နေ့စဉ်ယာဉ်စီးခ ရငွေထဲမှ ဆီဖိုးနုတ်ကာ ကျန်ငွေကို ကုမ္ပဏီနှင့်ယာဉ်မောင်း ၆၅-၃၅ ရာခိုင်နှုန်း အချိုး ခွဲယူမည့်စနစ်ဖြင့် မလုပ်လိုဟု လခစားအဖြစ်မှ ရပ်စဲခံရသည့် ယာဉ်မောင်းများက ပြောသည်
ယာဉ်မောင်းများကို လခစားအဖြစ်မှ ရပ်နားလိုက်သည့် Omni Focus ကုမ္ပဏီကို ယာဉ်မောင်းများတောင်းဆိုသည့် လျော်ကြေးပမာဏအတိုင်း အလုပ်ထုတ်နစ်နာကြေးပေးရန် ရန်ကုန်တိုင်း အလုပ်သမားခုံသမာဓိအဖွဲ့က ဇူလိုင် ၇ တွင် အမိန့်ချလိုက်သည်။
Omni Focus သည် ဧပြီလဆန်းမှစကာ ၎င်း၏ဝန်ထမ်း ယာဉ်မောင်း ၃၀၀ ကျော်ကို လခစားအဖြစ်မှ ရပ်နားကာ နေ့စဉ် ယာဉ်စီးခရငွေထဲမှ ဆီဖိုးနုတ်ပြီး ကျန်ငွေကို ယာဉ်ပိုင်နှင့် ယာဉ်မောင်းများကြား ၆၅-၃၅ ရာခိုင်နှုန်းအချိုး ခွဲဝေယူသည့် ကော်မရှင်စားစနစ်ဖြင့် ပြောင်းလဲလိုက်သည်။

အဆိုပါကော်မရှင်စားစနစ်ဖြင့် မမောင်းလိုသည့် ယာဉ်မောင်းများကို နစ်နာကြေး ကျပ် ၂၀၀,၀၀၀ ပေးကာ အလုပ်မှ နုတ်ထွက်စေခဲ့သည်။
ဦးနေဝင်း၏မြေး ဦးကျော်နေဝင်း တည်ထောင်ထားသည့် အများပြည်သူသုံး ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီ Omni Focus သည် ယာဉ်လိုင်းနံပါတ် ၅၆၊ ၂၀၊ ၈၂၊ ၈၃၊ ၉၈ ၉၉၊ ၁၀၁၊ Airport-Sule အစရှိသည့် ယာဉ်လိုင်း ကိုးခုဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းကုမ္ပဏီတစ်ခု ဖြစ်သည်။


အလုပ်ထုတ်နစ်နာကြေး ကျပ် ၂၀၀,၀၀၀ ကို ယာဉ်မောင်းများဘက်က လက်မခံဘဲ အခြေခံလစာ ၃၀၀,၀၀၀ အပြင် ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခဲ့သည့်အတွက် နစ်နာကြေး (Notice ကြေး) အဖြစ် လုပ်ခတစ်လစာ စုစုပေါင်း ကျပ် ၆၀၀,၀၀၀ ရလိုကြသည်။
အလုပ်ထုတ်နစ်နာကြေးငွေပမာဏနှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် ယာဉ်မောင်းများ နှစ်ဖက်ပြေလည်မှုမရသဖြင့် ဧပြီ ၃ တွင် ကုမ္ပဏီယာဉ်မောင်း ၁၃၄ ဦးက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ကို တိုင်ကြားခဲ့ကြသည်။


မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ယာဉ်မောင်းများ၏ နောက်ဆုံးထုတ်လစာ ကျပ် ၃၀၀,၀၀၀၊ ကြိုတင်အသိမပေးဘဲအလုပ်ထုတ်သည့်အတွက် နစ်နာကြေးတစ်လစာ ၃၀၀,၀၀၀ အပြင် လူမှုဖူလုံရေးကြေး (လစာ၏ ၆၀ ရာခိုင်းနှုန်း) ၁၈၀,၀၀၀ ကျပ် စုစုပေါင်း ၇၈၀,၀၀၀ ကျပ် ပေးလျော်ရန် ဧပြီ ၂၈ နောက်ဆုံးညှိနှိုင်းမှုအပြီး ဆုံးဖြတ်ခဲ့သည်။
ကနဦး တိုင်ကြားခဲ့သည့် ယာဉ်မောင်း ၁၃၄ ဦးအနက် ၆၅ ဦးသာ ညှိနှိုင်းမှုသို့ လာရောက်ခဲ့ပြီး Omni Focus ကုမ္ပဏီဘက်က စီမံမန်နေဂျာ ဦးလှမြင့် အပါအဝင် သုံးဦး တက်ရောက်ခဲ့သည်။ ကျန်ယာဉ်မောင်းများမှာ ကုမ္ပဏီက ပြောင်းလဲကျင့်သုံးသည့် ကော်မရှင်စားစနစ်ဖြင့် ပြန်လည်လုပ်ကိုင်နေကြသည်။
သို့သော် ကုမ္ပဏီက အဆိုပါပမာဏပေးလျော်ရန် မလိုက်နာသဖြင့် ယာဉ်မောင်း ၆၅ ဦးက တိုင်းအဆင့် အလုပ်သမားခုံသမာဓိအဖွဲ့သို့ ဆက်လက်တိုင်ကြားခဲ့ကြသည်။
အလုပ်သမားခုံသမာဓိအဖွဲ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA)၊ မြန်မာနိုင်ငံအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် (CTUM) အပါအဝင် အဖွဲ့အစည်း ၁၀ ခုထံ တိုင်ကြားစာများ ပေးပို့ခဲ့ကြသည်။
အလုပ်သမားခုံသမာဓိအဖွဲ့က ယာဉ်မောင်းများ၏ တိုင်ကြားချက်ကို နှစ်လကြာ နှစ်ဘက်ကြားနာစစ်ဆေးခဲ့ပြီး ယာဉ်မောင်းများ၏ လူမှုဖူလုံရေးကြေး မပါဝင်ဘဲ နောက်ဆုံးထုတ်လစာ ကျပ် ၃၀၀,၀၀၀ ဖြင့် တွက်ချက်ကာ ကြိုတင်အသိမပေးဘဲအလုပ်မှ ရပ်စဲသည့်အတွက် တစ်လစာ ၃၀၀,၀၀၀ နှင့် ယာဉ်မောင်းများ၏ လုပ်သက်အလိုက် နစ်နာကြေးများထုတ်ပေးရန် အမိန့် ချမှတ်ခဲ့သည်။
ထို့ကြောင့် ကုမ္ပဏီဘက်က ယာဉ်မောင်း ၆၅ ဦးအတွက် ကျပ် သိန်း ၄၉၀ ကျော် ပေးလျော်ရမည် ဖြစ်သည်။ ယာဉ်မောင်းများသည် လုပ်သက်အလိုက် အနည်းဆုံးလျော်ကြေးပမာဏ ကျပ် ၄၅၀,၀၀၀ နှင့် အများဆုံး ကျပ် ၇၅၀,၀၀၀ အထိ ရရှိကြမည် ဖြစ်သည်။
အဆိုပါနစ်နာကြေးကို အမိန့်ချပြီးသည့်နေ့မှ ရက် ၃၀ အတွင်း ကုမ္ပဏီဘက်က ယာဉ်မောင်းများကို ပေးလျော်ရမည်ဖြစ်ပြီး မကျေနပ်ပါက ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ် ခံယူရန် ၇ ရက်အတွင်း လျှောက်ထားရမည် ဖြစ်သည်။
“အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးတဲ့အခါမှာတော့ မျှတပါတယ်။ နို့တစ်ကြေးကတော့ တစ်လစာပဲရမယ် ၃၀၀,၀၀၀ ပေါ့။ ကျွန်တော်ကတော့ လုပ်သက်တစ်နှစ်ကျော်ဆိုတော့ ပေါင်း ၆၀၀,၀၀၀ ရမှာပေါ့။ တစ်နှစ်မပြည်တဲ့သူကတော့ ၄၅၀,၀၀၀ ပဲရမယ်” ဟု YBS ၉၉ ယာဉ်မောင်းဟောင်း ဦးစိန်ဟန်က ပြောသည်။
ကော်မရှင်စနစ်အရ ၆၅-၃၅ အချိုး ခွဲဝေယူသည့်စနစ်မှာ ခရီးသည် မရပါက ဆီဖိုးပင် ပြန်စိုက်ပေးရမည့် အခြေအနေဖြစ်ကြောင်း၊ ကိုယ့်အတွက် ကျန်စေရန် မထသ ခေတ်ကဲ့သို့ အပြိုင်အဆိုင်မောင်းရမည့် အခြေအနေဖြစ်ကြောင်း တိုင်ကြားခဲ့သည့် ယာဉ်မောင်းအချို့က ပြောသည်။
ကုမ္ပဏီအနေဖြင့် ကော်မရှင်စားစနစ်ကို ပြောင်းလဲလိုက်သော်လည်း ကိုဗစ်နိုင်တင်းအလွန် အခြေအနေတစ်ရပ်ရောက်လျှင် လခစားစနစ်သို့ ပြန်ပြောင်းလဲသွားမည်ဟု ဦးကျော်နေဝင်းက Myanmar Now ကို ဧပြီအတွင်းက ပြောကြားထားသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ (မထသ) ကို ၂၀၁၇ နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ YRTA ကို ဖွဲ့စည်းပြီး YBS စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်။
Omni Focus သည် ယာဉ်အစီးရေ ၄၇၅ စီး ရှိသည့်အနက် ကိုဗစ်နိုင်တင်းကာလဖြစ်သည့်အတွက် လက်ရှိတွင် အစီးရေ ၅၀ ခန့်သာ ပြေးဆွဲနေသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












