ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆရာဝန်ယောင်ဆောင် ဆေးခန်းဖွင့်လိမ်လည်သူကို အမှုဖွင့်ထား

“ခေတ်သစ်ဇီဝက” အမည်ဖြင့် ဆေးခန်းဖွင့် လိမ်လည်သည်ဆိုသော ဆရာဝန်အယောင်ဆောင်ကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည့် ဆေးကောင်စီဥပဒေဖြင့် အမှုဖွင့်ထားပြီး ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေသည်
 

အမှုဖွင့်ခံရသူ ဦးသန့်ဇင်ကိုကို၏ ဆေးပညာဆိုင်ရာလက်မှတ်အတုများ (ဓာတ်ပုံ- Aung Myat Min/ Facebook)

ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးပညာဘွဲ့လက်မှတ်အတုဖြင့် ဆရာဝန်အယောင်ဆောင်ကာ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ ဆေးခန်းဖွင့်ပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်နေသူတစ်ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက မြို့နယ်ရဲစခန်း၌ ဇူလိုင် ၅ တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ 

အမှုဖွင့်ခံထားရသူ ဦးသန့်ဇင်ကိုကိုသည် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် ရွာမရပ်၌ “ခေတ်သစ်ဇီဝက” အမည်ဖြင့် ဆေးခန်းတစ်ခု ဖွင့်လှစ်ထားပြီး ဆေးကုသစရိတ် များစွာတောင်းခံခြင်း၊ ခွဲစိတ်ခန်းမရှိဘဲ ခွဲစိတ်ကုသခြင်း၊ လူနာရှင်များထံမှ အကြိမ်ကြိမ် ငွေကြေးလိမ်လည်ချေးယူနေသည့်သတင်းများ Facebook လူမှုကွန်ရက်တွင် ဇွန်လနှောင်းပိုင်းက ပျံ့နှံ့လာခဲ့သည်။

အဆိုပါသတင်းများကြောင့် မန္တလေးတိုင်းပြည်သူ့ကျန်းမာရေးက စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းသည် ဆေးကုသခွင့်လိုင်စင်ရှိသူ မဟုတ်ကြောင်း စိစစ်တွေ့ရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနှင်းဇော်သိန်းက တရားလိုပြုလုပ်ပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈ ဖြင့် မြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ၎င်း၏ ဆေးပညာဘွဲ့လက်မှတ်များကို စစ်ဆေးကြည့်ရာတွင်လည်း အတုဖြစ်နေသည့်အတွက် အရေးယူရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု တရားလို ဒေါက်တာနှင်းဇော်သိန်းက ပြောသည်။

အဆိုပါပုဂ္ဂိုလ်သည် ဆေးပညာဘွဲ့လက်မှတ်များကို သူ့ဆေးခန်းအတွင်း၌ ချိတ်ဆွဲထားပြီး ယင်းလက်မှတ်များတွင် ဦးနှောက်ခွဲစိတ်ကု၊ အရိုးခွဲစိတ်ကု၊ မျက်စိအထူးကု၊ နား နှာခေါင်း လည်ချောင်းအထူးကု စသည့်ဘာသာရပ်များဖြင့် ဘွဲ့ရပြီးသူဟု လိမ်လည်ရေးသားဖော်ပြထားကြောင်း ဒေါက်တာနှင်းဇော်သိန်းက ပြောသည်။ 

“လိုအပ်တဲ့ သက်သေအချက်အလက်တွေ အကုန်စုထားပါပြီ။ ပုဒ်မတပ်မယ်ဆိုရင်တော့ အများကြီးပေါ့။ အဲ့ဒီအထဲကမှ အခိုင်မာဆုံးက ဆမ (အထွေထွေဆေးကုသခွင့်) လိုင်စင်မရှိဘဲနဲ့ ဆေးခန်းဖွင့်ထားတာက အခိုင်အမာဆုံးပေါ့။ ကျန်တဲ့ဟာတွေက တိုက်ရိုက်မဆိုင်ဘူးဆိုတော့၊ ဘာအယောင်ဆောင်တယ်၊ ညာအယောင်ဆောင်တယ်ဆိုတာတွေက သက်သေရှာဖို့ ခက်နေတာ” ဟု ဒေါက်တာနှင်းဇော်သိန်းက Myanmar Now ကို ပြောသည်။ 

အမှုဖွင့်ထားသည်မှာ မှန်ကန်ပြီး လက်ရှိတွင် ဦးသန့်ဇင်ကိုကိုမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြည်ကြီးတံခွန် မြို့နယ်ရဲစခန်းမှူး ရဲမှူးနေမျိုးအောင်က ပြောသည်။

“လူမှုကွန်ရက်မှာတွေ့လို့ မြို့နယ်ဆရာဝန်ကြီးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲတွေနဲ့ သွားစစ်ဆေးကြည့်တယ်။ သူ့ဆေးခန်းကတော့ ငှားထားတာလို့ သိရတယ်။ အခုတော့ အိမ်ရှင်က ပိတ်ထားလိုက်ပြီ။ (ဆေးခန်း) လခလည်း မရဘူးလို့ သိရတယ်” ဟု ရဲမှူးနေမျိုးအောင်က ပြောသည်။

ဆေးကောင်စီဥပဒေပုဒ်မ ၅၈ အရ ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးကုသမှုမပြုရန် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ်အနည်းဆုံးတစ်နှစ်မှ အများဆုံးငါးနှစ်အထိ ချမှတ်နိုင်သည်။ 

မကွေးဆေးတက္ကသိုလ်မှ ကျောက်ကပ်ဝေဒနာရှင် နောက်ဆုံးနှစ်ဆေးကျောင်းသားတစ်ဦး၏ ဆေးကုသမှုအတွက် ထိုဦးသန့်ဇင်ကိုကိုဆိုသူက ငွေလှူမည်၊ ကျောက်ကပ်လှူဒါန်းမည်ဆိုကာ လူနာရှင်၏ အမေဖြစ်သူထံမှ ငွေကျပ် သိန်း ၃၀ လိမ်လည်ခဲ့သည်ဟု လူမှုကွန်ရက်တွင် ဇူလိုင် ၁ က သတင်းပျံ့နှံ့ခဲ့သည်။ 

တရားမဝင်ဆေးကုသမှုနှင့် လိုင်စင်မရှိဘဲ ဆေးကုသနေသူများကို ထိထိရောက်ရောက် အရေးမယူနိုင်သည့်အပြင် ပိုမိုများပြားလာသည့်အတွက် ကြပ်မတ်အရေးယူပေးရန်အဆိုကို မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါက်တာညီမင်းဟန်က ၂၀၁၈ ဧပြီ ၃ တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ဖူးသော်လည်း ယင်းအဆို ရှုံးနိမ့်ခဲ့သည်။ 

ဆရာဝန်အယောင်ဆောင်ကာ ဆေးကုသမှုဖြင့် အမှုဖွင့်ခံထားရသည့် ဦးသန့်ဇင်ကိုကိုနှင့် ပတ်သက်ပြီး ထိုကဲ့သို့သော လုပ်ရပ်သည် လူနာများအတွက် အသက်အန္တရာယ်ရှိသည့်အပြင် လူနာနှင့် လူနာရှင်များကို စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသည့်အတွက် တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်က Myanmar Now ကို ပြောသည်။

“သူက ရိုးရိုးရမ်းကုပုံစံမျိုး မဟုတ်ဘဲနဲ့ စာရွက်စာတမ်းတွေအကုန် အတုလုပ်ပြီးတော့ ဆရာဝန်အတု လုပ်တဲ့အခါကျတော့ ဒါက အကုန်လုံးကို ကျန်းမာရေးလောကက တာဝန်ရှိတဲ့လူတွေ၊ (သူ) စာရွက်စာတမ်းအတုလုပ်တဲ့ သက်ဆိုင်ရာဌာန ဥပမာဆို ဆေးတက္ကသိုလ်ပေါ့လေ။ ဒါတင်မပြီးသေးဘူး။ သူက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ....တရားဥပဒေစိုးမိုးရေး‌ရော၊ တခြားဆေးလောကကိုရော စိန်ခေါ်သွားတာလို့ ပြောလို့ရတယ်” ဟု ဒေါက်တာညီမင်းဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading