဒီနေ့အထိ တိုင်းပြည်ကို အုပ်ချုပ်နေတယ်ပေါ့။ အဲဒီအချိန်အတိုင်းအတာထိပေါ့လေ လွန်ခဲ့တဲ့ ၂၀၁၀ လောက်ကစပြီး မူလအစီအစဉ်နဲ့ကွဲလွဲတာမျိုးတွေ မထင်မှတ်ပဲ အပြောင်းအလဲဖြစ်တာမျိုးတွေ ရှိတယ်ဆိုရင် ဘာတွေရှိမလဲ၊ ဒါမှမဟုတ်လို့ရှိရင် ဒီနေ့အတိုင်းအတာထိက မူလအစီအစဉ်အတိုင်းပဲ သွားနေသလား ဘယ်လိုထင်ပါသလဲခင်ဗျ။

ဖြေ - မူလအစီအစဉ်တိုင်းပဲ သွားတာပါ။ ဒီလိုပဲဖြေချင်ပါတယ်။ ဘာကြောင့်လဲဆိုတဲ့အခါမှာ ပြောနေကျပဲ အစိုးရအဖွဲ့ထဲမှာ တပ်မတော်က ပါဝင်ပြီးတော့ ဝန်ကြီးသုံးပါးအထိ၊ ဒါလည်း ၂၀၁၀ တုန်းကလည်း ဒီတိုင်းပါပဲ၊ ၂၀၁၅ တုန်းကလည်း ခုလည်း ဒီတိုင်းပါပဲ။ တကယ်တမ်းကျတော့ ဒီတပ်မတော်သားနဲ့ပတ်သက်လို့ အမည်စာရင်းတင်သွင်းတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်တာပါ။ ရွေးချယ်တာက နိုင်ငံတော်သမ္မတပါ။ သူကြိုက်ရင်ရွေးမယ်၊ သူမကြိုက်ရင် မရွေးဘူး။ အဲဒီအတိုင်းပဲ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် သူတို့ရဲ့လုပ်ဆောင်ချက်အတိုင်းပဲ ကြိုက်ရင်ကြိုက်သလို မကြိုက်ရင် မကြိုက်သလို ဥပဒေနဲ့ညီ မညီကို သမ္မတမှာ ဆုံးဖြတ်လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်မို့လို့ အရင်တိုင်းသွားပြီးတော့ အရင်အတိုင်းပဲ ကိုယ်လုပ်စရာရှိတာကို တိုင်တိုင်ပင်ပင် လုပ်ဖို့လိုပါတယ်။ အဲလိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ဘာတွေများလိုနေလဲ၊ ကိုယ့်ဟာကိုယ်ပဲ ပြန်သုံးသပ်ဖို့လိုပါတယ်။ 

မေး - ဗိုလ်ချုပ်ဟောင်းတွေကနေ နိုင်ငံရေးပါတီထောင်ပြီး ဝင်ပြိုင်တာမျိုး ကြတော့ရော သူတို့အခန်းကဏ္ဍက ဘယ်လိုရှိပါသလဲ ခင်ဗျ။ 

ဖြေ - ပထမတုန်းကတော့ တပ်ထဲမရောက်ခင် အရပ်သားပဲလေ။ တပ်ထဲက အငြိမ်းစားယူတော့လည်း အရပ်သားပဲ။ အဲဒီတော့ အရပ်သားတစ်ယောက် နိုင်ငံသားတစ်ယောက်က သူ့ရဲ့ Right (ရပိုင်ခွင့် အခွင့်အရေး) နိုင်ငံရေးလုပ်ခွင့်ရှိတယ်။ ဒါကို ဘယ်သူမှတားမြစ်ထားတာ မရှိဘူး။ အဲဒီအကြောင်းပြောလို့ ကိုယ်တို့ရဲ့ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း သူလည်း စစ်သားပဲ။ ဒီတပ်ကို သူပဲ စပြီး ထူထောင်ခဲ့တာ။ သူရွေးကောက်ပွဲဝင်တဲ့အခါ တပ်ကထွက်တယ်လေ။ အဲဒါကို သွားပြီးတော့ မဝင်ရဘူးလို့ ပြောလို့မရဘူးလေ။ ဒါ ဥပဒေပဲ။ အဲဒီတော့ ဥပဒေနဲ့အညီလုပ်တာ အားလုံးကို လက်ခံရမယ်။ ဥပဒေနဲ့အညီလုပ်တာကို လက်မခံဘူးဆိုရင် အဲဒီလူက ဥပဒေဖောက်ဖျက်တာပဲ။ သူလုပ်ခွင့်ရှိရင်လုပ်၊ သူ့ကိုကြိုက်တဲ့ပြည်သူတွေ ထောက်ခံလိမ့်မယ်။ မကြိုက်ဘူးဆို မထောက်ခံဘူးပေါ့။ 

မေး - နေပြည်တော်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ခြောက်ယောက်အတွက် သီးသန့်ဆောက်ခဲ့တဲ့အိမ်တွေပေါ့လေ။ ခြောက်လုံးတန်းလို့ အပြင်မှာခေါ်ကြတာပေါ့။  ပြောရမယ်ဆိုရင် ဒါ တစ်ဝိုင်းတည်းနေနေကြတာပေါ့။ ဟိုဘက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှိမယ်၊ ဦးမောင်အေးရှိမယ်၊ ဒီဘက်မှာ သူရဦးရွှေမန်းရှိမယ်။ အိမ်နီးချင်းတွေလည်းဖြစ်တယ်။ ဒီအကြီးအကဲတွေကြားထဲမှာ ပုံမှန်ဆက်ဆံမှုရှိလား၊ တွေ့ဆုံမှုတွေရှိလား ခင်ဗျ။

ဖြေ - အဲ အရင်လိုတော့ မဟုတ်တော့ပါဘူး။ အရင်နဲ့တော့ မတူတော့ဘူးပေါ့။ ဒါက သဘာဝကျပါ တယ်။ အရင်တုန်းက တပ်မတော်သားဆိုတာက ထူးခြားတဲ့အဖွဲ့အစည်းဖြစ်သလို အမိန့်ရယ် ညွှန်ကြားချက်ရယ် ဒီအောက်ပဲ နေကြရတယ်။ ကိုယ်လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒီထဲကနေပြီးတော့ ဘေးကို နည်းနည်းရောက်သွား၊ နည်းနည်းကင်းကွာသွားတာနဲ့ တပြိုင်နက် အန္တရာယ်ရှိတယ်။ ဒီနေ့ကျတော့ အခါတော့ သူတို့လည်း တပ်မတော်သားမဟုတ်ဘူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဟုတ်ဘူး။ ကိုယ်လည်း တပ်မတော်သားမဟုတ်ဘူး။ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေလေ) လည်း မဟုတ်ဘူး။ ကိုယ်နိုင်ငံရေးသမားဖြစ်ပြီ။ နိုင်ငံရေးသမားဆိုတာ နိုင်ငံရေးပုံစံနဲ့သွားရမှာပဲ။ နိုင်ငံရေးသမားက အဓိက ဘာလဲဆိုရင် နိုင်ငံနဲ့ ပြည်သူမျက်နှာ ကြည့်ရမယ်။ ဒါကြောင့်မို့လို့ အခုနက ဆက်ဆံရေးပါပဲ။ လုပ်ဆောင်ချက်အားလုံးဟာ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ နိုင်ငံနဲ့ ပြည်သူမျက်နှာကြည့်ပြီး ဆောင်ရွက်နေပါတယ်လို့ ဒီလိုပဲ ဖြေချင်ပါတယ်။ 

မေး - သို့သော်ငြားလည်း ဒီခေါင်းဆောင် အကြီးအကဲကြီးတွေရဲ့ ဩဇာအာဏာက အရမ်းကြီးပါတယ်။ အပြင်မှာရော တပ်ထဲမှာရော။ အဲဒီတော့ နိုင်ငံရေးအပြောင်းအလဲမှာ သူတို့ရဲ့ဩဇာတွေက ဘယ်လောက်အထိ အသက်ပါနေလဲ ခင်ဗျ။

ဖြေ - ဩဇာဆိုတာတော့ ရှိစမြဲပါပဲ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ကိုယ်တို့ တပ်က အငြိမ်းစားယူတဲ့လူရှိပါတယ်။ ကိုယ့်အပေါ် ဩဇာလွှမ်းတာနဲ့ သူများအပေါ် ဩဇာလွှမ်းတာ မတူနိုင်ပါဘူး။ လက်ခံကျင့်သုံးတဲ့အပေါ် မူတည်ပါတယ်။ ဩဇာဆိုတာက လူမှုရေးအရ သာရေးနာရေးအရ ပုံစံတစ်မျိုးပါ။ ဒီနေ့ နိုင်ငံရေးမှာ လာပြီးတော့ ဩဇာလွှမ်းလို့ မရပါဘူး။ ဘယ်သူ့ဩဇာမှလည်း မခံပါဘူး။ ဒီနေ့ ကောင်းကျိုးဆောင်ပါတီ UBP ဟာ လွတ်လပ်ပြီး နိုးကြားတက်ကြွတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ပြည်သူ့မျက်နှာကြည့် တိုင်းပြည်မျက်နှာကြည့်ပြီးတော့ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို လုပ်မှာပါ။ လူတစ်ယောက်ရဲ့အကျိုးလည်း မလုပ်ဘူး။ အဖွဲ့အစည်းတစ်ခုရဲ့အကျိုးလည်း မလုပ်ဘူး။ ဒါကြောင့်မို့လို့ ပြောမိပါသေးတယ်။ NLD ရဲ့လက်ခွဲလည်း မဟုတ်ဘူး။ အဲ ပြည်ခိုင်ဖြိုးရဲ့လက်ခွဲလည်း မဟုတ်ဘူး။ လွတ်လပ်တယ်၊ တက်ကြွတယ်။ ကိုယ့်မူကိုယ့်ဝါဒနဲ့ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဖို့ တည်ထောင်ထားတဲ့ပါတီပါ။ အခွင့်လို ပွင့်ပွင့်လင်းလင်းမေးတဲ့အတွက်လည်း ပွင့်ပွင့်လင်းလင်းပြောကြားခွင့်ရတာပါ။ အမေးရှိရင်တော့ အဖြေရှိမှာပေါ့လေ။ 

မေး - အကယ်၍ သူရဦးရွှေမန်းရဲ့ပါတီသာ ရွေးကောက်ပွဲအနိုင်ရခဲ့ရင် မဘသတို့လို အင်အားစုတွေကို ဘယ်လိုကိုင်တွယ်မလဲ။ 

ဖြေ - ဘာသာရေးဆောင်ရွက်တဲ့နေရာမှာ အစွန်းတရားကင်းဖို့လိုပါတယ်။ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်သာသနာအတွက်တော့ ဘယ်ဘာသာဝင်တွေဖြစ်ဖြစ် မြတ်မြတ်နိုးနိုးရှိပါတယ်။ သန့်ရှင်းစေချင်တယ်။ ခိုင်ခန့်စေချင်တယ်။ ယှဉ်မယ်ဆိုရင် ကိုယ့်ဖက်က သာချင်တဲ့သဘောရှိတယ်။ သို့ရာတွင် တစ်ဖက်ဘာသာကိုစော်ကားတာ၊ နှိမ့်ချတာ၊ တိုက်ခိုက်တာတွေ ဖြစ်လာတယ်ဆိုရင် နာတာက လူ့အဖွဲ့အစည်းပဲ။ ရှေးခေတ်တွေ ပြန်လေ့လာရင် ဘာသာရေးစစ်ပွဲတွေကြောင့် လူတွေအများကြီး သေခဲ့ရတယ်။ ဘာသာရေးအဓိကရုဏ်းတွေကြောင့် လူတွေအများကြီး သေခဲ့ရတယ်။ ကမ္ဘာမှာရှိသလို မြန်မာနိုင်ငံမှာလည်း ရှိတယ်။ အဲဒါတွေ သင်ခန်းစာယူပြီး ထိခိုက်ဆုံးရှုံးမှုမရှိအောင် ဘာသာဝင်အသီးသီးက ဂရုစိုက်ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံက နိမ့်ကျ၊ နောက်ကျနေပြီးတော့ အချင်းချင်း မညီမညွတ်ဖြစ်နေတဲ့အချိန်မှာ ဘာသာရေးလှုံ့ဆော်မှု၊ လူမျိုးရေးလှုံ့ဆော်မှု အင်မတန်အန္တရာယ်ကြီးပါတယ်။ အဲဒီလို အန္တရာယ်ကြီးတဲ့ကိစ္စမျိုးကို စတင်ဖန်တီးဖော်ဆောင်တဲ့သူတွေဟာ နိုင်ငံကို ချစ်တာလား၊ ပြည်သူတွေဘဝကို ကောင်းစေချင်တာလား ပြန်စဉ်းစားဖို့ လိုပါတယ်။ တနည်းအားဖြင့် ပြောရရင် ဘာသာရေးကို ခုတုန်းလုပ်ပြီးဆောင်ရွက်နေခြင်းဟာ အမှားတွေဖြစ်နိုင်တယ်။ ဒါကို သတိထားရမယ်လို့ ပြောချင်ပါတယ်။

မေး - သူရဦးရွှေမန်း ကျေးဇူးတင်ပါတယ်။ ဘာများ ဖြည့်ပြောဦးမလဲ ခင်ဗျာ။

ဖြေ - အဲမရှိပါဘူး။ မရှိဘူးဆိုပေမဲ့ ခုလိုမျိုး လာရောက်ပြီးတော့ တွေ့ဆုံပြီးတော့ သေချာပြင်ဆင်ပြီး မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မေးတော့လည်း ဖြေရတာပေါ့။ မမေးတော့လည်း သွားပြီးဖြေလို့လည်း မကောင်းဘူးလေ။ ဘာများဖြည့်ပြောရမလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲ မြန်မာနိုင်ငံအတွက် သိပ်အရေးကြီးတယ်။ အရွေးမှန်ဖို့လိုတယ်။ အရွေးမှားလို့ မဖြစ်ဘူး။ အရွေးမှန်ဖို့လိုတဲ့အတွက် အရွေးမှန်နိုင်အောင် မီဒီယာတွေက ပြည်သူများကို မှန်မှန်ကန်ကန် မြင်အောင် ဘက်မလိုက်ဘဲနဲ့ ချပေးနိုင်ဖို့ အရေးကြီးပါတယ်။ မီဒီယာတွေ ဒီအတွက် အားကိုးပါတယ်။ ဒီ Myanmar Now က တဆင့်ပြောချင်တာက ၂၀၂၀ ရွေးကောက်ပွဲမှာ မှန်ကန်စွာ ရွေးချယ်ပြီးတော့ နိုင်ငံ ဒီထက်ပို တိုးတက်လာအောင်၊ လူတွေ ဒီထက်ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မယ့် အစိုးရအဖွဲ့မျိုးရွေးပေးပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ဒီနေ့ ဒီမိုကရေစီ ဒီမိုကရေစီလို့ ပြောနေတယ်၊ ဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီနိုင်ငံရေးရဲ့သဘောတရားဆိုတာဟာ အစိုးရတစ်ရပ်ကို ပြည်သူတွေက ရွေချယ်ပေးလိုက်ရုံနဲ့ မပြီးဆုံးသေးဘူးတဲ့။ ရွေးချယ်လိုက်တဲ့ အစိုးရက ပြည်သူများရဲ့ဘဝအဆင့်အတန်း ပိုမိုမြင့်မားအောင် ပိုမိုလုံခြုံအောင် ပိုမိုလွတ်လပ်အောင် ဆောင်ရွက်ပေးနိုင်မှ ဒီမိုကရေစီဆိုတာ သဘောတရားပြည့်စုံတယ်။ ဒါကြောင့်မို့လို့ ပြည်သူကလည်း တာဝန်ကျေ၊ ရွေးချယ်ခံရတဲ့ အစိုးရကလည်း တာဝန်ကျေနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် မြန်မာနိုင်ငံသားတွေက ဆောင်ရွက်ပေးကြမယ်ဆိုရင် မြန်မာနိုင်ငံ ဒီနေ့ ဒီအခြေအနေထက် ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောချင်ပါတယ်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading