ဖားကန့်မြေပြိုမှု ကချင်နယ်လုံဝန်ကြီးနှင့် တပ်မှူးတစ်ဦးကို အရေးယူ

လူ ၁၇၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည့် မြေပြိုမှု ဖြစ်ပွားရာနယ်မြေနှင့် ပတ်သက်ပြီး တာဝန်ပျက်ကွက်မှုကြောင့် အရေးယူထားခြင်းဖြစ်သည်ဟု တပ်မတော်က ထုတ်ပြန်သည်

Published on Jul 6, 2020
ဖားကန့်မြေပြိုမှုတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရခဲ့သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လူကယ်ပြန်ဝန်ကြီးဌာနက ဇူလိုင် ၅တွင် ထောက်ပံ့မှုပေးစဉ် (ဓာတ်ပုံ- Prof Win Myat Aye ၏ Facebook)
ဖားကန့်မြေပြိုမှုတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရခဲ့သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လူကယ်ပြန်ဝန်ကြီးဌာနက ဇူလိုင် ၅တွင် ထောက်ပံ့မှုပေးစဉ် (ဓာတ်ပုံ- Prof Win Myat Aye ၏ Facebook)

လူ ၁၇၀ ကျော် သေဆုံးစေခဲ့သည့် ဖားကန့်မြေပြိုမှုနှင့် ပတ်သက်ပြီး ကျောက်မျက်လုပ်ကွက်နယ်မြေအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို အရေးယူလိုက်ကြောင်း တပ်မတော်က ယနေ့ ထုတ်ပြန်သည်။ 

အရေးယူခံရသည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး လစ်လပ်နေရာအတွက် အစားထိုးခန့်အပ်ရန် ဆောင်ရွက်နေသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“လုံခြုံရေးအရ တာဝန်ရှိတာကို တာဝန်အတိုင်း မတင်ပြခဲ့မှု” ကြောင့် အဆိုပါ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်မှူးကို အရေးယူခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။ 

“အဲ့ဒီနယ်မြေအတွင်းမှာ တားဆီးထားတဲ့နယ်မြေ ရှိတယ်၊ ကန့်သတ်ထားတဲ့နယ်မြေ ရှိတယ်။ တားဆီး၊ ချိုးဖောက်တာတွေရှိတယ်ဆိုရင် သူတို့အနေနဲ့ လုံခြုံရေးအရ တင်ပြဖို့အတွက် တာဝန်ရှိတယ်။ လုံခြုံရေးအရ စစ်ဆေးဖို့ တာဝန်ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း စုံစမ်းစစ်ဆေးလျှက် ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှာ ဗိုလ်မှူးကြီးနေလင်းထွန်းဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာတွင် အဆိုပါရာထူးတာဝန်ကို စတင်ယူခဲ့သူ ဖြစ်သည်။

ဇူလိုင် ၂ မနက်အစောပိုင်းက ဖားကန့် မြို့နယ် ဝှေခါမှော်နေရာ၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ကျော် မျောပါသွားခဲ့ကာ ၎င်းတို့အနက် ၁၇၂ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်သည် လူသေဆုံးမှုအများဆုံး ဖားကန့်မြေပြိုမှုတစ်ခုလည်း ဖြစ်သည်။ 

မြေပြိုခဲ့သည့်နေရာသည် ၂၀၁၉ အရှေ့ပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့သောလုပ်ကွက်များနှင့် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ သက်တမ်းရှိနေသေးသော လုပ်ကွက်နေရာများ ဖြစ်သော်လည်း သက်တမ်းကုန်ပြီး ဆက်လက်တူးဖော်နေခြင်းမျိုး မရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်က Myanmar Now ကို ပြောသည်။ မည်သည့်ကုမ္ပဏီများ၏ လုပ်ကွက်များ ဖြစ်သည်ကိုမူ မဖြေကြားခဲ့ပါ။ 

ထို့အပြင် မြေပြိုမှုမှာ မြေစာပုံပြိုကျခြင်း မဟုတ်ကြောင်း၊ ဇွန်လလယ်မှစကာ ဖားကန့်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဝှေခါလုပ်ကွက် အနောက်ဘက် ပေ ၃၀၀ ခန့်အကွာ မောက်ဖာတောင်မှ အလျား ပေ ၂၀၀၊ အနံ ပေ ၁၀၀၊ အမြင့် ပေ ၄၀၀ ရှိ မြေလွှာပြတ်ကျခဲ့ပြီး အရှေ့ဘက် ပေ ၄၀၀ အကွာရှိ တူးဖော်ပြီး ကျင်းဟောင်းရေကန်အတွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

သို့သော် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ အဆိုအရ မြေပြိုသည့်နေရာမှာ ဧက ၁၀၀ ကျော် အကျယ်အဝန်းရှိပြီး တစ်သုံးလုံး ၊ ဧရာရတနာနှင့် ရတနာကြယ်ကုမ္ပဏီတို့၏ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဖြစ်သည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖားကန့်မြေပြိုမှုသည် နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စဖြစ်ပြီး ကွယ်လွန်သွားသူများအနက် တရားမဝင်တူးဖော်သူများ အများအပြား ပါဝင်ကြောင်း၊ တရားမဝင် ကျောက်တူးနေရသည်မှာ တရားဝင် အလုပ်ရှာရန် အခက်အခဲကြောင့်ဖြစ်သည်ဟု ကိုဗစ်နိုင်တင်းနှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ်သက်ရောက်မှုများ အွန်လိုင်းစကားဝိုင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဒေသ၌ နှစ်စဉ်ဖြစ်ပွားနေသည့် မြေပြိုမှုများကို ဖြစ်သည့်အခါမှသာ ဖြေရှင်းသည့်ပုံစံမျိုးသည် အလုပ်မဖြစ်ကြောင်း၊ နောက်နောင် ဖြစ်လာဦးမည့် အခြေအနေဖြစ်သည့်အတွက် ကျောက်စိမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများ အားလုံးပါဝင်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးတွင် ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက Myanmar Now ကို ပြောသည်။ 

“နည်းဥပဒေတွေ၊ မူဝါဒတွေ ကြိုက်သလောက် ထွက်ပါ။ ဒါတွေအားလုံးသည် (အောက်ခြေ) မှာ အသက်မဝင်ဘူးဆိုရင် ဘာပဲလုပ်လုပ် အဖြေထွက်မှာမဟုတ်ဘူး” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။ 

ဖားကန့်ဒေသနှင့် ပတ်သက်ပြီး လက်ရှိအစိုးရသည် လုပ်ကွက်များ ရပ်ဆိုင်းခဲ့သည်ကလွဲ၍ အခြားသိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုမျိုး မလုပ်ခဲ့သည့်အတွက်လည်း ဝေဖန်ခံနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အကျိုးစီးပွားပဋိပက္ခ

မြေပြိုမှုဖြစ်စဉ်အတွက် သမ္မတဦးဝင်းမြင့်က ဇူလိုင် ၃ တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးထွန်းဇော်တို့ကို အသီးသီး ခန့်အပ်ခဲ့သည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ 

မြေပြိုသည့်နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးရာ မြေပြိုကျမှုဖြစ်စဉ်သည် ရေမဆေးကျောက်ရှာဖွေသူများ၏ လောဘ အပါအဝင် အချက်နှစ်ချက်ကြောင့် ဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူထားသူ သယံဇာတဝန်ကြီး ဦးအုန်းဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။

“တစ်က မြေပြိုတာပေါ့ဗျာ။ ပြိုတာက သဘာဝမြေကြီး။ ဖို့တဲ့မြေ မဟုတ်ဘူးနော်။ မိုးကလည်း ရွာတယ်။ အဲ့ဒီမှာ ဖော့လိုင်း (fault line) ရှိတယ်။ မြေက ပြိုလွယ်တဲ့မြေသား ဖြစ်တယ်။ မိုးကလည်း အဆက်မပြတ် ရွာတယ်လို့သိရတယ်။ အဲ့ဒါတွေက ပေါင်းစပ်သွားတာ၊ တစ်အချက်က။ နှစ်အချက်ကတော့ ဒီမှာက ဇွန်လ ၂၀ ရက်ကတည်းက သတိပေးထားတယ်။ လောဘပေါ့။ ဒါတွေရှာကြတော့ ဖြစ်ကြတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။ 

ထို့အပြင် အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်ပတ်သက်ပြီး Justice for Myanmar လူ့အခွင့်အရေးအဖွဲ့က အကျိုးစီးပွားပဋိပက္ခဆိုင်ရာကိစ္စများကိုလည်း ထောက်ပြထားသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တွင် တစ်ဦးတည်း ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူများအနက် တစ်ဦးဖြစ်သည့်အတွက် ဖားကန့်အပါအဝင် ကျောက်စိမ်းလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေကြောင်း၊ ထိုကဲ့သို့ အကျိုးစီးပွားပဋိပက္ခရှိနေသည့်အတွက် ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ နုတ်ထွက်ပေးရန် လိုသည်ဟု Justice for Myanmar က ဇူလိုင် ၆ တွင် တောင်းဆိုခဲ့သည်။ 

MEITI ၏ ၂၀၁၇-၁၈ အစီရင်ခံစာအရ ဦးပိုင်၏ စီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် Myanmar Imperial Jade ကုမ္ပဏီသည် ကျောက်စိမ်းလိုင်စင် ၃၉၇ ခု ပိုင်ဆိုင်ထားပြီး ကျောက်စိမ်းလိုင်စင် အများဆုံးကိုင်ဆောင်ထားသည့် ကုမ္ပဏီဖြစ်သည်။  

ကျောက်မျက်ရတနာတူးဖော်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် ဆယ်စုနှစ်ချီလုပ်ပိုင်ခွင့်များဖြင့် တူးဖော်နေကြကာ ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသော်လည်း လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သည်ဟုလည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဇူလိုင် ၃ တွင် ထုတ်ပြန်ခဲ့သည်။ 

မင်းမင်း ပူးပေါင်းရေးသားသည်

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading