ကိုဗစ်နိုင်တင်းကာလအတွင်း တရားမဝင် ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်ထားရှိပြီးနောက် လဝကဥပဒေဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်
ကိုဗစ်နိုင်တင်း (Covid-19) ကာလအတွင်း နယ်စပ်ဖြတ်ကျော်၍ အထောက်အထားမဲ့ ပြန်လည်ဝင်ရောက်လာသူများအနက် ၂၃ ဦးကို ကွာရန်တင်း(အသွားအလာကန့်သတ်နေထိုင်စေခြင်း) ကာလပြည့်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ခြောက်လစီ ချမှတ်လိုက်ကြောင်း သိရသည်။
တရားမဝင် ခိုးဝင်မှုပုဒ်မ ၁၃(၁)၊ အားပေးကူညီမှုပုဒ်မ ၁၃(၅) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုကာ မောင်တောမြို့နယ်တရားရုံးနှင့် ဘူးသီးတောင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်ခြောက်လစီ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း မောင်တောခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက ပြောသည်။

“နောက်ထပ်တရားစွဲဖို့ ကျန်တဲ့လူ ဘယ်လောက်ရှိတယ်ဆိုတာ ပြောဖို့က ခက်နေတာ။ ၇၆ ယောက်ထဲမှာ ကလေးတွေ ပါနေတယ်။ အဲလိုပါနေတဲ့အတွက် စာရင်းထဲက ပြန်ဖယ်ရမယ်လေ။ လက်ကျန်ကိုတော့ ပြောဖို့တော့ ခက်တယ်ဗျ။ အခု တရားစွဲပြီးလို့ အမိန့်ချပြီးတာက ၂၃ ယောက်ပဲ ရှိတာပေါ့” ဟု ဦးထိန်လင်းက ပြောသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းအရ တရားမဝင် ဝင်ထွက်သွားလာသူစာရင်းမှာ ၇၆ ဦး အထိရှိနေပြီး ၎င်းတို့အနက်မှ အထောက်အထားမဲ့ ပြန်လည်ဝင်ရောက်လာသူ ၁၉ ဦးနှင့် အားပေးကူညီသူ လေးဦး စုစုပေါင်း ၂၃ ဦးကို ပထမအသုတ်အဖြစ် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။


ထိုသို့ ပြန်လည်ဝင်ရောက်လာသူများကို ပြီးခဲ့သည့်ဧပြီလကတည်းက ကွာရန်တင်းစင်တာတွင် ကန့်သတ်ထားရှိခဲ့ပြီး ပိုးမတွေ့ရှိမှသာ တရားစွဲဆိုမှု ဆက်လက်ပြုလုပ်သည်ဟု ဆိုသည်။
"၃၂ ဦး ကျန်တယ်။ ကွာရန်တင်း မထွက်သေးဘူး။ ကွာရန်တင်းထွက်ရင် ထွေအုပ်က ပြန်လွှဲပေးမှာ။ လက်ရှိ ပိုးတွေ့တာတွေလည်း ပါတယ်။ အခု ထောင်ချလိုက်တဲ့ ၂၃ ယောက်မှာတော့ ပိုးတွေ့တွေ မပါသေးဘူး” ဟု ဦးထိန်လင်းက ပြောသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ အထောက်အထားမဲ့ ဝင်လာသူများကို လဝကဥပဒေဖြင့် အရေးယူသည့်အပြင် မည်သို့ဝင်ရောက်လာသည်ကို စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း မောင်တောမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက Myanmar Now ကို ပြောသည်။
“ပိုက်ဆံပေးပြီးဝင်လာတာလား။ ပိုက်ဆံက ဘယ်သူတွေက ယူတာလဲ။ အဲလို စုံစမ်းစစ်ဆေးဖို့ လိုတယ်။ အဲလိုယူတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်နေတဲ့လူတွေကိုပါ တရားစွဲရမယ်လေ။ အခုဟာက အညွန့်ကိုသာချိုးပြီး အမြစ်ကို ဒီအတိုင်းထားတယ်လို့မြင်တယ်” ဟု ဦးမောင်အုန်းက ပြောသည်။
လက်ရှိအရေးယူခံထားရသူများမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည့် ဒေသခံမွတ်စလင်များဖြစ်သည်ဟုလည်း အထက်ပါတာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၂ ဦးရှိပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လာသူများ ဖြစ်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စာရင်းများအရ ယနေ့အချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၅,၄၉၅ ဦး ရှိပြီး သေဆုံးသူ ၂၂၃၈ ဦးရှိပြီ ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












