'အာဏာတည်စေ'၊ 'ပုလ္လင်မြဲစေ'၊ 'ရာထူးတိုးစေ' စေတီတော်များတည်ရှိရာ နေပြည်တော်ပျဉ်းမနားအနီး မင်းဝင်တောင်ပေါ်တွင် ပြုလုပ်ကိုးကွယ်ထားသည့် ပုံပျက်ပန်းပျက် ဆင်းတုများကို ဖယ်ရှားခဲ့
ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယတြာသဘောဖြင့် လှူဒါန်းပြုလုပ်ထားသည့် ပုံပျက်ပန်းပျက်အသွင် ဗုဒ္ဓဆင်းတုများသည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မကိုက်ညီသောကြောင့် ဖယ်ရှားရန် သာသနာရေးဦးစီးဌာနက ညွှန်ကြားခဲ့သည်။
နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ၏ စိန္တာမုနိမင်းဝံတောင်ဘုရားပရိဝုဏ်အတွင်းရှိ ညာတင်ကုပ်အစီအရင် ရုပ်တုများနှင့် အမျိုးမျိုးသော ဆင်းတုများကို အစိုးရအဆက်ဆက် အပြောင်းအလဲတွင် အာဏာလက်မလွှတ်လိုသူများက ယတြာသဘောမျိုး ပြုလုပ်ကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။

ထိုဆင်းတုတော်များတွင် ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်၊ နှာခေါင်းတော်ကို ချွန်ချွန်သွယ်သွယ်ပြုလုပ်ထားပြီး နှုတ်ခမ်းတော်မှာ နှုတ်ခမ်းစူနေသည့် အသွင်၊ ဆံတော်သင်းကျစ်သည်လည်း အစဉ်အလာဆင်းတုများတွင်တွေ့ရသည့် အထုံးမဟုတ်ဘဲ အချွန်အတက်ပြုလုပ်ထားသည်ကို တွေ့ရသည်။
အထူးခြားဆုံးမှာ ဗုဒ္ဓ၏ ဘယ်ဖက်လက်တော်အား တင်ပလ္လင်နောက်သို့ ကိုးရိုးကားယား ပြောင်းပြန်အနေအထားဖြင့် ထားရှိခြင်းဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများ၏အာဏာ ဆက်လက်အဓွန့်ရှည်စေရန် ယတြာသဘောဆောင်သည့် စေတီတော်များမှာမူ ယခုအချိန်ထိဘုန်းကြီးကျောင်းဝန်းအတွင်း တည်ရှိနေသည်ကို တွေ့ရသည်။


ကြည်ညိုဖွယ်မဆောင်သော မုဒြာပုံစံများဖြစ်နေခြင်းကြောင့် သာသနာရေးဦးစီးဌာနက နေပြည်တော်သံဃာ့မဟာနာယကထံ လျှောက်ထားပြီးနောက် ဆရာတော်များက ဇူလိုင် ၆ ရက် နောက်ဆုံးထားဖယ်ရှားရန် ဆုံးဖြတ်ကြောင်းကို အဆိုပါဆင်းတုတော်များတည်ထားသည့် မင်းဝင်တောင်ပေါ်ရှိ စိန္တာမုနိကျောင်းတိုက်မှ အရှင်စန္ဒိမာသာရကို ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက Myanmar Now ကို ပြောသည်။
“အဲဒီမုဒြာတွေက ကျွန်တော်တို့ ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဟန်ပန်အမူအရာတွေမဟုတ်ဘူးခင်ဗျ။ အဲ့ဒါတွေက ယတြာလိုလို၊ နတ်လိုလိုနဲ့ လုပ်ထားတဲ့၊ ထုဆစ်ထားတဲ့ ရုပ်ပွားတော်တွေပဲ ဖြစ်တယ်။ ထေရဝါဒဗုဒ္ဓသာသနာတော်နဲ့ မအပ်စပ်ဘူးပေါ့ဗျာ”ဟု ၎င်းက ပြောသည်။


အဆိုပါ ရုပ်တုများရှိနေခြင်းကို၂၀၁၇ ကတည်းက ဝန်ကြီးဌာနက သိရှိထားခြင်းဖြစ်ကြောင်း ဦးဇာနည်ဝင်းက ပြောသည်။ “အခု ဂဏနနသိတယ်၊ သိတဲ့အတွက် သက်ဆိုင်ရာဆရာတော်တွေကို လျှောက်ထားပြီး ရှင်းလင်းဆောင်ရွက်ဖို့ လုပ်တာပါ”ဟု ၎င်းက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သီးခြားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ရာ ထိုကြေညာချက်တွင် "၎င်းရုပ်ပွားတော်များသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီမှုမရှိခြင်း၊ လောကီအကျိုးစီးပွားအတွက် ဗေဒင်ယတြာအစီအမံများနှင့် ပေါင်းစပ်ပြုလုပ်ထားခြင်း၊ အခြားဘာသာအယူဝါဒများ လွှမ်းမိုးရောယှက်နေခြင်း၊ ကြည်ညိုဖွယ်မဆောင်ခြင်း၊ မြင်ရသူတို့၏ ကြည်ညိုစိတ်ကို ထိခိုက်စေခြင်းကြောင့် မြတ်စွာဘုရားရှင် ၄၅ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့သော အေးချမ်းသည့် ပုံရိပ်တို့နှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရပါသည်။ စိန္တာမုနိကျောင်းဆရာတော် ဦးစန္ဒိမာသာရ(၈၁နှစ်၊၃၃ဝါ) သည် တောထွက်ရဟန်းတစ်ပါးဖြစ်ပြီး ပိဋကတ်စာပေတတ်ကျွမ်းမှုမရှိခြင်း၊ အလှူရှင်များ၏ ကိုယ်ကျိုးစီးပွားအတွက် စီးပွားဥစ္စာ အာဏာများရရှိစေရန် လောကီအစီအမံများပေါင်းစပ်၍ ရုပ်ပွားတော်များကို ပြုလုပ်စေခြင်းဖြစ်ပါသည်" ဟု ဖော်ပြထားသည်။
စေတီဝင်းထဲရှိ အလှုရှင်များတွင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေမိသားစုအပြင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမောင်ဘိုမိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်၏သမီးဖြစ်သူ စန္ဒာအောင်မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမိသားစု၊ ယခုအချိန်တွင် အဂတိမှုဖြင့် တရားရင်ဆိုင်နေရသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ချုပ်ဟောင်းဦးသန်းထွဋ်မိသားစု၊ လမ်းဦးစီးဌာန ဒုညွှန်ချုပ်ဦးအောင်မြင့်ဦးမိသားစု၊ ရဲမှုးချုပ်သန်းတင်အောင်မိသားစုနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်တေဇကျော်၏ မိသားစုနာမည်များလည်း တွေ့ရှိရသည်။ ယခင်ကရှိခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်း၏မိသားစုက လှူဒါန်းထားသည့် အလှူရှင်ဆိုင်းဘုတ်ကိုမူ မတွေ့ရပေ။ အလှူရှင်ဆိုင်းဘုတ်အများအပြားတွင် အခြားပြင်ပကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ လှူဒါန်းမှုများလည်းရှိသည်။
အဆိုပါ ကျောင်းတိုက်အတွင်းတွင် 'အာဏာတည်စေ'၊'လွှတ်တော်မြဲစေ'၊'ပုလ္လင်မြဲစေ'၊'ရာထူးတိုးစေ' ဟူသော ဗုဒ္ဓဘာသာသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိဖူးသည့် စေတီအမည်များလည်းရှိပြီး အလှူရှင်နာမည်နှင့် နီးနီးစပ်စပ်တူသော စေတီနာမည်အချို့ကိုလည်း တွေ့ရသည်။
ထိုစေတီတော်များနှင့် ဗုဒ္ဓသာသနာနှင့် မအပ်စပ်သည့် အစီရင်သဖွယ် ခြင်္သေ့ရုပ်များ၊ ကဒေါင်းရုပ်များနှင့် မင်းညီလာခံအစည်းအဝေး ကျင်းပနေဟန် ရုပ်တုများရှိနေခြင်းအပေါ် ဝန်ကြီးဌာန၏ သဘောထားကို Myanmar Now က မေးမြန်းသည့်အခါ “မကိုက်ညီဘူးဆိုရင်ရှင်းရမှာပါ၊ မကိုက်ညီတဲ့ အကြောင်းတရားကို ရှင်းလင်းရမှာဖြစ်ပါတယ်"ဟု ဦးဇာနည်ဝင်းက ပြောသည်။
စိန္တာမုနိကျောင်းတိုက်နှင့် နီးစပ်သူတစ်ဦးကလည်း“ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သူတို့တပည့်တွေ၊ ကိုယ်ရေးအရာရှိတွေ လာတယ်လေ။ သူတို့နှစ်ဦးကတော့ အဓိကပေါ့။ ဆရာတော်က ၈၃နှစ်ရှိပြီ။ နှစ်လပိုင်းကပြည့်သွားတာ”ဟု Myanmar Now ကို ပြောသည်။
လက်ရှိ အစိုးရဝန်ကြီးများဖြစ်သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးဦးလှကျော်လှူဒါန်းထားသည့် စေတီများကို ထိုကျောင်းဝင်းအတွင်း တွေ့ရသည်။
စိန္တာမုနိကျောင်းတိုက်အနီး Myanmar Now ၏ စုံစမ်းမေးမြန်းမှုအရ အဆိုပါ ကျောက်ဆင်းတုတော်အချို့ကို ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်အတွင်းဖယ်ရှား၍ အသစ်လဲလှယ်ခဲ့ပြီးဖြစ်ကြောင်းသိရသော်လည်း ဖယ်ရှားခဲ့သည့်အရေအတွက်ကိုမူ အတည်မပြုနိုင်ခဲ့ပေ။
ဆရာတော် အရှင်စန္ဒိမာသာရနှင့် တွေ့ဆုံမေးမြန်းခွင့်ရရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ဘဲ ကျောင်းဝန်းအတွင်း Myanmar Now၏ လေ့လာချက်အရ ဆင်းတုတော်အသစ် ၁၅ ဆူထက်မနည်းရှိပြီး အလှူရှင်ကမ္ပည်းစာများကိုလည်း ဖယ်ရှားထားကြောင်းတွေ့ရသည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် အလှူရှင်ကမ္ပည်း၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟု ရေးထားသော ယခင်ဆင်းတုတော်တည်ရှိရာ ပလ္လင်တွင် ရုပ်ပွားတော်အသစ်တစ်ဆူရှိပြီး အလှူရှင်ကမ္ပည်းစာကိုလည်း ဖြုတ်ထားကြောင်းတွေ့ရသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးထံ Myanmar Nowက မေးမြန်းရာ “ဖယ်ရှားခြင်း၊ မဖယ်ရှားခြင်းကတော့ သာသနာရေးက ဆောင်ရွက်နေတာပေါ့။ ခုက ဟုတ်လား။ သာသနာရေးကဆောင်ရွက်တာက သူတို့ ဘယ်လိုဟာမျိုးလဲတော့ မသိဘူး။ ဒါကို ခုမှသိတာ။ ဒါနဲ့ပတ်သက်ပြီးတော့ လေ့လာလိုက်ပါဦးမယ်” ဟု ပြောသည်။
အဆိုပါကျောင်းတိုက်အတွင်း ယတြာချေရန် ဆင်းတုများနှင့် ထူးခြားရုပ်တုများ ပြုလုပ်ကိုးကွယ်ခြင်းသည် နေပြည်တော်မပေါ်ပေါက်ခင်ကတည်းက စတင်ခဲ့သည်ဟု တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်ပြီး အရှင်စန္ဒိမာသာရနှင့်လည်း ရင်းနှီးကျွမ်းဝင်မှုရှိသည့် ပျဉ်းမနားမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
"အဓိကတော့ နေပြည်တော်က ဝန်ကြီးဝန်ကလေး ကတော်တွေကိုးကွယ်ရာကနေ စနာမည်ကြီးတာပဲ။ ရာထူးဌာနန္တရ လက်လွှတ်မှာစိုးတဲ့သူတွေ ကိုးကွယ်ကြတာပေါ့၊ ညာတင်ကုပ်ပေါ့၊ အမှန်တကယ်စခဲ့တာကတော့ ပျဉ်းမနားမှာ စခက (၆) အဖြစ် တာဝန်ကျခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်ဘို (အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို) လက်ထက်ကပဲ" ဟု ၎င်းက ပြောသည်။
ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရတက်လာချိန်တွင် ရရှိထားသောအာဏာ လက်မလွတ်စေရေးအတွက် စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းက ယတြာချေကြသည့်အတွက် ရုပ်တုအရေအတွက် ပိုမိုများပြားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပျဉ်းမနားဒေသခံက ပြောသည်။
"ဥပမာဆို လက်ရှိ အလုပ်သမားဝန်ကြီး ဦးသိန်းဆွေ (ဗိုလ်ချုပ်သိန်းဆွေ) နဲ့ သူ့ဇနီး ဒေါ်မြသိင်္ဂီတို့ပေါ့။ ဝန်ကြီးချုပ်ဦးသိန်းစိန်အစိုးရလက်ထက်၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အထိ အစိုးရသုံးဆက်တိုင် ဝန်ကြီးဖြစ်တယ်။ ယတြာအောင်တယ်ဆိုပြီး လိုက်ကိုးကွယ်ကြတာပဲ" ဟု ၎င်းက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














