လူ ၂၀၀ ကျော်မျောပါခဲ့သည့် မြေပြိုကျမှုဖြစ်စဉ်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒဏ်ရာရရှိသူအရေအတွက်မှာလည်း ၅၄ ဦးအထိရှိနေသည်
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းနယ်မြေတွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုတွင် ယနေ့ နံနက် ၁၁ နာရီခွဲအထိ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာရှိ မြန်မာတကောင်းကုမ္ပဏီ ကျောက်လုပ်ကွက်အတွင်း ဇူလိုင် ၂ နံနက်ပိုင်းက ပေတစ်ထောင်ခန့် မတ်စောက်မြင့်မားသည့် မြေစာပုံပြိုကျခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀၀ ကျော် မျောပါသွားခဲ့သည်။

လက်ရှိအထိ မြေစာပုံပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၅၄ ဦးကို ဖားကန့်ဆေးရုံနှင့် ဝှေခါတိုက်နယ်သို့ ပို့ဆောင်ပေးထားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့အခြေအနေမှာ ရှာဖွေကယ်ဆယ်ရေးထက် ရုပ်အလောင်းပေါ်လာသမျှကို ဆယ်ယူမှုဆောင်ရွက်နေကြကြောင်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။
"ဒဏ်ရာရရှိသူကတော့ အရေးပေါ်ပို့ ဘာပို့နဲ့ဆိုတော့ ခန့်မှန်းခြေကတော့ ၄၀ နဲ့ ၅၀ ကြားမှာ ရှိတယ်” ဟု ဦးရွှေသိန်းက ပြောသည်။
ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များအနေဖြင့် ဇူလိုင် ၁ မှ စတင်ကာ သုံးလအထိ ပိတ်သိမ်းရန်နှင့် ခိုးယူတူးဖော်ခြင်းမပြုရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန် ၂၆ တွင် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လုပ်ကွက်ဟောင်းများအတွင်းသို့ ရေမဆေးသမားများက ဝင်ရောက်တူးဖော်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


မြေပြိုကျသောနေရာသည် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအတွင်း လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများ ဖြစ်သည်။
ဖားကန့်ကျောက်စိမ်းနယ်မြေအတွင်း အဆိုးရွားဆုံးမြေပြိုမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကဖြစ်ပြီး လူ ၁၁၄ ဦးအထိ သေဆုံးခဲ့ရာ ယခုဖြစ်စဉ်မှာ ပိုများသော သေဆုံးမှု ဖြစ်သည်။
Humanity Institute အဖွဲ့နှင့် ကချင်အမျိုးသားလူမှုဖွံဖြိုးရေးဖောင်ဒေးရှင်း(ဖားကန့်) တို့ ရေးသားပြုစုထားသည့် "ဘဝနှင့်ရင်းသော ကျောက်စိမ်း” အမည်ရှိ အစီရင်ခံစာအရ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းလုပ်ငန်းလုပ်ကွက်များအတွင်း ၂၀၁၄ မှ ၂၀၁၈ အထိ မြေပြိုမှုများကြောင့် လူဦးရေ ၅၀၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












